သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးနဲ့ပတ်သက်လို့ ၁၀၀% အာမခံနိုင်တဲ့ နိုင်ငံမရှိ - ဗိုလ်ချုပ်ဇော်မင်းထွန်း


ရန်ကုန်မြို့လမ်းတွေပေါ်မှာ နေရာယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)
ရန်ကုန်မြို့လမ်းတွေပေါ်မှာ နေရာယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

ဘယ်နိုင်ငံမှာမှ လုံခြုံရေးနဲ့ပတ်သက်ပြီး ၁၀၀% အာမခံနိုင်တယ်ဆိုတာ မရှိပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ဗီယက်နမ်စစ်တပ် ဖက်စပ်ပိုင် MyTel ဆက်သွယ်ရေးကုမ္ပဏီ ထိပ်တန်းအရာရှိတဦး လုပ်ကြံခံခဲ့ရလို့ သေဆုံးခဲ့တာ၊ ဒီနေ့လည်း ကျောင်းဆရာမတဦး အသတ်ခံခဲ့ရတာ စတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ရှိခဲ့ပြီးတဲ့နောက် စစ်ကောင်စီက အခုလို တုံ့ပြန်ပြောဆိုတာပါ။ ဒီဖြစ်ရပ်တွေအပေါ် မိတ်ဆွေ လုပ်ဖော်ကိုင်ဘက်တွေအပါအဝင် NUG အစိုးရဘက်ကရော ဘယ်လိုတုံ့ပြန်ပါသလဲ ... ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

ဒီအကြမ်းဖက်မူတွေဆက်တိုက်ဖြစ်လာတဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးရာမှာ အခုလိုစရှင်းပြပါတယ်။

“ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ Mytel က တာဝန်ခံတယောက် သတ်ခံရတဲ့ဖြစ်စဉ်မှာတော့ သူကတော့ သေဆုံးသွားတယ်။ သူ့အမျိုးသမီးကတော့ အခု ဆေးရုံမှာရှိတယ်၊ အခြေအနေတော့ ကောင်းပါတယ်။ဒီ (ကျောင်း) ဆရာမကို ပစ်ခတ်တာနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ စုံစမ်းဖော်ထုတ်လျက်ရှိပါတယ်။ဆက်စပ်ပြီးဖော်ထုတ်ရမဲ့ဟာလေးတွေလည်းရှိပါတယ်။ပြစ်မှုကျုးလွန်သူများကိုလည်း ဖမ်းဆီးရမိဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

...အဓိကတော့ မည်သည့်နိုင်ငံမှာမှ လုံခြုံရေးနဲ့ပတ်သက်ပြီး ၁၀၀ ရာခိုင်နှုန်း အာမခံနိုင် တယ်ဆိုတာတော့ မရှိပါဘူး။အဖျက်လုပ်ငန်းတွေလုပ်ဆောင်နေတဲ့သူတွေရှိနေသမျှ ကတော့ ဒီလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ချွတ်ယွင်းအားနည်းချက် တချို့တော့ ရှိနေဦးမှာ အမှန်ပဲ။ သို့သော် ဒါတွေကို ကျနော်တို့ ပြည်သူလူထုအနေနဲ့ ယခင်ကလိုပဲ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားရင် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို မကြာခင်မှာ ပြန်လည်ရောက်ရှိလာပါမယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကလည်း နေ့စဉ် ကျွန်တော်တို့လည်း သတင်းထုတ်ပြန်လျှက်ရှိပါတယ်။ကွင်းဆက်ဖမ်းမိတဲ့တရာခံတွေအများကြီး ရရှိပြီးဖြစ်ပါတယ်။ ဒါ ငွေကြေးထောက်ပံ့တဲ့ အရင်းအမြစ်တွေ၊လက်နက်ထောက်ပံ့တဲ့ အရင်းအမြစ်တွေကိုလည်း ဖြတ်တောက်နိုင်အောင် ဆောင်ရွက် လျှက်ရှိပါတယ်။”

အခုလို Mytel ဘဏ္ဍာရေးအရာရှိချုပ်နဲ့ အငြိမ်းစားရေတပ်အရာရှိ ဦးသိန်းအောင်နဲ့ဇနီးတို့ အိမ်နား လမ်းလျှောက်နေစဉ် အခုလို အပစ်ခံခဲ့ရတဲ့အပေါ် အမည်မဖော်လိုတဲ့ မိတ်ဆွေရင်း တဦးကလည်း အခုလို ပြောပါတယ်။

