သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲတွေကြောင့် ဒေသတွင်း ဆားထုတ် လုပ်ငန်းတွေ အပေါ် သိသိသာသာ ထိခိုက်


ရခိုင်ပြည်နယ်မှာ နယ်မြေ မတည်ငြိမ်မှုကြောင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုတွေ သိသိသာသာ လျော့ကျ ရိုက်ခတ်ခံရတဲ့ အထဲ ဆားလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ ဆားထုတ်လုပ် ရောင်းချမှု ထက်ဝက်နီးပါး လျော့ကျခဲ့ပြီး အလုပ်အကိုင် ဆုံးရှုံးမှုလည်း ရှိပါတယ်။ ပြည်ပက တင်သွင်းတဲ့ ဆားတွေနဲ့ အရည်အသွေးချင်း မယှဉ်နိုင်ဖို့ ပြည်တွင်း ဈေးကွက် ထက်ဝက်နီးပါး ဆုံးရှုံး၊ ပြည်ပတင်ပို့ရမယ့် ဈေးကွက်ကလည်း မရှိ အခုတခါ ပြည်တွင်း ဈေးကွက်ကလည်း လျော့လာလို့ ရခိုင်ပြည်နယ်က ဆားထုတ်လုပ်ငန်းတွေ အတွက် မရေရာမှုတွေ ဖြစ်နေတဲ့ အခြေအနေကို ရွှေပြည့်ဖြိုး အိုင်အိုဒင်းဆား ထုတ်လုပ်ရေးက လုပ်ငန်းရှင် ဦးသန်းဝင်းနဲ့ မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

ဦးသန်းဝင်း။ ။ ကျနော်တို့ ဆားရောင်းရတာက မြောက်ဦးတို့၊ ကျောက်တော်တို့၊ ဘူးသီးတောင်တို့၊ ပုဏ္ဏားကျွန်းတို့ကို များများ ရောင်းရပါတယ်။ ဒီနှစ်ရောက်တော့ စစ်ပွဲတွေကြောင့် မတည်မငြိမ် ဖြစ်နေတာကြောင့် နယ်ကလူတွေလည်း ဈေးဝယ်ဖို့ တက်လာဖို့ အခက်အခဲ ရှိတယ်။ သူတို့တက်လာရင်လည်း ပြန်သွားရင် အဲဒါ သူတို့ စားသောက်ကုန်တွေကို စစ်ဆေးတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ကျနော်တို့ ရောင်းအားကျသွားတာ ဖြစ်ပါတယ်။

ကျနော်တို့ စစ်တွေ ဈေးကို နယ်ကလူတွေ အဓိက ဈေးလာဝယ်တာပါ။ သူတို့က ဈေးလာဝယ်ဖို့ မလာကြဘူးပေါ့။ မလာကြတာလည်း ကြာပါပြီ။ ကျနော်တို့ သုံး လေး ငါး လ ခြောက်လလောက် ရှိပါပြီ။ အဲဒီတော့ သူတို့ မလာတော့ ကျနော်တို့ ရောင်းရတာ ခက်တာပေါ့။ စစ်တွေဈေးမှာ ဆိုရင်လည်း အရင်တုန်းက လူပေါင်း ၃ ထောင်လောက် ဝင်တယ်ဆိုရင် အခု ၂၀၀ - ၃၀၀ လောက်ဘဲ ရောက်တာပေါ့။

ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှုတွေကြောင့် ဒေသတွင်းက ဆားလုပ်ငန်းတွေ သိသိသာသာ ကျလာပြီး လုပ်ငန်းဆက်လုပ်လို့ ရပါဦးမလားဆိုတဲ့ စိုးရိမ်ဖွယ် အဆင့် ဖြစ်လာတယ်လို့ စစ်တွေမြို့ ရွှေပြည့်ဖြိုး အိုင်အိုဒင်းဆား ထုတ်လုပ်ရေးက လုပ်ငန်းရှင် ဦးသန်းဝင်းက ပြောပြတာပါ။

