(Zawgyi / Unicode)
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅- က နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေကို မကြာခင်မှာ ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ တချို့ ၅၀၅ သမားတွေကတော့ ပြင်းထန်တဲ့ ဥပဒေပုဒ်မတွေနဲ့ အမှုထပ်တိုးခံနေရကြောင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေရဲ့ မိသားစုဝင်တွေနဲ့ သူတို့ရှေ့နေတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ဒေါ်ခင်မျိုးသက် ပြောပြပေးမှာပါ။
ရန်ကုန်အင်းစိန်ထောင်မှာ ပုဒ်မ ၅၀၅- က နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး တရားရင်ဆိုင်နေရတဲ့ လူငယ်တချို့ဟာ နောက်ထပ်အမှုတွေနဲ့ ထပ်တိုးစွဲဆိုခံထားရကြောင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ပုဒ်မ ၅၀၅- က နဲ့ မေလကတည်းက ဖမ်းဆီးခံထားရပြီး မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ပါမလာသူတွေဟာ ဒီလိုထပ်တိုးအမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
တချို့ အမှုတွဲတွေမှာဆိုရင် အဖွဲ့လိုက် ဖမ်းဆီးခံရသူတွေအားလုံးကို ထပ်တိုးပုဒ်မတွေနဲ့ စွဲဆိုထားကြောင်း အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၃ ယောက်ရဲ့မိခင် ဒေါ်ခင်မြက ဗွီအိုအေကို ပြောပါတယ်။
“ ကလေးတွေက အထဲကနေ ရေးပေးတာလေ။ သူတို့ကို video conference နဲ့ ပြောနေတာ အထဲမှာ။ အခုရှေ့နေတွေက အပြင်ကနေ အထဲကို ဝင်ခွင့် မပေးဘူးလေ။ သူတို့က ကိုဗစ်ကြောင့် ရုံးပိတ်လိုက်ပြီးတော့ သူတို့ချည်းပဲ video conference နဲ့ ပြောနေကြတာ။ သူတို့ကတော့ အမှုကို ထပ်တိုးမှာပေါ့၊ လွှတ်မှမလွှတ်ပေးချင်တာ။ 122/ 124 ပဲ နိုင်ငံတော် ပုန်ကန်မှုပဲ။ ကလေးတွေက တဖွဲ့လုံးပေါ့နော်၊ အခုမှ စာရေးတဲ့သူတွေကရေးကြပေါ့၊ တချို့မိဘတွေ အန်တီတို့ အဖွဲ့တွေထဲက ကလေးတွေရဲ့ အမေတွေကလည်း ဖုန်းတွေဘာတွေ ဆက်ကြပေါ့နော်။ သူတို့က ဒီပုဒ်မတွေ တပ်ထားတယ်ပေါ့။ ဟုတ်တယ်လို့ ပုဒ်မက တပ်ထားတာလို့ အခုကျမှ လွတ်ငြိမ်းပေးခါနီးကျမှ သူတို့က နောက်ထပ်အမှုတွေ ထပ်တပ်ပစ်လိုက်တာ။”
ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တဲ့သူအများစုက နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅- က နဲ့ အများဆုံး ဖမ်းဆီးထိန်းသိမ်း ခံရတာပါ။ တချို့ ၅၀၅ အမှုတွေက စစ်ဆေးနေဆဲကာလမှာပဲ နောက်ထပ် ဥပဒေပုဒ်မအသစ်တွေနဲ့ ထပ်တိုးခံရတာလို့ တရားလွှတ်တော်ရှေ့နေ ဒေါ်သွယ်သွယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
