မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့ဝင် ၄ ဦး ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေကို လေ့လာဖို့အတွက် AIPMC မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ အပါအဝင် အင်ဒိုနီးရှား လွှတ်တော်အမတ်တွေနဲ့ ဒီနေ့ အင်ဒိုနီးရှား လွှတ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ မြန်မာအစိုးရနဲ့ ဥပဒေပြု လွှတ်တော်တွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် အကောင်အထည် ဖော်လိုတဲ့ ဆန္ဒရှိရင် အင်ဒိုနီးရှား နိုင်ငံမှာလို အရင်က ရန်သူလို့ သဘောထားခဲ့ကြတဲ့ အမြင်မတူသူတွေနဲ့အတူ လွှတ်တော်ထဲမှာ နိုင်ငံ့အကျိုးအတွက် လက်တွဲ ဆောင်ရွက်ကြဖို့ လိုတယ်လို့ AIPMC က တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွေ့အကြုံကို နမူနာယူပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတ ဦးသိန်းစိန်ကို အကြံပေးနိုင်ဖို့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင်နဲ့ ဒေါက်တာ နေဇင်လတ်၊ စီးပွားရေး အကြံပေးပုဂ္ဂိုလ် ဦးဝင်စတန်ဆက်အောင်နဲ့ ဥပဒေအကြံပေး ဒေါ်ခင်မျိုးမြင့်တို့ဟာ ဒီနေ့ အင်ဒိုနီးရှား လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီ သမ္မတ အကြံပေး ကိုယ်စားလှယ် အဖွဲ့နဲ့ ကိုယ်တိုင် တွေ့ဆုံခဲ့တဲ့ AIPMC မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ ဥက္ကဋ္ဌ အင်ဒိုနီးရှား လွှတ်တော်အမတ် အီဗာ ဆွန်ဒါရီ (Eva Sundari) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“အင်ဒိုနီးရှားနိုင်ငံမှာ အရင်က နိုင်ငံရဲ့၊ တမျိုးသားလုံးရဲ့ ရန်သူရယ်လို့ သတ်မှတ်ခဲ့တဲ့ လွှတ်တော်အမတ် ၅ ဦး အခု လွှတ်တော်ထဲမှာ ကျမတို့နဲ့အတူ တာဝန်တွေ ကိုယ်စီ ယူထားကြပါတယ်။ ဒါဟာ အသွင်ကူးပြောင်းရေး ကာလမှာ သိပ်ကို သိမ်မွေ့တဲ့၊ အဓိကကျတဲ့အချက် ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ ကိစ္စရပ်တွေကို စဉ်းစားတဲ့အခါ တဖက်သတ် မဖြစ်ရအောင်၊ မျှမျှတတရှိအောင် အတိုက်အခံ ဆိုတာလည်း ရှိရပါတယ်။ ဒါကြောင့် မြန်မာအစိုးရနဲ့ လွှတ်တော်တွေ အနေနဲ့ တကယ်ပဲ ပြုပြင်ပြောင်းလဲရေးကို အလေးအနက်ထား အကောင်အထည်ဖော်ဖို့ ဆန္ဒရှိတယ်ဆိုရင် အမြင်မတူသူတွေကိုလည်း နိုင်ငံရေးအရ ပါဝင်ခွင့်ပြုရမှာ ဖြစ်တယ်။” လို့ ပြောဆိုသွားပါတယ်။
သမ္မတ အကြံပေးအဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ဦးကိုကိုလှိုင်ကတော့ အင်ဒိုနီးရှား လွှတ်တော်အမတ်တွေကို စကားပြောကြားရာမှာ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ မျှော်လင့်ချက်တွေ တွေ့နေရပြီ ဆိုတာကို အသိအမှတ် ပြုထားပြီး ဖြစ်တဲ့အကြောင်း အစချီ ပြောကြားသွားတယ်လို့ မစ်စ် အီဗာ ဆွန်ဒါရီက ပြောပြပါတယ်။
“ဦးကိုကိုလှိုင်က အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွက် စံပြ နမူနာကောင်းတခု အဖြစ် သဘောထားကြောင်း ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို လေ့လာခွင့်ရလို့ ကျေးဇူးတင်တဲ့ အကြောင်းကိုလည်း ပြောဆိုသွားတယ်။” လို့ ဆိုပါတယ်။
သမ္မတ အကြံပေးအဖွဲ့ဟာ မနေ့က အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟာဆန် ဝိရာယုဒ (Hassan Wirajuda) နဲ့လည်း တွေ့ဆုံခဲ့ပြီး မစ္စတာ ဟာဆန်က မြန်မာနိုင်ငံမှာ အပေါ်ယံသဘော ပြောင်းလဲတာ မဟုတ်ဘဲနဲ့ အခြေခံကျတဲ့ အပြောင်းအလဲတွေကို တွေ့မြင်လိုတဲ့အကြောင်း တိုက်တွန်း ပြောဆိုသွားတယ်လို့ မစ်စ် အီဗာ ဆွန်ဒါရီက ပြောပြပါတယ်။
“အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးသေးတဲ့အတွက် ဝမ်းနည်းရတဲ့အကြောင်း အကြံပေးအဖွဲ့ကို အလေးအနက် ပြောဆိုနိုင်ခဲ့တယ်။” လို့ ပြောသွားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ဆိုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဓိကကျတယ်လို့လည်း ပြောဆိုသွားပါတယ်။
အင်ဒိုနီးရှား လွှတ်တော်အမတ်တွေက ဥပဒေပြုရေး လုပ်ထုံးလုပ်နည်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ၊ လွှတ်တော်ကို ဘယ်ပုံဘယ်နည်း စွမ်းရည်မြှင့်တင် ပေးရမလဲဆိုတဲ့ မဟာဗျူဟာတွေကိုလည်း ရှင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ AIPMC ဥက္ကဋ္ဌ အီဗာ ဆွန်ဒါရီက ဗွီအိုအေကို ပြောပြသွားပါတယ်။