ဗြိတိသျှလူငယ်၂ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံထား ရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦးရဲ့အယူခံကို ထိုင်းဗဟို တရားရုံးချုုပ် ကိုတင်ပြရမယ့် ရက်မရောက်ခင်မှာပဲ ထိုင်းရှေ့နေများကောင်စီ က နောက်အယူခံတင်မယ့် ရက်ကို ၅ကြိမ်မြောက် အဖြစ် နောက်တလတိုးခွင့်ပြုဖို့ အတွက် ဇူလိုင်လ ၁၈ရက်မှာ တင်ပြခဲ့တာကိုတရားရုံးက ခွင့်ပြုပေးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဗြိတိသျှလူငယ်၂ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်း လူသတ်မူနဲ့ ပတ်သက်လို့သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦးရဲ့အယူခံကို မတ်လ၁ရက်နေ့ ကနေ ပယ်ချခံခဲ့ရပြီးနောက်မှာတော့ မြန်မာနိုင်ငံက ဥပဒေပညာရှင်တွေနဲ့ မူခင်းဆိုင်ရာကျွမ်းကျင်သူ တွေဟာ ထိုင်းနိုင်ငံရှေ့နေများကောင်စီနဲ့ တွေဆုံဆွေးနွေးပြီး ထိုင်းဗဟို တရားရုံးချုပ်ကို တင်မယ့် အယူခံကို ပြင်ဆင်နေကြတာပါ။ ဇူလိုင်လ ၁၈ရက်နေ့မှာတော့ အယူခံရက်ကို ထိုင်းရှေ့နေများကောင်စီက နောက်ထပ်တလတိုး တောင်းခဲ့ရာမှာ ခွင့်ပြုခဲ့ကြောင်း မြန်မာသံရုံး ကိုယ်စား တရားခံတွေရဲ့အကျိုးကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးအောင်မျိုးသန့် ကပြောပါတယ်။
“၂၁ရက် ၈ လ၂၀၁၇ ထိ ရက်တလတိုး ရပါတယ်။ အယူခံအတွက် နောက်ဆုံးအဆင့်မြင့်ဆုံး တရားရုံးကို အယူခံတက်ဖို့ အတွက်ပြင်ဆင်ခဲ့တာ အခုက ၅လ ၅ကြိမ်မြောက်ရှိပါပြီ။ ဒီတလအတွင်းတော့ တင်မယ်လို့ထင်ပါတယ် အဲဒီလိုတင်ဖို့ အတွက်ထိုင်းရှေ့နေများ ကောင်စီဘက်ကနေ မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးကိုလည်း အကြောင်းကြားပါတယ် ။ အခုသံအမတ်ကြီးကိုလည်း အကြောင်းကြားပါတယ်။”
အယူခံကိုပိုပြီးပြင်ဆင်နိုင်အောင်မြန်မာနိုင်ငံက မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ဥပဒေပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ အတူ ထိုင်းရှေ့နေများကောင်စီ ဘက်က ပိုပြီးပြင်ဆင်နိုင်အောင် အယူခံရက်ကိုထပ်တိုးတောင်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာရွှေ့ပြောင်း အလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှု ဖြစ်ပွား ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာတော့ လူသတ်မှုနဲ့ တရားစွဲဆို ခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ၂၀၁၅ ခုနှစ်ကုန်မှာ ထိုင်းနိုင်ငံကောစမွေ တရားရုံးကနေ အမူ ၇ မှုနဲ့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။