ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ရဲ့ မူလနေရာတွေကိုပဲဖြစ်ဖြစ်၊ သူတို့ရွေးချယ်တဲ့နေရာကိုပဲ ဖြစ်ဖြစ် ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်း ဂုဏ်သိက္ခာရှိစွာ ရေရှည်ခိုင်မာတဲ့နည်းလမ်းနဲ့ ပြန်နိုင်ရေး အခြေအနေတွေ ဖန်တီးရေး ကို အားပေးတဲ့ UNHCR ၊ UNDP နဲ့ မြန်မာအစိုးရတို့ကြား နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးတာကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန်လ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တရပ်မှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ရဲ့ထုတ်ပြန်ချက်ထဲမှာ ရိုဟင်ဂျာဒုက္ခသည်လို့ သုံးနှုန်းထားပေမဲ့ မြန်မာအစိုးရက ဒီအသုံးအနှုန်းကို အသိအမှတ်မပြုဘဲ တရားဝင် ပြောဆိုသုံးစွဲတာမျိုး မရှိပါဘူး။
ဒါဟာ အပေါင်းလက္ခဏာဆောင် အဆင့်တခုဖြစ်ကြောင်း၊ ဒီ MoU ကို ယုံကြည်မှုတည်ဆောက်ရေး လုပ်ဆောင်ချက်တခုအဖြစ် မိမိတို့ ရှုမြင်ပါကြောင်း၊ ဒါကို ထိရောက်စွာ အကောင်အထည်ဖော်မယ်ဆိုရင် သက်ဆိုင်ရာ လူမှုအဝန်းအဝိုင်းအားလုံးကို သိပ်လိုအပ်နေတဲ့ လူသားစာနာမှုအကူအညီတွေ ရောက်နိုင်မှာဖြစ်သလို ကိုယ့်သဘောနဲ့ကိုယ် နေရပ်ရင်းပြန်နိုင်ရေး လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးတာမှာ မြန်မာနိုင်ငံကို အထောက်အကူဖြစ်စေပြီး ရခိုင်ပြည်နယ်မှာနေထိုင်သူအားလုံးရဲ့ အကျိုးစီးပွား အတွက် ပြန်လည်ထူထောင်ရေးနဲ့ ခံနိုင်ရည်ရှိမှုအပေါ်အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူဖြစ်စေပါမယ်လို့လည်း နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကိုဖီ အာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ရေး UNHCR ၊ UNDP တို့နဲ့အတူ လက်တွဲလုပ်ဆောင်မယ့် သန္နိဋ္ဌာန်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်လို့လည်း ပြောခွင့်ရ Heather Nauert ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။