မြန်မာစစ်အစိုးရက ပြည်သူတွေကို နည်းမျိုးစုံနဲ့ အခွန်တွေ အတင်းအကျပ် ကောက်ခံနေလို့ မြန်မာပြည်သူတွေ ဆင်းရဲတွင်း ပိုမို နက်ရှိုင်းလာရတဲ့အကြောင်း အစီရင်ခံစာတစောင်ကို ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တခုက ဒီနေ့ ထုတ်ပြန်ပါတယ်။ အခွန်စနစ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ နားလည်အောင် အစိုးရက ရှင်းမပြဘဲ ငွေညှစ်သလို အခွန်ကောက်ခံမှုတွေဟာ မြန်မာပြည်သူတွေအပေါ် စနစ်တကျ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲလို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က ဘန်ကောက်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သတင်းပေးပို့ထားပါတယ်။
ဗိုက်မှောက်နေရတဲ့ ဘဝများလို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာထဲမှာ မြန်မာအာဏာပိုင်တွေရဲ့ အတင်းအကျပ် အခွန်ကောက်မှု မျိုးစုံကို ထောက်ပြထားပြီး ဒါတွေဟာ ပြည်သူတွေဆီကနေ မတရားသဖြင့် ငွေညှစ်နေတာတွေ ဖြစ်တယ်၊ ပြည်သူတွေဟာ စီးပွားရေး ကျပ်တည်းမှုတွေ ရင်ဆိုင်နေရတဲ့ကြားက အခွန်တွေကို မဖြစ်ဖြစ်အောင် ပေးဆောင်နေကြရတယ်၊ ဒီလို အခြေအနေတွေဟာ နေ့စဉ် လစဉ် ကြုံတွေ့နေကြရတာတွေဖြစ်လို့ ဆင်းရဲတဲ့ဘဝက ရုန်းမထွက်နိုင်အောင် ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာကို သြစတြေးလျနိုင်ငံ မက်ကွိုင်းယား တက္ကသိုလ် မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအဖွဲ့က ဒေါက်တာ အယ်လ်လီဆင် ဗစ်ကရေး (Dr. Alison Vicary) က အဓိက သုတေသနလုပ်ပြီး ရေးသားတာပါ။
“ပြည်သူတွေဟာ သူတို့ အခွန်ဘယ်လောက် ပေးရမယ် ဆိုတာကို မသိကြဘူး။ ဘယ်အချိန်မှာ ပေးရမယ် ဆိုတာကိုလည်း မသိကြဘူး။ ဒါဟာ တကယ့် အရေးတကြီး ပြဿနာပါ။ အခွန်ပေးဆောင်ရမယ့် လူတိုင်းက ဘယ်အချိန်မှာ အခွန်ဘယ်လောက် ဆောင်ရမယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို မပေးခင်က ကြိုပြီး သိရမှာပါ။ အဲဒါမှလည်း သူတို့ အခွန်ဆောင်နိုင်ရေးအတွက် ကြိုပြီး စီစဉ်နိုင်ကြမှာပါ။ စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံမှာ ဒီပြဿနာက တော်တော် ဒုက္ခပေးပါတယ်။ ပြည်သူအများစုဟာ ဘဏ်တွေမှာ ငွေစုစာရင်း ဖွင့်ထားနိုင်ကြတာလည်း မဟုတ်ပါဘူး။” လို့ ဒေါက်တာ အယ်လ်လီဆင်က ပြောသွားခဲ့တာပါ။
စာမျက်နှာ ၁၀၀ ကျော်ပါတဲ့ အခု အစီရင်ခံစာကို ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် မြန်မာနိုင်ငံ (ND Burma) အဖွဲ့က ထုတ်ပြန်တာပါ။ ဒီအဖွဲ့ဟာ ထိုင်းအခြေစိုက် မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ ၁၃ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာပြည်တွင်းက မတရား အခွန်ကောက်ခံနေရတဲ့ လူတွေကို တွေ့ဆုံမေးမြန်းမှုတွေ၊ အခွန်ပေးရတဲ့ သက်သေ အထောက်အထားတွေနဲ့ အစီရင်ခံစာကို တင်ပြထားတာပါ။ ND Burma အဖွဲ့က တာဝန်ခံတဦးဖြစ်သူ မချယ်ရီဇာဟောင်က မတရား အခွန်ကောက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
“လူတယောက်ယောက်က သူတို့ကို အခွန်လာကောက်ရင် ဘာကြောင့်လဲဆိုတာ သိရမယ်။ ဘယ်မှာ ဒီအခွန်တွေ သွားမလဲဆိုတာ သိရမယ်။ အဲဒီအခွင့်အရေးဟာ ပြည်သူလူထုတွေက ချိုးဖောက်ခံနေရတယ်။ ပြည်သူလူထုတွေက သူတို့ပိုင်တဲ့ မြေတွေကို အလကား ပေးလိုက်ရတယ်၊ လာသိမ်းခံနေရတယ်။ အဲဒါတွေဟာဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှု တခုလည်း ဖြစ်နေတယ်။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုဟာလည်း အခွန်ကောက်မှုပါပဲ။”