“ဒီလိုမျိုး အကြောင်းမဲ့ သတ်ဖြတ်တာတွေကတော့ မကောင်းဘူးပေါ့နော်။အထူးသဖြင့် မြို့ပေါ်မှာ အခုဖြစ်တဲ့နေရာတွေကို ကြည့်လိုက်ရင် (ရန်ကုန်) အင်းစိန်လမ်းမပေါ်မှာ ဖြစ်တယ်၊ အခု ၇ မိုင် တေးနုယဉ်လမ်းဆိုတာ ပြည်လမ်းနဲ့ မလှမ်းမကမ်းမှာပဲရှိတယ်။အများပြည်သူရှေ့မှာ လုပ်တာတွေက ၂ ဘက်စလုံးအတွက် အနာတရဖြစ်စေတယ်၊ နာကျည်းချက်တွေဖြစ်စေတယ်။ ဒီလိုလုပ်တဲ့ အလေ့အထတွေကို ဆက်ပြီးတော့ မလုပ် သင့်ဘူးပေါ့နော်။တကယ်တော့ ဒီလူတွေဟာ တနည်းတဖုံအားဖြင့် တိုက်ရိုက်ပတ်သက်တဲ့လူဖြစ်ချင်ဖြစ်မယ် သွယ်ဝိုက်ပတ်သက်တဲ့လူ ဖြစ်ရင်ဖြစ်မယ်။ လူတွေကတော့ လူ့အသိုင်းအဝိုင်းမှာနေရင် တယောက်နဲ့တယောက် ပတ်သက်မှုတွေကတော့ရှိနေမှာပဲ၊အဲ့လိုရှိနေတဲ့လူတွေကို သူက တဘက်သတ်စွပ်စွဲပြီးတော့ လက်နက်နဲ့အကြမ်းဖက်သတ်ဖြတ်တာမျိုး ဖြစ်နေတာပေါ့။ဒီလူတွေကလည်း ပြန်ပြီးတော့ ခုခံကာကွယ်ဖို့အတွက် သူတို့မှာ လက်နက်လည်း မရှိဘူးလေ။ ဒီလက်နက်မရှိတဲ့ပြည်သူတွေကို တဘက်သတ်စွပ်စွဲချက်လေးနဲ့ သတ်ဖြတ်တာကတော့ မြန်မာ့ လူ့အသိုင်းအဝိုင်းမှာ ဒီလိုယဉ်ကျေးမူတွေ၊ လုပ်နည်းလုပ်ဟန်တွေကို လုံးဝမဖြစ်ပေါ်လာဖို့ အဆုံးသတ်သွားဖို့ ဖြစ်စေချင်ပါတယ်။”

ဒါ့အပြင် နောက် အမည်မဖော်လိုတဲ့ ဦးသိန်းအောင်ရဲ့ လုပ်ဖော်ကိုင်ဘက်တဦးကလည်း အခုလို ပြောပါတယ်။

“စိတ်မကောင်းတော့ ဖြစ်ရတာပေါ့ဗျာ၊ ကျနော်တို့က လုပ်ဖော်ကိုင်ဘက်တွေ၊ အတူတူလုပ်လာတာလေ၊ ဘာပဲပြောပြော သူနဲ့ဆို ကျနော်ကအစကတည်းကပေါ့ အတူတူ လုပ်လာခဲ့တာဆိုတော့ ဒီလိုမျိုးကြီးဖြစ်သွားတယ်ဆိုတဲ့ကျတော့ တော်တော်လေးတော့စိတ်မကောင်းဖြစ်ရတာပေါ့၊ Shock ရတာပေါ့နော်။ ယုံတောင်မယုံဘူး။ ဟုတ်ကော ဟုတ်ကဲ့လားပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းအတွင်း ကျနော် သူ့ကိုဖုန်းခေါ်သေးတယ်။ဖုန်းခေါ်တော့ သူမကိုင်တော့ နေမကောင်းဖြစ်တာနဲ့ တူပါတယ်ပေါ့နော၊် ကျနော် ထင်တာ။နောက်ကျမှ ဒီလိုမျိုးဖြစ်တယ်ဆိုတော့... အော် အေး ပထမ ယုံတောင်မယုံဘူး။ သူက လုပ်တာကိုင်တာလည်း တော်ပါတယ်။ လူလည်း အေးလည်းအေးပါတယ်။စိတ်မကောင်းဖြစ်ရတာပေါ့ဗျာ။”

ဒီအပေါ် NUG အစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အခုလို ပြောပါတယ်။

"အခုဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူတွေက ကျုးလွန်ပြီးတော့ ဘာကြောင့် ကျုးလွန်တယ် ဆိုတဲ့ အကြောင်းအရာတွေကတော့ ပြောစရာအများကြီးရှိနေပါတယ်။ အခုထက်ထိ အဖြေမထုတ်နိုင်သေးပါဘူး။ ဟိုဘက် ဒီဘက် စွက်စွဲတာလည်းရှိသလို တချို့ကတော့ ဒါက ငွေရေးကြေးရေး အရှုပ်အထွေး တခြားသော ပြဿနာတွေကြောင့် ဖြစ်တယ်လို့လည်း ပြောကြတာတွေလည်း ရှိပါတယ်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးကိစ္စတွေမှာ စစ်တပ်နဲ့ပတ်သက်ပြီးလုပ်ဆောင်နေတဲ့သူတွေ၊ မတရားသတ်ဖြတ်မူတွေမဖြစ်ဖို့အတွက် ကျနော်တို့ဘက်က လိုအပ်တဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ အသိပေးတိုက်တွန်းတာတွေ၊ နောက်တခါ လိုက်နာရမဲ့ ပုံစံမျိုးတွေ လုပ်ဆောင်ထားပါတယ်။ အဲ့ဒိတော့ ဒီလိုမျိုးကိစ္စမှာ တကယ်လို့များ မှန်ကန်တဲ့ ပုံစံနဲ့ အရေးယူဆောင်ရွက်မူတွေ ရှိနိုင်မလား မရှိနိုင်မလား ဒါကတော့ တရားဥပဒေပိုင်းဆိုင်ရာ ကျနော်တို့ ပြန်ပြီးတော့ ကြည့်ရမှာ ဖြစ်ပါတယ်။"

တကယ်တော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ဆန့်ကျင်မှုတွေဖြစ်လာကာ၊ စစ်တပ် ဖက်စပ်ပိုင် Mytel တာဝါတိုင်တွေကို တိုက်ခိုက်ခဲ့ရာကနေ အခု Mytel အရာရှိကြီး ပစ်ခံရမူဖြစ်လာချိန်မှာ နောက်ထပ် အလားတူပစ်ခတ်မှုတွေ ပိုပြင်းထန်လာမှာကိုလည်း စိုးရိမ်မှုတွေရှိနေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


***************

{{Unicode}}














***************

XS
SM
MD
LG