(Zawgyi/Unicode)
နိုင်ငံထဲမှာ ဝေဖန်ထောက်ပြစရာဖြစ်နေတာတွေ၊ အဆီအလျော်မတည့်ဖြစ်နေတာကို သရော်တင်ပြတဲ့ သံချပ်ဗီဒီယိုတွေကို စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ ကျောင်းသား လူငယ်တွေက ဒီနှစ်မှာလည်း ဖန်တီးထားကြပါတယ်။ ပြည်သူတွေ သံပုံးတီးပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်တာ၊ လူငယ်တွေ သတ္တိရှိရှိ လမ်းပေါ်ထွက်နေတာ၊ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုလုပ်နေကြတာ စတဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်လူငယ်တွေ သံချပ် တိုင်ထားကြတဲ့အကြောင်း မစုမြတ်မွန်က တင်ပြပါမယ်။
“တို့ပြည်သူတွေ ငြိမ်မနေနဲ့ ….
ပင့်ကူအိမ်နဲ့ ငြိနေလိမ့်မယ်…. ပင့်ကူအိမ်နဲ့ ငြိနေလိမ့်မယ်
ရုန်းထွက်မယ်လို့ ဆုံးဖြတ်ကြရင်….. သံကြိုးတွေတောင်ပြတ်တောက်လိမ့်မယ်……သံကြိုးတွေတောင်ပြတ်တောက်လိမ့်မယ်။”
တကသ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေရဲ့ ကျောင်းသားလူငယ်တွေ စုပေါင်းဖွဲ့ထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ သံချပ်တိုင်သံတွေဖြစ်ပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး တော်လှန်သင်္ကြန်အဖြစ် ဆင်နွဲနေကြတဲ့ ကျောင်းသားလူငယ်တွေက လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို သံချပ်စာသားတွေ အဖြစ် ပြောင်းလဲဖန်တီးထားကြပါတယ်။
“ပန်းပွင့်တိုင်းဟာ …၂၁ မှာ ဖူးပွင့်လာပြီ… ၂၁ မှာ ဖူးပွင့်လာပြီ”
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရဲ့ဒီနှစ် သင်္ကြန်သံချပ်စာသားတွေကတော့ စစ်အာဏာသိမ်းတဲ့အကြောင်း၊ ပြည်သူအများ ဆန့်ကျင် ကန့်ကွက်တဲ့အကြောင်းတွေကို အဓိက ထောက်ပြထားကြပါတယ်။
“ပြည်သူ့အနာဂတ် အလုခံရတာ၊ ပြည်သူ့အိမ်မက် ချိုးခံရတာ။
လက်နက်ကိုင်ပြီး လုယူခဲ့တဲ့ ညသန်းကောင်ယံမှာ လုယူခဲ့တဲ့ … ပြည်သူ့အာဏာပြန်ရရေး ပထမဆုံးတော်လှန်ခဲ့တာ … သံပုံးတီးတဲ့ တော်လှန်ရေး … . သံပုံးတီးတဲ့ တော်လှန်ရေး
လမ်းမတွေမှာလူတွေဝေ… မြန်မာ့နွေဦးတော်လှန်ရေး…. မြန်မာ့နွေဦးတော်လှန်ရေး”
ခေတ် စနစ် ကမောက်ကမဖြစ်နေတဲ့ အခြေအတွေကို သင်္ကြန်အချိန်ရောက်ရင် သံချပ်တွေနဲ့ သရော်တင်ပြကြလေ့ရှိတာပါ။ ဒါကြောင့်လည်း လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို ဒေါင်းတို့မျိုးဆက် ကျောင်းသားလူငယ်တွေရဲ့ သင်္ကြန်စာသားတွေမှာ ခုလို ထည့်သွားထားကြပါတယ်။
“ခေတ်ကြီးကလည်းမှောင်…. စနစ်ကြီးကလည်း ကြောင်… ပြည်သူ့ဝမ်းလည်း တချောင်ချောင်… ပြည်သူ့ဝမ်းလည်း တချောင်ချောင်
ပြည်သူတွေဟာ… လူငယ်တွေဟာ … ကျောင်းသားတွေဟာ … အမှန်တရားကို အလံလိုလွှင့်တယ်။”
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ အရင်ထဲကခုလို နိုင်ငံထဲမှာဖြစ်နေတဲ့ အခြေအနေတွေကို သံချပ်တွေလုပ်ခဲ့တာကြောင့် အဖွဲ့ဝင်တချို့ ဖမ်းဆီး တရားစွဲ ထောင်ချခံထားရတာပါ။ ၂၀၁၉ ခုနှစ်က သင်္ကြန်သံချပ်ဖျော်ဖြေမှုတွေမှာ စစ်တပ်ရဲ့ နိုင့်ထက်စီးနင်းလုပ်မှုတွေကို တင်ပြခဲ့တဲ့အတွက် သံချပ်အဖွဲ့ ခေါင်းဆောင် ၃ ယောက် အင်းစိန်ထောင်မှာ ထောင် ၆ နှစ် ချခံထားရပါတယ်။
ဒေါင်းတို့မျိုးဆက်လိုပဲ မုံရွာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂက လူငယ်တွေရဲ့ ဒေါင်းမျိုးဆက်သံချပ်အဖွဲ့ကလည်း သံချပ်ဗွီဒီယိုကို အွန်လိုင်းပေါ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
“ခြောက်မကြောက် တို့သွေးသောက်… လျှောက်ဆက်လျှောက် ရဲရဲတောက်
CMD CDM စစ်ကောင်စီကို ပလက်လှန်… အရှိုက်ကို ထိတဲ့ CDM … အကြိုက်ကိုထိတဲ့ CDM
ဒီအချိန်မှာ တာဝန်မရှိ… ဓမ္မ၊ အဓမ္မ ၂ ခုပဲ ရှိတယ် … ပြည်သူ့လစာ ယူထားပြီးတော့ ပြည်သူနဲ့အတူ ရပ်တည်ကြပါ။”
မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂသံချပ်အဖွဲ့ ဦးဆောင်သူ ကိုဝေမိုးနိုင်ကတော့ ဧပြီလ ၁၅ ရက်နေ့ ဖမ်းဆီးခံခဲ့ရပါတယ်။ မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ရှေ့ကဦးဆောင်သူ ကိုဝေမိုးနိုင်ကို ဆိုင်ကယ် သပိတ်စစ်ကြောင်းထွက်နေစဉ်မှာ ကားနဲ့ မျက်နှာချင်းဆိုင် ဝင်တိုက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခဲ့တာပါ။ သူ အဖမ်းမခံရခင် အန္တရာယ်တွေကြားကပ ခက်ခက်ခဲခဲ ဒီသင်္ကြန်သံချပ်ဗွီဒီယိုကို ရိုက်ခဲ့ရတယ်လို့ မုံရွာကျောင်းသားသမဂ္ဂတယောက်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“ဒီတော်လှန်သင်္ကြန်မှာ ကျနော်တို့လူငယ် တွေ ပါကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အကြိုနေ့မှာ ကျနော်တို့ သံချပ်ရေးတယ်။ ရေးပြီးအကျနေ့မှာ သံချပ်ကို ဒီလုံခြုံနိုင်မယ်ထင်တဲ့ တနေရာကိုသွားပြီးတော့ ရိုက်ခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ လူထုကို မြန်မာနိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ အခြေအနေ တွေကို ထင်ဟပ်စေချင်လို့ အသံပြုလိုက်တာပါ”
လက်ရှိ ပြည်သူတွေကြုံနေရတဲ့ အကျပ်အတည်းတွေကို အားမလျော့ ဆက်ပြီးရင်ဆိုင်သွားဖို့ တိုက်တွန်း အားပေးချင်တာကြောင့် ဒီသံချပ်ကို ရည်ရွယ်လုပ်တာဖြစ်တယ်လို့ မုံရွာကျောင်းသားခေါင်းဆောင်က ပြောပါတယ်။
“ဖေဖော်ဝါရီ ၁ရက်နေ့က စပြီး တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခံခဲ့ရတယ်။ ပြည်သူမဲတွေခိုးခံခဲ့ရတယ်။ အဲလိုခိုးခံခဲ့ရလို့ ကျနော်တို့ လူငယ်တွေ ကျနော်အပါအဝင်ပေါ့ မျိုးဆက်အသီးသီးက ကျနော်တို့ အာဏာကို အကြမ်းဖက် လုယူသွားတဲ့ စစ်ကောင်စီကို တော်လှန်နေရတဲ့ အချိန်ကာလဖြစ်တယ်။ ဒီလိုအချိန်မှာ ပြည်သူတွေ အနေနဲ့စိတ်ဓါတ်ပျက်ပြားတာမရှိ ဘဲနဲ့ စိတ်ဓါတ်ပြိုလဲတာမရှိဘဲ အားမွေးထား ပြီးတော့ ကျနော်တို့ ဆက်လက်တော်လှန်ပေးဖို့ ကျနော် တို့က အဓိက သတင်းစကားပါးချက်တာပါ။ ဒါဟာကျနော်တို့နောက်ဆုံးတိုက်ပွဲနိုင်အောင်တိုက်ရမယ် ဆိုတာကို သတင်းစကား ပါးချင်တာပါ”
ခေတ်အခြေအနေကို ထင်ဟပ်နေတဲ့ သင်္ကြန်သံချပ်တွေဟာ အရင် စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့ပြီး အရပ်သားအစိုးရလက်ထက်မှာ ပြန်လည် ပေါ်လာခဲ့ပါတယ်။ ဒါတောင် အခြေအနေမှန်တွေကို သရော်ပုံဖော်တဲ့အတွက် တရားစွဲ ထောင်ချခံရသူတွေရှိပါတယ်။ အခုလည်း နောက်တကြိမ် စစ်တပ် အာဏာသိမ်းအုပ်ချုပ်ခံထားရချိန် သင်္ကြန်သံချပ်တွေကို ဖန်တီးထားတဲ့ အာဏာရှင်ဆန့်ကျင်သူ ကျောင်းသားတော်တော်များများ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
..........
(Unicode)