သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားပြည်နယ် ဒေသတချို့မှာ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေချမှတ်


Burma resolution was passed in San Fransisco.
Burma resolution was passed in San Fransisco.

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ မြို့နယ်တွေ၊ ခရိုင်တွေအလိုက်ချမှတ်နေတဲ့ မြန်မာ့ဒီမိုကရေစီအရေးဆုံးဖြတ်ချက်တွေအနေနဲ့ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးပါဝင်တဲ့ Burma act မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်းကို အမေရိကန်လွှတ်တော်ကအတည်ပြုရေး အထောက်အကူပြုနိုင်မယ်လို့ ဦးဆောင်လှုပ်ရှားသူတွေက မျှော်လင့်နေကြကြောင်း ဗွီအိုအေကိုပြောပါတယ်။ ၁၉၉၇ခုနှစ်က အမေရိကန် Pepsi ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ စတင်ဖိအားပေးခဲ့တဲ့ ကာလီဖိုးနီးယားပြည်နယ်က ဘာကလေမြို့ရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေလိုမျိုး လက်ရှိမြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ အဆုံးသတ်နိုင်ရေး ကာလီဖိုးနီးယားပြည်နယ်က မြန်မာ့အရေး ဦးဆောင်သူတွေ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က စုစည်း တင်ပြမှာပါ။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကို အရေးပေါ် ထောက်ခံကူညီတဲ့ဆုံးဖြတ်ချက်ကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို ခရိုင်မှာ စက်တင်ဘာလ ဒုတိယပတ်အတွင်း ချမှတ်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေကို ထောက်ခံကူညီဖို့ ဆန်ဖရန်စစ္စကိုရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို အုပ်ချုပ်ရေးဘုတ်အဖွဲ့တခုလုံးက တခဲနက်တည်း အတည်ပြုလိုက်တာပါ။ စက်တင်ဘာလ ၁၇ရက်နေ့က ဆန်ဖရန်စစ္စကို မြို့မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆန္ဒပြပွဲကို တက်ရောက်လာတဲ့ ဆန်ဖရန်စစ္စကို အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်တဦးဖြစ်သူ Gordon Mar က ဒီဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာနဲ့ ပတ်သက်လို့ အခုလို ကြေညာခဲ့ပါတယ်။

" မြန်မာ့အရေးဆုံးဖြတ်ချက်ကို အဆိုပြုခဲ့သူတဦးအနေနဲ့ ခင်ဗျားတို့ကို ကျနော်အသိပေးချင်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ဒီဆုံးဖြတ်ချက်ကို အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်အားလုံးက တခဲနက်တည်း အတည်ပြုလိုက်ကြပါပြီ။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ ဖြစ်ပါတယ်။ အဲဒီထဲမှာ အဓိကကတော့-၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို တိုက်တွန်းထားတဲ့အချက်က ဒီမိုကရေစီနဲ့ အရပ်သားအစိုးရကို အာဏာ ပြန်ပေးဖို့ နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုကို ရပ်ဆိုင်းဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ဖြစ်ပါတယ်။"

မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် ဆန်ဖရန်စစ္စကို ရဲ့ ထောက်ခံအားပေးမှု အစဉ်အလာရှိခဲ့တဲ့အပြင် အခု ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက်လည်း ပံ့ပိုးကူညီနေကြောင်း ဆန်ဖရန်စစ္စကိုမှာ မြန်မာ့အရေးကို ဦးဆောင်လှုပ်ရှားနေသူလည်းဖြစ်၊ ကာလီဖိုးနီးယားပြည်နယ် ပညာရေးကော်မရှင်နာမင်းကြီးလည်းဖြစ်တဲ့ မဗယ်လာရီက ဗွီအိုအေကို ပြောပါတယ်။

" (ဆန်ဖရန်စစ္စကို အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်) Supervisor Gordon Mar ပြောသွားတဲ့အထဲမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နေရာပြန်ရရှိရေးလှုပ်ရှားချိန်မှာ ဆန်ဖရန်စစ္စကို ကောင်တီက ဘာလုပ်နိုင်လဲဆိုတော့ သူတို့ ကောင်တီနဲ့ UN Credential နဲ့ က တိုက်ရိုက်အဆက်အသွယ်ရှိတယ်။ ဒါကြောင့် သူစကားပြောတဲ့အချိန်မှာ ထည့်ပြောသွားတာက သူ့ရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ မြို့တော်ဝန်တို့ပေါင်းပြီးတော့ ဦးကျော်မိုးထွန်းကို ပြန်ပြီးနေရာပေးဖို့ UN Credential ကို စာရေးပြီး ဒီအပတ်အတွင်း တင်သွင်းပါမယ်လို့ညီမတို့ကို ပြောသွားတယ်။ ဒီစာရေးပေးရင်လည်း ညီမတို့ကို ပို့ပေးပါမယ်၊ မြန်မာအသိုင်းအဝိုင်း လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသပါမယ်လို့ ညီမတို့ကို ပြောသွားပါတယ်။"

အလားတူ ကာလီဖိုးနီးယားပြည်နယ် ဘာကလေးမြို့မှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီ စနစ်ပြန်လည်ထူထောင်ရေး လှုပ်ရှားမှုကိုထောက်ခံတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အတည်ပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ အဓိက ဘာတွေပါဝင်သလဲဆိုတာကို Burmese American Alliance ဥက္ကဌ ဦးညွန့်သန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ဘာကလေက မြန်မာပြည်နဲ့ ပတ်သက်ရင် Resolutions တွေ တော်တော်များများလုပ်ပေးခဲ့ပါတယ်။ တော်တော်လည်း ထိထိရောက်ရောက်ရှိခဲ့ပါတယ်။ အခုနောက်ဆုံး Resolution မှာက- ဘာကလေက ၁၉ ၉ ဝခုနှစ်မှာ တင်သွင်းထားတဲ့ ဆုံးဖြတ်ချက်တခုရှိတယ်။ အဲဒါက Oppressive States အဖိအနှိပ်ခံနိုင်ငံတွေရဲ့ စာရင်းတွေထဲမှာ ထည့်သွင်းထားတဲ့ မြန်မာနိုင်ငံကို ပြန်ပြီး ထည့်သွင်းပေးဖို့၊ ၂၀၀၃ ခုနှစ်တုန်းက သမ္မတ ဘုတ်ရှ်ကနေ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူတာတွေလုပ်လိုက်တော့ အဲဒီစာရင်းထဲမှာရှိနေတဲ့ မြန်မာကို အဲဒီအချိန်က ဖယ်ဒရယ်အစိုးရက တိုက်ရိုက် sanction လုပ်လိုက်ပြီးဆိုတော့ ငါတို့ ပါစရာမလိုတော့ဘူးဆိုပြီး ၂၀၀၃ ခုနှစ်က အဖိအနှိပ်ခံနိုင်ငံတွေရဲ့ စာရင်းထဲကနေ မြန်မာကို ဖယ်လိုက်တာပါ။ အခုတော့ အဲဒီစာရင်းထဲ ပြန်ပြီးထည့်ဖို့ အခု Resolution မှာ အဓိကလုပ်ထားတယ်။ အဲဒါနဲ့အတူ အရမ်းအကြီးတဲ့ MOGE မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့ သမ္မတ ဘိုင်ဒန်ကို တိုက်တွန်းတာ ပါမယ်။ နောက် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အနေနဲ့ ဆက်ပြီးတာဝန်ပေးဖို့ အဲဒါတွေပါပါတယ်။"

NUG အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုရေး၊ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း ပိတ်ဆို့အရေးယူရေး စတဲ့အချက်တွေအပါအဝင် ပြင်းထန်တဲ့ ဖိအားပေးမှုတွေပါဝင်နေတဲ့ Burma Act မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်းကို အမေရိကန်လွှတ်တော်က ချမှတ်နိုင်ရေး အခုလို ခရိုင် မြို့ကြီးတွေရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွန်းအားပေးနိုင်မယ်လို့လည်း မဗယ်လာရီက မျှော်လင့်ထားပါတယ်။

ဆန်ဖရန်စစ္စကို၊ ဘာကလေ တို့လို မြန်မာ့အရေးဆုံးဖြတ်ချက်တွေလိုမျိုး အခြား ပြည်နယ်တွေရဲ့ မြို့၊ ခရိုင်တွေမှာလည်း ချမှတ်အတည်ပြုနိုင်ရေး မြန်မာ့အရေးလှုပ်ရှားသူတွေက ကြိုးပမ်းနေကြပါတယ်။

XS
SM
MD
LG