အခွန်ကောက်နေကြတဲ့ အဖွဲ့အစည်းတွေထဲမှာ အာဏာပိုင် အဖွဲ့အစည်းတွေအပြင် အပစ်ရပ် အဖွဲ့တွေလည်း ပါဝင်နေတယ်လို့ ဒေါက်တာ အယ်လ်လီဆင်က ပြောပါတယ်။
“အခွန်တွေကို အများအပြား ကောက်ယူကြတာကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေပါပဲ။ စစ်အစိုးရ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေ၊ ဒါမှမဟုတ်ရင် စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေကနေ ကောက်ခံနေတာပါ။ အခွန်ကို အချိန်မီ မပေးနိုင်ရင် အန္တရာယ် ကြုံရမယ့်သဘော ခြိမ်းခြောက်မှုတွေလည်း ရှိသလို မပေးရင် အကြမ်းပတမ်း ဆက်ဆံခံရတာတွေလည်း ရှိပါတယ်။ ဒီလို အခြေအနေတွေကြောင့် မြန်မာပြည်သူတွေဟာ အခွန်မျိုးစုံကို ကြောက်ကြောက်နဲ့ ပေးနေကြရတယ်။” လို့ ပြောသွားခဲ့ပါတယ်။
ND Burma အဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ ကိုဟန်ကြီးကလည်း မဖြစ် ဖြစ်အောင် အခွန်ပေးဆောင်ရလို့ မြန်မာပြည်သူတွေဘ၀ ကျပ်သထက် ကျပ်လာတဲ့ အကြောင်းကိုလည်း ရှင်းပြပါတယ်။
“အိမ်တိုင်း၊ အိမ်ထောင်စုတိုင်းဟာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ကို အမြဲတစေ ပေးနေရတဲ့ အခါကြတော့ လူထုမှာ ပထမ သူတို့တောင်းသမျှ ပေးဖို့အတွက်ကို သူတို့ရှိတဲ့ဝင်ငွေ၊ နောက်တော့ ပိုင်ဆိုင်မှု အဲဒါတွေနဲ့ ဖြည့်ဆည်းပြီး ပေးရတယ်။ တကယ်လို့ မပေးနိုင်တဲ့အခါမှာ ရှိသမျှ သူတို့ပိုင်ဆိုင်မှုတွေ ရောင်းချပြီး ပေးရတယ်။ မပေးနိုင်တဲ့အခါမှာ အတိုးကြီးကြီးပေးပြီး တခြားလူတွေဆီက ချေးပြီး ပေးရတာမျိုးတွေရှိတယ်။ မိသားစုဘဝရဲ့ စီးပွားရေးက အရမ်းကို ခက်ခဲလာတဲ့ အခါမှာ သူတို့မိသားစုဝင်တွေကို တခြား အိမ်နီးချင်း နိုင်ငံတွေကို လွှတ်ပြီးတော့ စီးပွားရှာခိုင်းရတဲ့ ပြဿနာမျိုးတွေအထိ ကြီးကြီးမားမား ပေါ်ပေါက်လာရတယ်။”
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဟာ ခြိမ်းခြောက်မှုတွေနဲ့ ဝင်ခိုင်းထားတဲ့ သူတို့ရဲ့ အသင်းသားတွေဆီကနေ အသင်းကြေး ကောက်ယူတာတွေ၊ အသင်းရန်ပုံငွေ ရှာဖွေတယ်ဆိုပြီး ပြက္ခဒိန်၊ ဦးထုပ် စတဲ့ပစ္စည်းတွေကို ရောင်းချနေလို့ အသင်းဝင် မဟုတ်တဲ့ သူတွေကလည်း မဝယ်ချင်ပေမဲ့ ဝယ်နေရတာတွေ၊ ဒီလို ကောက်ခံလို့ရတဲ့ ငွေတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကနေ နိုင်ငံရေးပါတီကို အသွင်ပြောင်းပြီး ရွေးကောက်ပွဲမှာ အောင်နိုင်ရေး လုပ်နေတယ်လို့ ယူဆနိုင်တဲ့အကြောင်း၊ တိုင်းရင်းသား ဒေသတွေမှာ မြန်မာစစ်တပ်က သူတို့လိုရင် လိုသလို ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို အတင်း ရယူနေတာတွေဟာ ကြမ်းတမ်းတဲ့ အခွန်ကောက်ယူမှုတွေ ဖြစ်တဲ့အကြောင်း၊ စည်းမဲ့ကမ်းမဲ့ အဓမ္မ အခွန်ကောက်မှုတွေကြောင့် အဓိက ထိခိုက်နစ်နာရတာဟာ ဆင်းရဲတဲ့ ပြည်သူတွေပဲ ဖြစ်တဲ့အကြောင်း၊ ဒီလိုစနစ်နဲ့သာ ဆက်သွားနေမယ်ဆိုရင် မြန်မာပြည်သူတွေ ဆင်းရဲတွင်းက ထွက်နိုင်မှာ မဟုတ်လို့ ဒီ အခွန်ကောက်ယူတဲ့ စနစ်ကို ပြောင်းလဲရေး မြန်မာစစ်အစိုးရကို ဖိအားဝိုင်းပေးဖို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အာဆီယံအသင်း အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ တိုက်တွန်းထားတယ်လို့ အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြပါတယ်။