နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ခေါင်းဆောင်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြတာမှာတော့ ၂၁ ရာစု ပင်လုံညီလာခံမှာ ဘယ်သူတွေ ပါဝင်ကြမလဲဆိုတာနဲ့ တိုင်းရင်းသားဒေသတွေက ထိုးစစ်တွေ ရပ်တန့်ရေး အဓိက ဆွေးနွေးခဲ့ကြပါတယ်။
စစ်ရေး ပဋိပက္ခမှာ ပါဝင် ပတ်သက်သူအားလုံးတို့ စစ်မှန်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို တပြိုင်တည်း ကြေညာနိုင်ဖို့ မျှော်လင့်တဲ့အကြောင်းလည်း ဆွေးနွေးပွဲအပြီးမှာပဲ UNFC ဘက်က ကြေညာချက် ထုတ်ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံမှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေရော အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်ကရော ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ရေးဆိုပေမယ့် ဘယ်သူတွေ ပါဝင်ကြ မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီကနေ့ ရန်ကုန်မြို့က အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာလုပ်တဲ့ တွေ့ဆုံပွဲမှာတော့ UNFC ဥက္ကဌ ဦးအင်ဘန်လ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ နောက် ခူဦးရယ် ဦးဆောင်တဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့တာပါ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်တွေရဲ့ ပထမဆုံးအကြိမ် ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။