အနှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်ကောက်ယူခဲ့တဲ့ သန်ကောင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၄ သန်းရှိတဲ့အကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီကနေ့ကြေညာလိုက်ပါတယ်။ အခုထုတ်ပြန်တဲ့ ရှေ့ပြေး လူဦးရေစာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ၁.၇ သန်းပိုများနေတဲ့အကြောင်း၊ အခက်အခဲတွေကြောင့် စာရင်းမကောက်ယူနိုင်တဲ့ ရခိုင်၊ ကချင်နဲ့ ကရင်ပြည်နယ် ဒေသတချို့မှာရှိတဲ့ လူဦးရေကိုလည်း မြေပုံ၊ ရေတွက်တဲ့အကွက်အနေအထားအရ ထည့်တွက်ထားတာ ဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီက ရှင်းလင်းပြောသွားခဲ့ပါတယ်။။ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
ဒီနှစ် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ဆယ်ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း ကောက်ယူခဲ့တဲ့ ရှေ့ပြေးလူဦးရေစာရင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီက အခုလို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
“မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ Census Night - လို့ခေါ်တဲ့ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ညမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံခြားသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေ ပါတဲ့စာရင်းသည် ရှေ့ပြေးလူဦးရေစာရင်း။ လက်နဲ့ပေါင်းထားတဲ့ လက်ပေါင်းဇယားကို စက်ထဲထည့်ပေါင်းပြီး တင်ပြထားတာ ဖြစ်ပါတယ်။ အဲဒီစာရင်းတွေအရ ကျနော်တို့ရဲ့ ရှေ့ပြေးလူဦးရေစာရင်းသည် စုစုပေါင်း တိုင်းပြည်မှာ မတ်လ ၂၉ ရက်နေ့ညမှာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိတဲ့ သူတွေထဲမှာ ၅၁.၄၁ သန်း ရှိတယ်။ အဲဒီအထဲမှာ ယောက်ကျားလေးက ၂၁.၈ သန်း၊ မိန်းကလေးက ၂၆.၅ သန်း။ မြန်မာနိုင်ငံထဲမှာ မိန်းကလေးဦးရေ ပိုများတယ်။”
ဒေသအခြေအနေအရ အခက်အခဲအမျိုးမျိုးကြောင့် သန်းကောင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီးလည်း ဝန်ကြီးဦးခင်ရီက အခုလို ရှင်းလင်းခဲ့ပါတယ်။
“ရခိုင်ပြည်နယ်မှာဆိုရင် အောက်က Grass Root Level၊ အောက်ခြေမှာ ကျနော်တို့တွေ့တယ်။ အောက်ခြေမှာ ကျနော်တို့တွေ့တယ်၊ စည်းရုံးတယ်။ ဒီဥစ္စာ ခင်ဗျားတို့အတွက် ကောက်တဲ့ကိစ္စ- လက်ခံပေးဖို့၊ ပန်ကြားတယ်၊ တောင်းပန်တယ်၊ ညှိနှိုင်းတယ်။ အလားတူပဲ အလယ်အလတ်အဆင့် အရာရှိများ၊ ဒုတိယဝန်ကြီးများ ခေါင်းဆောင်ပြီးတော့ အဲဒီ ခရိုင်သုံးခုမှာရှိတဲ့ ဘာသာရေးဆိုင်ရာ အကြီးအကဲတွေ၊ ဒေသခံ ဘင်္ဂလီရွာတွေနဲ့ ကျနော်တို့ အုပ်စုတွေနဲ့ ညှိပါတယ်။ နောက် အဆင့်တဆင့်မှာလည်း ကျနော်တို့ Third party တွေခံပြီးတော့ ညှိနှိုင်းမှုတွေ လုပ်ပါတယ်။ သို့သော်လည်း Technical Delay ကာလရဲ့နောက်ဆုံးရက်ဖြစ်တဲ့ ဂျွန်လ ၁၄ ရက်နေ့ အထိ အဲဒီနေရာတွေမှာ ကျနော်တို့ ကောက်လို့ မရတဲ့ သဘောဖြစ်ပါတယ်။ အလားတူပါပဲ၊ ကချင်ပြည်နယ်မှာကျန်သေးတဲ့ ကျေးရွာအုပ်စု ၂၅ အုပ်စု၊ အဲဒီ ၂၅ အုပ်စုမှာလည်း ညှိနှိုင်းရေးမှာ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ကြိမ်ဖန်များစွာ ညှိပါတယ်။ စာတွေ ပေးပါတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်တွေကတဆင့် ကျနော်တို့ စာပေးပါတယ်၊ ပို့ပါတယ်။ သို့သော်လည်း ကချင်တိုင်းရင်းသားတွေဘက်ကတော့ ဒီတခါတော့ ပူးပေါင်းဆောင်ရွက်ဖို့ အနည်းငယ် ခက်ခဲနေပါတယ်။ နောက်တကြိမ်တော့ ပူးပေါင်းဆောင်ရွက်ပါရစေ-ဆိုတဲ့ ပြန်စာနဲ့ပဲ အဲဒီဘက်ကိုလည်း ကျနော်တို့ မလုပ်လိုက်နိုင်ပါဘူး။”
UNFPA ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဂျဲနက်၊ ဂျက်ဆင်ကလည်း မြန်မာ့ပြုပြင် ပြောင်းလဲရေးမှာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ တိုးတက်နိုင်ဖို့ လူဦးရေစာရင်းနဲ့ လူနေမှုဘဝအခြေအနေစစ်တမ်းတွေက အရေးကြီးတဲ့အကြောင်း အခုလို ပြောပါတယ်။
“ဒီလို သန်းကောင်စာရင်းကောက်ယူတာဟာ အကူအညီလိုအပ်နေတဲ့ လူထု ဖွံ့ဖြိုးမှုအတွက် လမ်းကြောင်း ဖွင့်ပေးတဲ့သဘောဖြစ်ပါတယ်။ လတ်တလော ဖော်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဟာ စီးပွားရေး၊ ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေလည်း ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း သာယာဝပြောရေးအတွက် ဖွံ့ဖြိုးရေးဟာ အခရာကျပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုတွေ လုပ်ပေးနိုင်ဖို့ သူတို့တတွေ ဘယ်မှာ ရှိကြတယ်၊ ဘယ်လို အသက်မွေး ဝမ်းကျောင်းတွေ လုပ်ကြတယ်၊ ပညာရေး၊ ကျန်းမာရေး အခြေအနေက ဘယ်လိုလဲဆိုတာကို စစ်တမ်းတွေ ကောက်ယူဖို့ လိုပါတယ်” လို့ ပြောသွားခဲ့တာပါ။
ဒီကနေ့ ထုတ်ပြန်တဲ့လူဦးရေစာရင်းထဲမှာ မြန်မာသံရုံးဝန်ထမ်းတွေကလွဲလို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ထည့်သွင်း ရေတွက် ထားခြင်း မရှိသေးပါဘူး။ သန်းကောင်စာရင်းကောက်ယူတုန်းက မေးမြန်းခဲ့တဲ့ လူမှု စီးပွား စစ်တမ်းမေးခွန်း (၄၀) ပါ အချက်အလက် စုစည်းချက်တွေကိုတော့ ၂၀၁၅ မေလမှာ ထုတ်ပြန်နိုင်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်းလည်း ဝန်ကြီးဦးခင်ရီက ပြောဆိုခဲ့ပါတယ်။
တခြားနိုင်ငံသားခံယူထားတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေ ပြုပြင်ပြောင်းလဲရေးမှာ ပူးပေါင်းပါဝင်ကြဖို့ မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလက်ရှိ မြန်မာပြည်သားအဖြစ် ပြန်လည် လက်ခံနေတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဝန်ကြီးဦးခင်ရီက အခုလို ရှင်းလင်း ပြောဆိုသွားပါတယ်။
