သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီငြိမ်းပါတီ ဒီမိုကရက်တစ် မိတ်ဆွေအုပ်စုက နှုတ်ထွက်


ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ဆိုပြီး ဖွဲ့စည်းခဲ့တဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများအဖြစ် နိုင်ငံရေးပါတီ ၆ ခု ပေါင်းထားတဲ့ အဖွဲ့ထဲကနေ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီက ခွဲထွက်လိုက်ပြီလို့ ဒီကနေ့ပဲ တရားဝင် အကြောင်းကြားလိုက်ပါတယ်။ ငါးလုပ်ငန်းရှင် ဦးလှမောင်ရွှေရဲ့ ငွေကြေး ထောက်ပံ့မှုတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေး ပါတီတချို့ ရှိနေတာကို အကြောင်းပြုပြီး အခုလို မိတ်ဆွေအဖြစ် နိုင်ငံရေး ပူးပေါင်းမှုတွေ ဆက်မလုပ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီလို ခွဲထွက်မှု ရှိလာလို့ မိတ်ဆွေပါတီတွေအကြား ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အပါအဝင် တခြားပါတီတချို့က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ငါးလုပ်ငန်းရှင် ဦးလှမောင်ရွှေကနေ ငွေကြေး ထောက်ပံ့မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတပုဒ် ရန်ကုန်အခြေစိုက် မြန်မာပို့စ် သတင်းထဲမှာ မကြာခင်က ပါခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ၆ ပါတီ မိတ်ဆွေဖွဲ့ထားတဲ့ အဖွဲ့ထဲကနေ ယာယီရပ်ဆိုင်းတယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက အောက်တိုဘာလ ၆ ရက်နေ့တုန်းက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့တော့ မိတ်ဆွေပါတီတွေထဲကနေ အပြီးအပိုင် နှုတ်ထွက်တယ် ဆိုတဲ့အကြောင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး (ဒီငြိမ်း) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က ရှင်းပြပါတယ်။

“ဦးလှမောင်ရွှေကဲ့သို့သော လုပ်ငန်းရှင်ကြီးများထံမှ ငွေကြေးအကူအညီ ရယူထားသော ပုဂ္ဂိုလ်များ ပါဝင် ဖွဲ့စည်းထားတဲ့ ပါတီတွေနဲ့တော့ မည်သည့် ပူးပေါင်းဆောင်ရွက်မှုများမှ မလုပ်လိုပါ။ လုပ်ရင် မဲဆန္ဒရှင်တွေနဲ့ ပြည်သူလူထုကြီး တရပ်လုံးက ကျနော်တို့ကို အထင်မှားစရာ၊ သံသယရှိစရာတွေ ရှိပါလိမ့်မယ်။ ဒါကြောင့် ၆ ပါတီ သဘောတူညီချက်မှ ကျနော်တို့သည် အပြီးအပိုင် ထိုသဘောတူညီချက်များကို ရပ်ဆိုင်းလိုက်ပါသည်။”

ဦးမျိုးညွန့်ဟာ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးအဖြစ် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့်သူပါ။ သူတို့ရဲ့ ဒီငြိမ်းပါတီက လွှတ်တော်ကိုယ်စားလှယ် ၉ ဦး ရွေးကောက်ပွဲကို ဝင်ကြပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေဟာ စစ်အစိုးရက လက်ခံထားတဲ့ လုပ်ငန်းရှင်တဦး ဖြစ်လို့ ဒီလိုလူမျိုးတွေက နိုင်ငံရေးပါတီတွေကို ကူညီတဲ့ ငွေကြေးဟာ မစင်ကြယ်ဘူးလို့ ဒီငြိမ်းပါတီက ယူဆတဲ့အကြောင်း ဦးမျိုးညွန့်က ဆက်ပြီး ပြောပါတယ်။

“ဦးလှမောင်ရွှေဆိုတာ ငါးလုပ်ငန်းရှင်ကြီးများ အဖွဲ့ရဲ့ ဥက္ကဋ္ဌတဦး ဖြစ်ပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်းရဲ့ အမှုဆောင် လူကြီးများထဲမှာလည်း တယောက် ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးများက အဲဒီ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေကို သူတို့သမီး မင်္ဂလာဆောင်လို့ မင်္ဂလာလက်ဖွဲ့တာ မဟုတ်ဘူး၊ သူတို့သား မွေးနေ့မို့လို့ မွေးနေ့လက်ဆောင် ပေးတာ မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်ဖို့အတွက် ပေးတာပါ။

“အဲဒီပုဂ္ဂိုလ်ကြီးများဟာလည်း နိုင်ငံတော် အစိုးရကနေပြီးတော့ သဘောတူညီချက်နဲ့ ဖွဲ့စည်း၊ ခန့်ထားတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ သက်ဆိုင်ရာကနေပြီးတော့ ခွင့်ပြုချက် မရဘဲ၊ မီးစိမ်း ပြမထားဘဲနဲ့ ဘယ်သူ့ကိုမှ အဲဒီလို အထောက်အကူများ ပေးဝံ့၊ ပေးရဲမယ်လို့ ကျနော်တို့ မမြင်ပါဘူး။ အဲဒီလို ပုဂ္ဂိုလ်မျိုးများရဲ့ ငွေကြေး အထောက်အပံ့ဟာဖြင့် ဒီမိုကရေစီ နိုင်ငံရေး ဆောင်ရွက်ရန် စင်ကြယ်သော အထောက်အပံ့၊ ငွေကြေးများလို့ ကျနော်တို့ မထင်ပါဘူး။”

NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက လွှတ်တော်ကိုယ်စားလှယ် တချို့ဟာ ဦးလှမောင်ရွှေရဲ့ ငွေကြေးကူညီမှုတွေ ရရှိခဲ့တယ်ဆိုတာ အမှန်ပဲလို့ NDF ပါတီက ဝန်ခံပါတယ်။ ဒါပေမဲ့ စီးပွားရေး လုပ်ငန်းရှင်ဆီက ငွေကြေးကူညီမှုကို လက်ခံတာဟာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်ရာ မရောက်ဘူးဆိုတဲ့ အကြောင်း NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေကို ကိုးကားပြီး ရှင်းပြပါတယ်။

“ပါတီပိုင် ရန်ပုံငွေကို ကောက်ခံရရှိထားသော ပါတီဝင်ကြေးနဲ့ ပါတီလစဉ်ကြေး၊ နံပါတ်နှစ်က ပြည်တွင်းရှိ နိုင်ငံသား တဦးချင်းကဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ အစုအဖွဲ့က ဖြစ်စေ၊ ၎င်းတို့ တရားဝင် ရရှိထားသော ငွေကြေး ပစ္စည်းများထဲမှ ပါတီသို့ လှူဒါန်း ထည့်ဝင်သည့် ငွေကြေး သို့မဟုတ် ပစ္စည်း၊ နောက်တခါ သုံးက ပါတီပိုင် စီးပွားရေး လုပ်ငန်းများမှ တရားဝင် ရရှိသော ငွေနဲ့ အမြတ်အစွန်း ဆိုပြီးတော့ ပါတီရန်ပုံငွေကို ကောက်ခံနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါခင်ဗျ။

“လွှတ်တော် ကိုယ်စားလှယ်လောင်း ဆိုရင်လည်း ရွေးကောက်ပွဲ အသုံးစရိတ်ငွေကို ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း၏ တရားဝင် ရရှိသောငွေမှ လည်းကောင်း၊ ဆိုလိုတာ သူ့ငွေနဲ့သူ သုံးရင်လည်း သုံးပေါ့ဗျာ၊ သို့မဟုတ် တရားဝင် ရရှိထားသည့် ပါတီရန်ပုံငွေမှ လည်းကောင်း ပေးနိုင်တယ်။”

ဒီမိုကရေစီရေးကို တကယ်လုပ်မယ့်လူတွေ နည်းရတဲ့အထဲ ရွေးကောက်ပွဲ မတိုင်ခင် အခုလို ခွဲထွက်မှုတွေ ရှိတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“ဒီမိုကရေစီအတွက် ရှေ့မှာ အများကြီး လုပ်ကြရမယ့် သူတွေဟာ အမြင်ကျယ်ကျယ်နဲ့ လုပ်ကြဖို့ လိုတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး နယ်ပယ်ထဲမှာ ဒီမိုကရေစီအတွက် လုပ်နေတဲ့သူတွေ ဆိုတာလည်း အင်မတန် နည်းပါတယ်ဗျာ။ တကယ်လက်တွေ့ ဝင်လုပ်တာ။ အဲတော့ ဒီလောက်နည်းရတဲ့ အထဲမှာ ရှင်နည်းရာ အဂ္ဂလူထွက် ဆိုတော့ ကျနော်တို့က စိတ်တော့ မကောင်းတာပေါ့ဗျာ။”

ရွေးကောက်ပွဲ အောင်နိုင်ရေး ၆ ပါတီ မိတ်ဆွေဖွဲ့စည်းရေးကို ကမကထ လုပ်ပေးခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်ကတော့ ခွဲထွက်မှုတွေ ရှိနေပေမဲ့လည်း ကျန်တဲ့ပါတီတွေနဲ့ ရည်ရွယ်ချက်အတိုင်း ဆက်သွားမယ်လို့ ဆိုပါတယ်။

“အခု ထွက်သွားခြင်း၊ မထွက်သွားခြင်း အပေါ်မှာ အကျိုးအကြောင်းကို ကြည့်ရမှာပေါ့ဗျာ။ သူ ထွက်သွားတဲ့ အကျိုးအကြောင်းက ခိုင်လုံတယ်ဆိုတော့ ကျန်တဲ့ပါတီတွေကတော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ သူ ထွက်သွားတဲ့ အကျိုးအကြောင်းက မခိုင်လုံရင်တော့ ကျန်တဲ့ပါတီတွေက ပိုပြီးတော့ စည်းလုံးပြီး ပြည်သူ့ထောက်ခံမှု ပိုရမှာပေါ့ဗျာ။ ကျနော်တို့က တပါတီနဲ့ တပါတီ မိတ်ဆွေဖြစ်တယ်၊ ရွေးကောက်ပွဲလွန် ကာလမှာလည်း လွှတ်တော်ထဲမှာ ကျနော်တို့ ပြန်တွေ့ကြရင် ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ပဲ ကျနော်က မျှော်လင့်တယ်ဗျ။”

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆိုပြီး တူရာတူရာ အုပ်စုဖွဲ့၊ မိတ်ဆွေလုပ်ထားကြတဲ့ အထဲမှာ နိုင်ငံရေး ပါတီတွေ အချင်းချင်း ပူးပေါင်းထားကြတာတွေ ရှိသလို တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အတွင်းမှာလည်း တူရာတူရာ ပူးပေါင်း ဖွဲ့စည်းထားကြပြီးတော့ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြဖို့ ပြင်ဆင်နေကြပါတယ်။

XS
SM
MD
LG