“ ဟုတ်ကဲ့ ကျမတို့အမှုသည်တွေထဲမှာလည်း အဲလိုပဲ စစ်ဆေးနေဆဲပဲ ရှိသေးတာတောင်မှ ထပ်တိုးတာ၊ ဘာလို့ ထပ်တိုးလဲဆိုတော့ ဒီ မတရားအသင်းတွေနဲ့ ဆက်သွယ်တယ်ပေါ့။ ပုန်ကန်ဖို့အတွက် လှုပ်ရှားတယ်ပေါ့။ အဲလိုမျိုးနဲ့ ပုဒ်မထပ်တိုးတာ။ တချို့ဆိုရင် ၁၉(င) ပေါ့နော် လက်နက်နဲ့မိတယ်၊ ပြီးတော့ ၁၉(စ) ပေါ့။ ပြီးတော့ 122/ 124 အဲလိုမျိုးတွေနဲ့၊ 122 တပ်တာတော့များတယ်။ အဲဒါက ခရိုင်ရုံးတွေမှာ စွဲရတာပေါ့နော်။”
ရှေ့နေဦးခင်မောင်မြင့်ကတော့ သူ့အမှုသည်တွေထဲမှာ အမှုထပ်တိုးခံရသူ မရှိပေမဲ့လည်း အခုနောက်ပိုင်း ဖမ်းဆီးခံရသူတွေဟာ ပိုမိုပြင်းထန်တဲ့ ဥပဒေပုဒ်မတွေနဲ့ စွဲဆိုခံနေရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“ ယခင်ကတော့ ၅ဝ၅- က နဲ့ပဲ စွဲကြတာများတယ်ပေါ့၊ သူ့ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်က ၃ နှစ်ပေါ့။ သို့သော် ဒီနောက်ပိုင်းမှာကျတော့ စွဲဆိုတာတွေက ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောဥပဒေ၊ သတ္ထုပစ္စည်းများဥပဒေ ပုဒ်မ (၅)၊ ပုဒ်မ (၃)၊ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်တာနဲ့ စွဲတယ်။ ၁၉၀၈ ခုနှစ် မတရာအသင်းဥပဒေ ပုဒ်မ ၁၇(၁) သို့မဟုတ် ၁၇(၂) နဲ့ စွဲကြတယ်။ နောက်တခါ ၁၉၈၄ ခုနှစ် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ (ခ) နဲ့ စွဲကြတယ်ပေါ့။ ၂၀၁၇ မှာ ပြဋ္ဌာန်းလိုက်တဲ့ အကြမ်းဖက်မှု အက်ဥပဒေ ၅၂(က)နဲ့ စွဲကြတယ်ပေါ့။ ဒါတွေက အရမ်းပြင်းထန်တယ်။ ပြစ်မှုအားဖြင့်လည်း ပြင်းထန်သလို ပြစ်ဒဏ်အားဖြင့်လည်း ပြင်းထန်တယ်ပေါ့။”
နိုင်ငံရေးအမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့သူတွေထဲက တချို့အမှုတွေကို စိစစ်ပေးဖို့ရှိကြောင်းနဲ့ တဖက်ကလည်း တခြားဥပဒေတွေနဲ့ ငြိစွန်းနေတာ ရှိ၊ မရှိကို စိစစ်ပြီး တချို့ ၅၀၅-က အမှုတွေကို ရုပ်သိမ်းပေးဖို့ရှိကြောင်း နစကကောင်စီရဲ့ အစည်းအဝေးတခုမှာ ဆွေးနွေးခဲ့တာကို မြန်မာ့ရုပ်မြင်သံကြားက ဒီရက်ပိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။
ကိုဗစ်ကန့်သတ်မြို့နယ်ထဲမှာပါတဲ့ အင်းစိန်ထောင်ကို ၂၀၂၁ မတ်လ ၆ ရက်ကစပြီး lockdown သတ်မှတ်လိုက်တာပါ။ ဒါကြောင့် အင်းစိန်ထောင်ထဲက အထူးတရားရုံးတွေလည်း ပိတ်ထားရပြီး ရုံးချိန်းရွှေ့တာကိုတော့ video conferencing နဲ့ပြုလုပ်နေတာပါ။
၅၀၅-က တွေနဲ့ ထိန်းသိမ်းခံရသူတွေရဲ့ အမှုတွေကို ရက်ပေါင်း ၁၈၀ အတွင်းအပြီးဆောင်ရွက်မယ်လို့ စစ်ကောင်စီအစိုးရဘက်က ပြောကြားခဲ့ပေမဲ့ ကိုဗစ်အကန့်အသတ်တွေကြောင့် တချို့အမှုတွေက ရက်ပေါင်း ၁၈၀ ကျော်လာတာပါ။
အတိအကျ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ မကြာခင်မှာ တရားရုံးတွေ ပြန်ဖွင့်ဖို့ရှိပြီး မြို့နယ်အလိုက် သက်ဆိုင်ရာ တရားသူကြီးတွေက နောက်ဆုံး အမိန့်ချနိုင်ဖို့အတွက် ပြင်ဆင်ထားကြဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။
(Unicode)
ပုဒျမ ၅၀၅ အကဉြျးသားတှေ အမှုထပျတိုးခံရ