“နိုင်ငံသားပြန်ဖြစ်ဖို့က အပေါက်ကလေး တစ်ပေါက်ပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ၈၁ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ (၈) က-ကြီးမှာ ‘နိုင်ငံတော်အကျိုးငှာ’…ဆိုတဲ့ အချက်ပေါ်မူတည်ပြီးတော့ နိုင်ငံတော်သမ္မတကြီးကဖြင့် - ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတော်အကျိုးအတွက် ငါတို့ လက်ခံကြစို့၊ အမျိုးသား ရင်ကြားစေ့ရေး အစီအမံအရ ပြန်ပြီး လက်ခံကြစို့-ဆိုတဲ့မူအရ ပြန်ပြီးတော့ ခေါ်တဲ့၊ လက်ခံတဲ့လူကိုသာလျှင် ကျနော်တို့ ပြန် စဉ်းစားလို့ရပါတယ်။ အဲဒီတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲလိုပုဂ္ဂိုလ်မျိုးကို နှစ်နိုင်ငံသားခံခွင့်မရှိဘူးဆိုတဲ့ ဥပဒေအရ ဟိုနိုင်ငံသားစွန့်လွှတ်တဲ့ကိစ္စတွေ၊ ဒီကို ပြန်ပို့တဲ့ကိစ္စတွေ ကျနော်တို့က တာဝန်ယူပြီးလုပ်ပါတယ်။
“ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ပြန်လာတဲ့ပုဂ္ဂိုလ်တွေမှာ ရာဇဝတ်ကြောင်းအရ အရေးယူဖို့ လိုသလား၊ လူတွေတအားသတ်သွားတယ်၊ စသည်ဖြင့် တချို့ Criminal case တွေ ရှိတဲ့လူကလွဲလို့- ရှိရင်တော့ ရှိသလိုပေါ့။ အဲဒီလို စစ်ပြီးတော့ ကျနော်တို့က အခုနကပြောတဲ့ ပုဒ်မ (၈) အရ နိုင်ငံတော်သမ္မတကြီးက လက်ခံပြီဆိုရင် ဟိုနိုင်ငံသားကိုစွန့်၊ ဒီနိုင်ငံသားပြန်လျှောက်၊ ဒီနိုင်ငံမှာ ချမှတ်ထားတဲ့ တည်ဆဲ ဥပဒေတွေကို လိုက်နာမယ်ဆိုတဲ့အကြောင်းကို ကျမ်းသစ္စာကျိန်ဆိုပြီးရင် ဒီနိုင်ငံသားအဖြစ် ပြန်ပေးပါတယ်။ အဲဒီတော့ တရားဝင် လျှောက်ထားတာ ၁၆၈ ယောက် ရှိပါတယ်။ သမ္မတကြီးဆီက ခွင့်ပြုတာ ၆၈ ယောက်ရှိပါတယ်။ ကျန်တဲ့လူတွေက စိစစ်ဆဲဖြစ်ပါတယ်။”
အခု မြန်မာနိုင်ငံမှာကောက်ယူခဲ့တဲ့ နည်းစနစ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ပညာပေးအစီအစဉ်တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ကျွမ်းကျင်အကဲခတ်တွေက နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လေ့လာ ဆန်းစစ်ခဲ့ကြတယ်လို့ UNFPA ရဲ့ ဒီကနေ့ ကြေညာချက်မှာလည်း ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ် သန်းကောင်စာရင်း ကောက်ယူရေး အတွက် မြန်မာအစိုးရက အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကို သုံးစွဲခဲ့ပြီး UNFPA ရဲ့ကြီးကြပ်မှုနဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ရန်ပုံငွေတွေနဲ့လည်း ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။ ရှေ့ပြေးလူဦးရေစာရင်းအရ လူဦးရေအများဆုံးဟာ ရန်ကုန်တိုင်း ဖြစ်ပြီးတော့ ဒုတိယလူဦးရေအများဆုံးက ဧရာဝတီတိုင်းနဲ့ တတိယလူဦးရေအများဆုံးကတော့ မန္တလေးတိုင်းဖြစ်ပြီး လူဦးရေ အနည်းဆုံးကတော့ ကယားပြည်နယ်ဖြစ်တယ်လို့ သန်းကောင်စာရင်းမှာ ဖော်ပြထားပါတယ်။