ဦးသန်းဝင်း။ ။ ကျနော်တို့ အရင်တုန်းက ဆိုရင်ပေါ့လေ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဆိုရင် တနေ့ကို ပိသာချိန် ၂ သောင်းလောက် ထုတ်ပြီးတော့ မကွေးတိုင်းတို့ ဘူးသီးတောင် မောင်တောတို့ကို ပို့ပေးရပါတယ်။ ၁ သောင်းကျော် ၂ သောင်း ထုတ်ပြီးတော့။ အခုတော့ တနေ့ကို ပိသာချိန် ၃၀၀၀ လောက် ထုတ်သာ ထုတ်ရတယ်၊ လူကလည်း ၇ ယောက် ၈ ယောက်နဲ့ ထုတ်နေရပါတယ်။ ကျနော်တို့ တအား လျော့ကျသွားတာပေါ့။ အများကြီး ထိခိုက်မှု ရှိတာပေါ့။ ရပ်တည်လို့ ရမယ့် အခြေအနေတောင် ရှေ့မှာ သိပ်ပြီးတော့ ဖြစ်မှ ဖြစ်ပါ့မလားလို့ အဲလို သံသယ တခုတော့ ဖြစ်လာပါတယ်။

နိုင်ငံခြားက လာတဲ့ ဆား ရဲ့ အရည်အသွေးကို မယှဉ်နိုင်လို့ မြန်မာ့ ဆားလုပ်ငန်းက ဈေးကွက် ထက်ဝက်နီးပါးကို ဆုံးရှုံးနေတာပါ။ ရခိုင်ပြည်နယ်ထဲက ၁၅ ရာခိုင်နှုန်းလောက်ကလည်း ထိုင်းကလာတဲ့ ဆားကို သုံးပါတယ်တဲ့။ ရခိုင်ထုတ် ဆား ကိုတော့ ဒေသတွင်း အားထားရောင်းချနေရပေမယ့် အခုတော့ သွားရေး လာရေး အစစ်အဆေးတွေကြောင့် ဈေးလာသူ နည်းသွားခဲ့တာပါတဲ့။

ဦးသန်းဝင်း။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ဆားကို စားသုံးနေတဲ့သူ ၄၀ ရာခိုင်နှုန်း ရှိပါတယ် ခင်ဗျ။ ထိုင်းနိုင်ငံက CIS စက်ရုံက ထွက်တဲ့ ဆားတွေကို မြဝတီကနေ နယ်စပ် ဂိတ်ပေါင်းစုံက ဝင်ပြီးတော့ မြန်မာနိုင်ငံ အနှံ့သွားပါတယ်။ သူတို့ ဆားတွေက တအားဖွေးပြီးတော့ တအား ဖြူပြီးတော့ ခြောက်သွေ့ပါတယ်။ သန့်ရှင်းတယ်။ အဲဒါကို နိုင်ငံက လူတွေ ၄၀ ရာခိုင်နှုန်း စားသုံးပါတယ်။ ကျနော်တို့ ပြည်တွင်း ဆား ကိုတော့ ၆၀ ရာခိုင်နှုန်းဘဲ စားသုံးပါတယ်။

အရည်အသွေးပိုင်းမှာ မယှဉ်နိုင်ဘူးဆိုတာကိုလည်း ဦးသန်းဝင်းက ဝန်ခံပါတယ်။ အရည်အသွေးပိုင်း တိုးတက်ဖို့ အတွက်က အဓိက အရင်းအနှီး မတတ်နိုင်တာရယ် နည်းပညာရယ် ပါပါတယ်တဲ့။

ဦးသန်းဝင်း။ ။ ကျနော်တို့က ပြောင်းလဲရမှာက ကျနော်တို့က မြေကြီးမှာ ဆားလှန်းတဲ့ စနစ်ကနေ ပလတ်စတစ်မှာ ဆားလှန်းတဲ့ စနစ်ကို ပြောင်းရမှာ ဖြစ်ပါတယ်။ အဲဒါ ကျနော် ၂၀၁၂ ခုနှစ်ကနေ ပြီးတော့ ဘင်္ဂလားဒေရှ့် နိုင်ငံက နည်းစနစ် တခုကို ယူလာပြီးတော့ မြန်မာ့ ဆားလုပ်ငန်းကို တင်ပြပါတယ်။ မြန်မာ့ ဆားလုပ်ငန်းကနေ အဲလို နည်းစနစ် တခုကို ပြလိုက်တဲ့ အတွက် အခုဆိုရင် ဧရာဝတီတိုင်းမှာ ပလတ်စတစ်နဲ့ နေလှန်းဆား လုပ်တဲ့ လုပ်ငန်း အောင်မြင်သွားပါပြီ။ သူတို့ အဲဒီ ဆားတွေက ဖြူဖွေးပါတယ်။ အဲဒါ တချက်ပြုပြင်ရပါမယ်။ ကျနော်တို့ ရခိုင်မှာကျတော့ အရင်းအနှီးမရှိတဲ့ အတွက် အဲဒီ ပလတ်စတစ်နဲ့ နေလှန်းတာ Zero Percent ဘဲ ရှိပါတယ်။ မရှိသလောက်ပါ။

