သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုသမ္မတ ကုလအထွေထွေညီလာခံ ရခိုင်အရေးရှင်းလင်း


အခုကျင်းပဆဲ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ ဒုသမ္မတ ဟန်နရီဗန်ထီးယူက ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ မိန့်ခွန်းပြောကြားရာမှာ စက်တင်ဘာ (၁၉)ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနေ နေပြည်တော်မှာ သံတမန်တွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းပါ အဓိက အချက်တွေကို ကောက်နုတ် တင်ပြသွားပါတယ်။

ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက နောက်ဆုံးဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြသူတွေနဲ့ ဘေးဒုက္ခရောက်တဲ့ လူ့အဖွဲ့အစည်း တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ မြန်မာအစိုးရက စိုးရိမ်ပြီး စိတ်မကောင်းဖြစ်မိကြောင်း၊ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း၊ ရခိုင်ပြည်နယ်တဝန်း ငြိမ်းချမ်းရေး တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိဖို့ အစိုးရအနေနဲ့ သံဓိဌာန်ခိုင်မာတဲ့အကြောင်း၊ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ လိုက်နာရမယ့် စည်းမျဉ်းတွေအရ တင်းတင်းကြပ်ကြပ် လိုက်နာဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ နှစ်ဖက်တိုက်ခိုက်မှုကြောင့် မလိုအပ်တဲ့ ပျက်စီးမှုများ မဖြစ်စေဖို့နဲ့ အပြစ်မဲ့တဲ့ အရပ်သားတွေ ဘေးအန္တရာယ်မကျရောက်စေဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ညွန်ကြားထားပါတယ်။

ဒါအပြင် လုံခြုံရေးဆောင်ရွက်တဲ့နေရာမှာ စည်းကမ်းစနစ်နဲ့အညီလုပ်ဆောင်ဖို့၊ မသက်ဆိုင်သူတွေကို မထိခိုက်စေအောင် သတိထားဆောင်ရွက်ဖို့လည်း ပြောကြားထားတယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုကို ချိုးဖောက်တဲ့ မည်သူမဆို အရေးယူသွားမှာဖြစ်တဲ့အကြောင်းနဲ့ ပဋိပက္ခကြောင့် ဒုက္ခရောက်ကြသူတွေအားလုံးအတွက် လွန်စွာ စိတ်မကောင်းဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ် အခြေအနေဟာ သူတို့အစိုးရ တက်လာတဲ့အချိန်ကစပြီး ဦးစားပေးဆောင်ရွက်လာတဲ့ ကိစ္စတရပ်ဖြစ်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူ့အဖွဲ့အစည်းတွေကြား ချစ်ကြည်ရင်းနှီးမှု ပြန်လည်ရရှိဖို့ အစိုးရအနေနဲ့ ကြိုးပမ်းနေကြောင်း ဒုသမ္မတ ဟန်နရီဗန်ထီးယူက ပြောကြားခဲ့ပါတယ်။
၂၀၁၇ သြဂုတ်လ ၂၄ ရက်နေ့က ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာကို အစိုးရက ကြိုဆိုခဲ့ပြီး အကောင်အထည်ဖေါ်ဖို့ ကြိုးပမ်းနေကြောင်း၊ ယနေ့ကမ္ဘာကို ပြောကြားခွင့်ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်သမားတွေ လုံခြုံရေးစခန်းပေါင်း ၃၀ ကိုဝင်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် လူသေဆုံးမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေ၊ ဘေးဒုက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တာကို ဒုတိယသမ္မတ ဟန်နရီဗန်ထီးယူက ရှင်းလင်းခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး လွန်စွာစိုးရိမ်မကင်းဖြစ်နေကြောင်းလည်း သူက ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပြီး စက်တင်ဘာလ (၅)ရက်နေ့က စလို့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ရပ်စဲသွားတဲ့အတွက် အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာပြီဖြစ်ပေမယ်လို့လည်း တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေကြတဲ့ မွတ်စလင်အရေအတွက်ဟာ တိုးနေတဲ့အပေါ်မှာလည်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်းနဲ့ ဘာကြောင့်ဒီလိုထွက်ပြေးတာကို သိလိုတဲ့အကြောင်း၊ တချိန်တည်းမှာပဲ ကျေးရွာတွေမှာ မွတ်စလင်အများစုထွက်မပြေးပဲ ရှိနေကြောင်းကိုတော့ လူတွေသိတာ နည်းပါးကြောင်း သူ့မိန့်ခွန်းမှာ ထောက်ပြသွားပါတယ်။

ဒါအပြင် အရေးကြီးတဲ့ လူသားချင်းစာနာမှုအကူညီတွေ လိုအပ်နေသူတွေဆီ ထောက်ပံဖို့က သူ့အစိုးရရဲ့ ထိပ်တန်းဦးစားပေးမှုတရပ်ဖြစ်ကြောင်း၊ ရခိုင်အကြံပေးကောင်မရှင်ရဲ့ အကြံပေးချက်တွေဟာ မြန်မာအစိုးရအတွက် ရှင်းလင်းတဲ့ လမ်းပြမြေပုံ တရပ်ဖြစ်ပြီး အကောင်အထည်ဖေါ်ဖို့ ကော်မတီတရပ်ငိူ ဖွဲ့စည်းခဲ့ပြီး ပြီးခဲ့တဲ့ သတင်းပတ်ကလုပ်ငန်းတွေစတင်အကောင်အထည်ဖေါ်နေပြီးဖြစ်တဲ့အကြောင်း မြန်မာဒုသမ္မတက ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ တိုးတက်မှုတွေရရှိခဲ့ပေမယ့် ရှေ့လမ်းခရီးဟာ ခက်ခဲမယ့်အကြောင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ထိလွယ်ရှလွယ်တဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် အခုလိုအရေးကြီးတဲ့ အချိန်အခါမှာ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ဒီမိုကရေစီရရှိရေးအတွက် မြန်မာနိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုများကို နိုင်ငံတကာလူ့အဖွဲ့အစည်းက ထောက်ခံအားပေးဖို့ မေတ္တာရပ်ခံတဲ့အကြောင်းလည်း ဒုတိယသမ္မတ ဟန်နရီဗန်ထီးယူက သူရဲ့မိန့်ခွန်းနိဂုံးမှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG