နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာမိန့်ခွန်းဟာ နိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်း စိန်ခေါ်မှုတွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ဖိအားတွေကို အတိုင်းအတာတခုအထိ ပြေလျော့အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပေမဲ့လို့ ကြုံနေရတဲ့ပြဿနာတွေတော့ အလုံးစုံ ပြေလည်သွားမှာမဟုတ်ဘူးဆိုတဲ့ ယူဆချက်တွေလည်းရှိပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းအပေါ် နိုင်ငံ့လက်ရှိအခြေအနေကို စိုးရိမ်မကင်းဖြစ်နေရတဲ့ ပြည်သူအများနားလည်အောင် မြန်မာဘာသာစကားနဲ့ လည်းပြောစေလိုသူတွေလည်း ရှိပါတယ်။ ဒေါ်စုမိန့်ခွန်းအပေါ် သဘောထားအမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။
လာမယ့် သီတင်းပတ်ထဲ စက်တင်ဘာလ ၁၉ရက်နေ့ အင်္ဂါနေ့ မနက် ၁၀နာရီမှာ နေပြည်တော်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာမိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ အဲ့ဒီ့အခမ်းအနားကိုတော့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံတွေ၊ သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကိုပါ ဖိတ်ကြားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့ တပြိုင်နက်တည်း အစိုးရရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ တိုက်ရိုက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်က ကုလသမဂ္ဂအထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့တာဟာ နိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့်တိမ်းရှောင်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့နဲ့ ဒီ မငြိမ်သက်မှုတွေနဲ့ ဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဘာသာရေးလူမျိုးရေးပဋိပက္ခ အသွင်ဆောင်တဲ့ ဖန်တီးမှုတွေကြောင့် ပြည်တွင်း တည်ငြိမ်လုံခြုံရေးကို အထူးအလေးထား လုပ်ဆောင်ဖို့ စတဲ့ အကြောင်းချက်(၄)ချက်နဲ့ မသွားရောက်ခဲ့တာလို့ ကြေညာပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခုလိုမိန့်ခွန်းပြောဆိုမယ့်အပေါ် နိုင်ငံတကာကရော ပြည်တွင်းမှာပါ အထူးစိတ်ဝင်စားမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရဲ့ အခုလို ပြောမယ့်မိန့်ခွန်းဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအဖြစ်အပျက်တွေ ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့စိုးရိမ်မှုတွေ ဖိအားတွေကို ပြေလျော့အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း The Voice Weekly ဒုတိယ အယ်ဒီတာချုပ် ဦးဇေယျသူက သုံးသပ်ပါတယ်။
“သူ့အသံ ကြားချင်နေကြတာပေါ့နော် လူတွေက။ ဒါကတော့ ကြားချင်နေတဲ့အခါကျတော့ တိုက်ရိုက်ဖြေရှင်းလိုက်တာပါပဲ။ နိုင်ငံတကာ ပရိတ်သတ်ကိုလေ တိုက်ရိုက်ဖြေရှင်းလိုက်တာ ဖြစ်တယ်။ ဒါပေမယ့် တဖက်မှာတော့ ကြည့်ပြန်ရင်လည်း သူဘယ်လောက်ရှင်းရှင်း အမြင်က စောင်းနေကြတဲ့အခါကျတော့လေ အကုန်အစင်တော့ ပြောက်သွားမှာမဟုတ်ဘူး။ သို့သော်လည်း အတိုင်းအတာတခုအထိတော့ သက်ရောက်သွားလိမ့်မယ် ဒီနိုင်ငံတကာအမြင်ကို သူကလည်း ဒီနိုင်ငံတကာပေါ့ သူ့တို့သဘောကိုလည်းကောင်းကောင်းသိတဲ့အခါကျတော့ ထိရောက်တဲ့စကားလုံးတွေ ရွေးပြီးတော့ ပြောမယ်လို့တော့ထင်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလိပ်လို ပြောမှာပေါ့နော်။ နိုင်ငံတော်အခြေပြမိန့်ခွန်းနဲ့ မြန်မာပြည်သူကိုပြောမှာထက်စာရင် နိုင်ငံတကာကို အထူးသဖြင့်တော့ အထွေထွေညီလာခံတက်လာမယ့်လူတွေပေါ့နော် အဲဒီ ပုဂ္ဂိုလ်တွေ နောက်ပြီးတော့ သူ့ကိုပြောဖို့အတွက် တိုက်တွန်းနေကြတဲ့ Key Influencer ပေါ့နော် ဒီနိုင်ငံတကာက လေးစားရတဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ ၊ အလွယ်တကူပြောရင်တော့ Nobel ဆုရတဲ့လူတွေ ဒီလူတွေကိုလည်း သူကရည်ညွန်းပြီးပြောတာ ဖြစ်ပါလိမ့်မယ်။”
နိုင်ငံကိုကိုယ်စားပြုတဲ့မိန့်ခွန်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကသာပြောကြားသင့်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ရခိုင်ပြည်နယ် အမ်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာအေးမောင်ကတော့ဝေဖန်ပြောဆိုလိုက်ပါတယ်။
“ပထမတချက်က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတ မဟုတ်ဘူးဆိုတာကို ကျနော်တို့ သဘောပေါက် စေချင်တယ်၊ အဲဒီတော့ နိုင်ငံတော်အခြေပြမိန့်ခွန်းဆိုတာ နိုင်ငံတော်သမ္မတ တဦးတည်းပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရရှိပါတယ်။ ပြည်သူပြည်သားတို့လည်း သဘောပေါက်မယ် ထင်တယ်။ အစိုးရအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သဘောပေါက်စေချင်တယ်။ သို့မဟုတ်နိုင်ငံတကာမိသားစု တွေကိုပြောဖို့ရည်ရွယ်တယ်ဆိုရင် ကုလသမဂ္ဂညီလာခံမှာ သွားပြီးပြောစေချင်တယ်။ သူပြောတဲ့အသုံးအနှုန်း သူပြောလိုတဲ့ရည်ရွယ်ချက် ၊ သူဆွဲဆောင်လိုတဲ့ နိုင်ငံတကာ ပရိတ်သတ်များဟာ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကမ္ဘာ့မိသားစုများမှာရှိတယ်။ အဲဒီ ၂ ခုကို သေသေချာချာသုံးသပ်ပေးမယ်ဆိုရင်တော့ဖြင့် အခု နိုင်ငံတော်အခြေပြမိန့်ခွန်း ကိုပြောခြင်းသည် သမ္မတကြီးရဲ့တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်တယ်။ လာမယ့် ၁၉ ရက်နေ့မှာ ပြောမယ့်အခြေအနေသည် ရခိုင်ပြည်နယ်နှင့် အဓိကပတ်သက်တဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်လို့ လက်ရှိအစိုးရရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ လူထုကို ပြသရမယ့် ကာလဖြစ်သလို နိုင်ငံတကာမိသားစုကို ပြသရမယ့် ကာလဖြစ်တယ် ဆိုတာကို ကျနော်တို့ သုံးသပ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မိန့်ခွန်းပြောခြင်းအားဖြင့် နိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့အကျပ်အတည်း စိန်ခေါ်မှုတွေအပေါ် နိုင်ငံတကာဘက်က အတိုင်းအတာတခုအထိ နားလည်လက်ခံလာနိုင်မယ်လို့ မျှော်လင့်ပေမဲ့ အလုံးစုံပြေလျော့သွားမှာမဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက ရှု့မြင်ပါတယ်။
“ကျနော်တို့နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ဒီအကျပ်အတည်း ဒီစိန်ခေါ်မှုတွေကို အတိုင်းအတာတခုအထိ ထင်ဟပ်ပြီးတော့ နိုင်ငံတကာရဲ့ ယုံကြည်မှုကို မြှင့်တင်နိုင်မယ့် မိန့်ခွန်းဖြစ်လာမယ်လို့ ကျနော်ကတော့ မျှော်လင့်တယ်။ သို့သော်လည်း ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အကျပ်အတည်းတွေကို ဖြေရှင်းတဲ့နေရာမှာ အစိုးရတခုတည်းကို ကြည့်လို့မရဘူးလို့ ကျနော်ကတော့ မြင်တယ်။ အစိုးရရော၊ တပ်မတော်ရော ၊ တိုင်းရင်းသားခေါင်းဆောင်တွေရော အားလုံးပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းစဉ်မျိုးကို ကျနော်တို့ရှေ့တန်းတင်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ကမြင်တယ်။ သို့သော်လည်း ကျနော်တို့လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့်လမ်းစနဲ့ အခြေခံကောင်းတွေကိုတော့ ဖော်ထုတ်ပေးနိုင်မယ်လို့ အဲဒီလိုတော့ မျှော်လင့်ပါတယ်။”
တဆက်တည်းပါပဲ ဒေါ်အောင်ဆန်းစုကြည်ဘက်က စိုးရိမ်မကင်းဖြစ်နေတဲ့ နိုင်ငံတကာကို အင်္ဂလိပ်စကားနဲ့ တင်ပြသလို လက်ရှိနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်နေရတဲ့ နိုင်ငံသူနိုင်ငံသားတွေ သိရှိနားလည်စေဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ရုံးသုံးစကားဖြစ်တဲ့ မြန်မာစကားနဲ့ပဲပြည်သူကို ပြောစေလိုတယ်လို့လည်း ဒေါက်တာအေးမောင်က တိုက်တွန်းပါတယ်။
စက်တင်ဘာ ၁၉ မှာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မိန့်ခွန်းပြောကြားမယ့် ဒီအခမ်းအနား တက်ရောက်လိုသူတွေ နိုင်ငံတကာသံရုံးတွေ နိုင်ငံတကာက သတင်းလာယူလိုသူတွေ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စက်တင်ဘာလ ၁၈ရက်နေ့ တနင်္လာနေ့ မနက်၁၀နာရီအထိ နောက်ဆုံးထားပြီး ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲကို ဆက်သွယ်ကြဖို့ တိုက်တွန်းထားသလို ပြည်ပက သတင်းလာယူသူတွေအတွက် မီဒီယာဗီဇာရရေးကိုလည်း ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ အခမ်းအနားကတော့ သတင်းစာရှင်းလင်းပွဲမဟုတ်ဘဲ မိန့်ခွန်း ပြောကြားမှုကိုပဲ သတင်းရယူရန်သာဖြစ်ကြောင်း နဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့မိန့်ခွန်းကို အစိုးရသတင်းမီဒီယာရုပ်မြင်သံကြားတွေဖြစ်တဲ့ MRTV, MITVနဲ့ ရေဒီယို၊ FM တွေကနေ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဘက်က အသိပေး ကြေညာထားပါတယ်။