ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener အနေနဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံတကာက အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်အရေး အပါအဝင် စစ်ဖြစ်ပွားနေဆဲ ကချင်၊ ရှမ်းနဲ့ နိုင်ငံရေး စိန်ခေါ်မှုအကြပ်အတည်းတွေ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ ကုလဘက်က ပေါင်းကူးတံတားအသွင်နဲ့ ညှိနှိုင်းဖြေရှင်း အဖြေရှာသွားဖို့ ရှိကြောင်းနဲ့ နေပြည်တော်မှာ အခြေစိုက်ရုံးခန်းဖွင့်လှစ်သွားပြီး မြန်မာ့အရေးထဲထဲဝင်ဝင် အနီးကပ်စောင့်ကြည့်လေ့လာဆောင်ရွက်သွားမယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ်တချို့နဲ့သီးသန့်တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ်ရဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ငြိမ်းချမ်းရေး၊ ဘာသာရေး၊ လူမှုရေး နိုင်ငံရေး သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ လက်ရှိအခြေအနေကို လေ့လာအကဲခတ်ခဲ့တာပါ။ အထူးအကြံပေးပုဂ္ဂိုလ်အနေနဲ့ အရပ်သားအစိုးရ လက်ထက် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရဆဲ အသွင်ကူးပြောင်းကာစ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်ပြောင်းလဲမှုမှာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့အတွက် နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်တွေကိုလည်း တလေးတစား နားထောင်ဆွေးနွေးသွားခဲ့တယ်လို့ ကိုယ်တိုင်တွေ့ဆုံခဲ့သူ ဒေါက်တာခင်ဇော်ဝင်းကို မဆုမွန် ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုပြောပါတယ်။
ဒေါက်တာခင်ဇော်ဝင်း။ ။ ပြောမယ်ဆိုရင် သံတမန်အနေနဲ့ မြန်မာပြည်ကို ပထမဦးဆုံးအကြိမ်လာတာ ။ လေ့လာတုန်းပဲရှိသေးတယ်တဲ့ သူ့အဓိက တာဝန်ကိုတော့ ဘယ်လိုမြင်သလဲဆိုရင် ပေါင်းကူးတံတားပေါ့လေ သူ့အနေနဲ့ ဆောင်ရွက်ဖို့ မြင်ပါတယ်တဲ့။ အခုပထမဦးဆုံးတခေါက်ကိုတော့ တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့်တွေ့လိုက်ပါတယ်။
မဆုမွန်။ ။ ဒေါက်တာခင်ဇော်ဝင်းတို့နဲ့ တွေ့ဆုံပြီး မြန်မာပြည်ရဲ့အရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေများဆွေးနွေးတိုင်ပင်သွားတာမျိုးရှိပါသလဲ။
ဒေါက်တာခင်ဇော်ဝင်း။ ။ အများကြီးပါ သူက မနက်ဖြန်ပြန်မယ်ဆိုတော့ ကျနော်တို့က နောက်ဆုံးလိုဖြစ်နေတာပေါ့နော် ကျနော်တို့နဲ့ မတွေ့ခင် Peace Center ကိုသွားတယ် တွေပစရာရှိတဲ့လူတွေနဲ့ တွေ့တယ် ။ နောက်ပြီး special envoy အနေနဲ့ နေပြည်တော်မှာ ရုံးဖွင့်မယ် အဲဒါကလည်း ထူးခြားချက်တခုပဲ။ လွန်ခဲ့တဲ့ နှစ်တွေ တော်တော်များများက ကုလသမဂ္ဂအနေနဲ့က မြန်မာပြည်မှာ ရုံးဖွင့်ချင်တာကို မြန်မာအစိုးရက လက်မခံဘူး။ အခုတော့ မြန်မာအစိုးရက special envoy ရုံးကို နေပြည်တော်မှာ ဖွင့်ခွင့်ပေးတယ်။
မဆုမွန်။ ။ အဲဒီတော့ ခုနကပြောခဲ့သလို သူ့အနေနဲ့ ပေါင်းကူးတံတားပုံစံမျိုး ညှိနှိုင်းပြီးဆောင်ရွက်သွားမယ့်အနေအထားလည်းရှိတယ်ဆိုတော့ အခုလာတဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများမြင်မိပါသလဲ။