နံပတ် ၂ ကတော့ ကျနော်တို့ အခု ရှိနေတဲ့ နှစ် ၃၀ လောက်က နည်းစနစ်တွေကို ပြိုင်ချင်ရင်တော့ ဖယ်ရှားရမှာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကနေ စက်ကိရိယာတွေ ဝယ်ယူတင်သွင်းရမှာ ဖြစ်ပါတယ်။ တင်သွင်းပြီးမှ ကျနော်တို့ နိုင်ငံခြားက စက်ကိရိယာတွေနဲ့ အိန္ဒိယက စက်ကိရိယာတွေနဲ့ ကျနော်တို့ Product ထုတ်လိုက်တဲ့ အခါမှာ နိုင်ငံခြားက ဆားကို မီနိုင်မှာ ဖြစ်ပါတယ်။ အဲတော့ စက်ရုံပိုင်ရှင်တွေက အရင်းအနှီး မတတ်နိုင်တာ ဖြစ်ပါတယ်။

ရန်ကုန်မှာ ရှိတဲ့ စက်ရုံပိုင်ရှင် သူဌေးကြီးတွေကလည်း ဆားလုပ်ငန်းကို အဲလို စက်ကိရိယာတွေနဲ့ ပြောင်းလဲဖို့ သူတို့က မစဉ်းစားတော့ဘူးပေါ့။ သူတို့က တခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ အိမ်ခြံမြေတို့ တခြား နိုင်ငံခြားနဲ့ ကုန်သွယ်မှုတို့ကို ကူးပြောင်းသွားပါပြီ။ သူတို့က ဒီမှာ ရှိတဲ့ လုပ်ငန်းတွေကိုပေါ့လေ နဂို အတိုင်းဘဲ လုပ်နေတာဘဲ ဖြစ်ပါတယ်။

အဲဒါနဲ့ ကျနော်တို့ ဆားတွေကို ပြည်သူလူထုက လက်မခံပါဘူး။ ဘုရင့်နောင် ဈေးကွက်မှာလည်း ကြည့်လိုက်ပါ။ နိုင်ငံခြား ဆားတွေ ဘယ်လောက် လိုချင်လဲ၊ ဘယ်နှသိန်း လိုချင်လဲ ချက်ချင်း ဝယ်လို့ ရပါတယ်။ ကျနော်တို့ မြန်မာ ဆားကိုတော့ နည်းနည်းဘဲ ထားပါတယ်။ ကျနော်တို့ မြန်မာ ဆားကိုလည်း ရှမ်းပြည်နယ်တို့ မန္တလေးတိုင်းရဲ့ နယ်တပိုင်းလောက်ဘဲ စားတာပါ။ ကျန်တာ ကတော့ နိုင်ငံခြား ဆား တော်တော်လေး လွှမ်းမိုးသွားပါပြီ။ အဲဒါက ငြင်းပယ်လို့ မရပါဘူး။

မြန်မာ စားသုံးသူတွေက ထိုင်းက ဝင်တဲ့ ဆားကို အသုံးများတာဟာ သုံးစွဲသူ စိတ်ကြိုက် ရွေးချယ်ခွင့် ဖြစ်တယ်ဆိုတာကို ဦးသန်းဝင်းက လက်ခံပါတယ်။ သူကတော့ မြန်မာ့ ဆားတွေ အရည်အသွေး တိုးလာဖို့ စိတ်အားထက်သန်နေသူပါ။ တရားမဝင်ရော တရားဝင်ရော တန်ချိန် သိန်းချီပြီး မြန်မာဈေးကွက်ထဲကို ဆားတွေ ရောက်နေတာပါ။ ဈေးကွက်ကြီးပေမယ့် ငွေအရင်းအနှီး တတ်နိုင်သူတွေက ဆားထုတ်လုပ်တဲ့ လုပ်ငန်းထက် အကျိုးအမြတ်ကြီးတာတွေဘက်ကို ပိုအာရုံစိုက်နေကြတယ်လို့လည်း ဦးသန်းဝင်းက ထောက်ပြပါတယ်။