ဒေါက်တာခင်ဇော်ဝင်း။ ။ အဲဒါလည်း သူပြောပါတယ် မောင်တောအထိ သူ့ကိုသွားခွင့်ပေးတယ်ပေါ့။ ဟိုကအခြေအနေက တော်တော်ဆိုးနေတယ်ဆိုတာကို သူပြောတယ်လေ။ ဒါပွင့်ပွင့်လင်းလင်းပြောတာ ကျနော်တို့ကတော့ ရခိုင်ကိစ္စတခုတည်းပြောတာမဟုတ်ဘူး။ အကုန်လုံးခြုံပြီးတော့ ပြောလိုက်တယ် ကချင်မှာဖြစ်နေတဲ့အခြေအနေတွေ ၊ ရှမ်းမှာဖြစ်နေတဲ့အခြေအနေ၊ စီးပွားရေး အခြေအနေ၊ ပါတီတွေ ဖြစ်နေတဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်းပြောတယ်။ ပထမဦးဆုံးခရီးစဉ်တခုအနေနဲ့ကတော့ အကောင်းဘယ်ကို မြင်ပါတယ်။ မြန်မာပြည်မှာ အရင်ကလာတဲ့ ကိုယ်စားလှယ်အမျိုးမျိုးလည်း ရှိခဲ့ပြီးပြီ ကုလသမဂ္ဂဘက်က ။ အခြေအနေသိပ်မကောင်းဘူး ဒါက အမှန်အတိုင်းပြောရမှာပဲ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ။ မြန်မာပြည်အတွက်ကလည်း နောက်ဆုံးဒီနည်းလမ်းပဲ ရှိတော့တယ်။တပ်ဘက်ကရော အရပ်ဘက်ကရော ခေါင်းဆောင်တွေရဲ့အနေအထားက အားလုံးသိပြီးသားပဲ ပိုပြီးတော့ ဆိုးလာတယ်။ အခုနောက်ဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရုံးဖွင့်ရမှာပဲလေ ဒီထက်ရှင်းတာကတော့ မရှိတော့ဘူး။
မဆုမွန်။ ။ အခုသူ့အတွက်က ဘယ်လိုစိန်ခေါ်မှုတွေရှိလာနိုင်မလဲ၊ ဆရာတို့နဲ့ ဆွေးနွေးတဲ့အခါ သူ့ကိုဘယ်လိုများအကြံပေးခဲ့တာတွေ လက်ရှိရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဘာတွေများပြောခဲ့ပါသလဲ။
ဒေါက်တာခင်ဇော်ဝင်း။ ။ အဲဒါအရေးကြီးပါတယ်။ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်က လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိုယ်စားလှယ်ရှိတယ် အဲဒါကတော့ တောက်လျောက် အခြေအနေမကောင်းဘူး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဆိုတာက အရင်က မစ္စတာ နမ်ဘီးယားပဲ ရှိခဲ့တာ။ သူလုပ်ခဲ့တယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ပါခဲ့တာပဲ။ သို့သော် မစ္စတာ နမ်ဘီးယားရဲ့ Mandate ကို ပြောမယ်ဆိုရင် ရပ်လိုက်တာက NLD အစိုးရ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရပ်လိုက်တာ။ အခုတော့ အထူးကိုယ်စားလှယ်တယောက်ကို ပြန်ပြီးတော့ လက်ခံတယ်။ သူတို့ဘက်က ပါးပါးနပ်နပ်နဲ့ အသင့်တော်ဆုံးလူတယောက် အမျိုးသမီးတယောက်ကိုရွေးလိုက်တာ သူတို့ဘက်ကတော့ ဘာပဲပြောပြောပေါ့နော် ဒီအကျပ်အတည်းကနေ ကြိုးပမ်းတယ်။ ကိုယ့်ဘက်က ခေါင်းဆောင်အနေနဲ့ကတော့ တာဝန်ယူဖို့လိုတယ်၊ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာမှာ မမြင်ကြဘူး အဲဒါကြောင့် အခက်အခဲတွေအများကြီးတွေ့နေတာ။
မဆုမွန်။ ။ အဲဒီတော့ နေပြည်တော်မှာလည်း သူရုံးဆိုက်ပြီးတော့ လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့မှ ထဲထဲဝင်ဝင်လုပ်နိုင်မယ်ဆိုရင် မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ အလားလာကောင်းနိုင်တဲ့အနေအထားရှိပါသလား။
ဒေါက်တာခင်ဇော်ဝင်း။ ။ အဲဒီလိုမျှော်လင့်ရပါတယ် အခုက နိုင်ငံရေးယူနစ်တခုကို မြန်မာပြည်မှာ ထားပါဆိုတာကို ဟိုဘက်က နှစ်ရည်အတန်တန်ပြောခဲ့တာကို ဒီက လက်မခံဘူး ။ အခုမှ အကျပ်အတည်းဖြစ်မှ ဒီက လက်ခံရတယ် အဲဒါက ကောင်းတယ် ၊ သူ့လက်ထောက်ကလည်း တကယ့်ကို ဝါရင့် ကုလသမဂ္ဂလက်ထောက်အရာရှိတဦး ။ ဒီရုံးကိုဖွင့်လိုက်ပြီးရင် သူလည်း မကြာခဏလာပါ့မယ် ။ ကျနော်တို့ ပြောစရာရှိတာလည်း ပြောခဲ့ရပါတယ်။ ဟိုဘက်က ဒုက္ခသည်ကိစ္စရောပြောလားဆိုတော့ ပြောပါတယ်တဲ့ ဒီဟာကို အပြုသဘောနဲ့ တုံ့ပြန်ပါတယ်တဲ့။ သူတို့ စခန်းတွေက လူတွေနဲ့ တွေ့ခဲ့တယ်။ သူတို့ မောင်တောက အခြေအနေ ဘယ်လောက်အထိဆိုးသလဲဆိုတာကို သူတို့သိတယ်တဲ့ ။ ကျနော်တို့လည်း ပြောလိုက်တယ် ရခိုင်ကိစ္စတင်မက မြန်မာပြည်မှာက ပြဿနာ ပြန့်ကျဲနေတာ ကချင်မှာရော ရှမ်းမှာရော ဖြစ်နေတယ်ဆိုတာကို သူသိပါတယ်တဲ့။
ဒေါက်တာခင်ဇော်ဝင်းကို မဆုမွန် ဆက်သွယ်မေးမြန်းထားတာပါ။