ဦးသန်းဝင်း။ ။ ရိုက်ခတ်မှုကတော့ ၃၀ - ၄၀ ရာခိုင်နှုန်းတော့ ရိုက်ခတ်မှု ရှိပါတယ်။ ကျနော်တို့ စိတ်မကောင်းတာ တခုကတော့ ဒီ ရခိုင်ပြည်နယ်ဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်ပါတယ်။ ရေလုပ်ငန်းကိုဘဲ အားကိုးပြီး စားနေရတဲ့ သူတွေဆိုတော့ နေလှန်းဆား လုပ်ပြီးတော့ပေါ့လေ၊ မြေ အလကား ရှိတယ် ရေက အလကား ရတယ် ပင်လယ်ထဲက။ အဲဒါကို ကျနော်တို့ လုပ်အားခ စိုက်လိုက်ရင် ဆားထွက်လာမယ်။ အဲဒီထွက်လာမယ့် ဆားတွေကိုပေ့ါလေ နိုင်ငံခြားကို တင်ပို့ရောင်းချဖို့ အတွက်ကို အစိုးရကို နောက်ပြီး သက်ဆိုင်တဲ့ သူတွေကို တိုက်တွန်းတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျေးလက်နေ ပြည်သူတွေ အလုပ်အကိုင် ရရှိဖို့နဲ့ ရခိုင်ပြည်နယ် စီးပွားရေး GDP တက်လာဖို့ အရေးကြီးပါတယ်။

ဧရာဝတီနဲ့ ရခိုင်က ထုတ်တဲ့ နေလှန်းဆားတွေကို ဘင်္ဂလားဒေရှ့်ကို စီးပွားဖြစ် တင်သွင်းနိုင်ခဲ့တဲ့ ရွှေခေတ်တုန်းက ရခိုင်မှာ အလုပ်အကိုင်တွေ စည်ကားခဲ့တယ်လို့လည်း ဦးသန်းဝင်းက ပြန်ပြောပြပါတယ်။ ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာ မြန်မာ အစိုးရက မီးဖိုချောင်သုံး ပစ္စည်းတွေ ပြည်ပ တင်ပို့မှုကို တားမြစ်လိုက်တာက တကြောင်း၊ မြန်မာ့ ဆား အရည်အသွေးကြောင့် တကြောင်း ဘင်္ဂလားဒေရှ့်ဘက်က မဝယ်တော့ဘဲ။ ဈေးကွက် ပျောက်ခဲ့ရတယ်လို့လည်း ဦးသန်းဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆားချက်နိုင်တဲ့ ပင်လယ်ရေ နေလှန်းနိုင်တဲ့ မြေတွေ ရှိပေမယ့် အဲဒီ မြေတွေမှာ ဆားလှန်းနေကြတဲ့ တောင်သူတွေက အဲဒီ မြေတွေကို တရားဝင် လုပ်ခွင့်ရထားကြတာ မဟုတ်ပါဘူး။ ကျီးလန့်စာစား လုပ်ကိုင်နေရတဲ့ အဲဒီ နေလှန်းဆား လုပ်ကြသူတွေ အတွက် အစိုးရဘက်က မူဝါဒပိုင်းဆိုင်ရာ တခုခု ချမှတ်ပေးနိုင်မယ်ဆိုရင် ဒေသခံတွေလည်း ဝင်ငွေရ၊ နိုင်ငံ အတွက်လည်း အကျိုးအမြတ် ရှိလေမလားဆိုပြီး ဆား လုပ်ငန်းရှင် ဦးသန်းဝင်းက မျှော်လင့်ချက်နဲ့ ပြောပြလာကြောင်းပါရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG