အစိုးရက လျာထားသတ်မှတ်တဲ့ရက် ဇွန်လကုန်မှာ ကျင်းပနိုင်ခြေရှိတဲ့ တတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေ စတင် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေချည်း စုဝေးပြီး ဒီကနေ့ ရန်ကုန်မှာ တွေ့ဆုံခဲ့ကြပြီး ညီလာခံမှာ ဆွေးနွေးမယ့် နိုင်ငံရေးမူဘောင်တွေနဲ့ တက်ရောက်မယ့်ကိုယ်စားလှယ်တွေနဲ့ တရားဝင် ရက်သတ်မှတ်နိုင်ရေး ဆွေးနွေးခဲ့ကြသလို နိုင်ငံရေး ပါတီတွေဘက်ကလည်း တတိယအကြိမ် ပင်လုံညီလာခံမှာ သတ်မှတ်ထားတဲ့ မူဘောင်တွေအတိုင်း ဆွေးနွေးနိုင်ဖို့ နိုင်ငံရေးပါတီအားလုံးရဲ့သဘောတူညီမှုရအောင် ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ မေလ က ဒုတိယအကြိမ် ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးကတည်းက တတိယအကြိမ် ပင်လုံညီလာခံကျင်းပနိုင်ရေး ကြိုးစားခဲ့ကြရာကနေ နောက်ဆုံး အခြေအနေကတော့ လာမယ့် ဇွန်လ ၃၀ရက်နေ့မှာ ကျင်းပဖို့ အစိုးရဘက်က လျာထား သတ်မှတ်ခဲ့ပါတယ်။ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က အစိုးရဘက်က အဆိုပြုလျာထားတဲ့သတ်မှတ်ရက် တရားဝင်ရက် သတ်မှတ်နိုင်ရေးအပါအဝင် ဆွေးနွေးကြမယ့်နိုင်ငံရေးခေါင်းစဉ်မူဘောင်နဲ့ တက်ရောက်မယ့်ကိုယ်စားလှယ် အရေအတွက် စတာတွေကို အကြိတ်အနယ် ဆွေးနွေးနေကြဆဲဖြစ်တယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဘက်ကပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့မှာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆယ်ဖွဲ့ သီးသန့်တွေ့ဆုံကြပြီးတော့ လာမယ့်တတိယအကြိမ်ပင်လုံညီလာခံအရေး အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
"ဒီနေ့အစည်းအဝေးကတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေတက်တာပေါ့လေ။ အဖွဲ့ကကိုယ်စားလှယ်တွေ တက်တယ် UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီမှာ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့က ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့ပွဲပေါ့။ ဇွန် ၃၀ ကို Target ထားပြီးတော့ ပြင်ဆင်မှုလုပ်တယ်။ တတိယ ပင်လုံအတွက် ညှိနေတာပဲ ။ နောက်ပြီးတော့ ဒီတခါတော့ ခွဲမထွက်ရေးဆိုတဲ့ခေါင်းစဉ်မဆွေးနွေးပဲနဲ့ ဆွေးနွေးလို့လွယ်တဲ့ခေါင်းစဉ်တွေကို ဆွေးနွေးဖို့ရှိတယ်။"
လာမယ့် ဇွန်လ ၁၁ရက်နေ့မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေချည်း စုဖွဲ့ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST (Peace Process Steering Team-PPST)အဖွဲ့ရဲ့ အထူးအစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပမှာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ အကြေအလည်ဆွေးနွေးကြဖို့ရှိတယ်လို့ို့လည်း ဦးခွန်မြင့်ထွန်းကပြောပြပါတယ်။
"လက်မှတ်ရေးထိုးထားတဲ့လူတွေပဲ ဖွဲ့ထားတာ ၈ ဖွဲ့ကနေပြီးတော့ စပြီးဖွဲ့တယ်။ အခု ၂ ဖွဲ့တိုးလာတော့ PPST ကို ချင်းမိုင်မှာလုပ်မယ်။ အခု တတိယပင်လုံအစည်းအဝေးကို ကျင်းပနိုင်အောင်ပေါ့နော် ၊ သူ့ဘက်ကိုယ့်ဘက်လိုလားချက်တွေကို ဆွေးနွေးနိုင်ဖို့အတွက် ညှိနှိုင်းတာ ကောင်းတဲ့ရလဒ် ရှိနေတယ်။ အဲဒါဆိုရင် တတိယပင်လုံအစည်းအဝေးက မကျင်းပဖြစ်တော့ပဲနဲ့ သူ့ဘက် ကိုယ့်ဘက် ဆွေးနွေးမှုတွေ မပြီးပဲနဲ့ ကြည့်လို့လဲမကောင်းဘူးလေ အဲလိုဖြစ်နေတာပေါ့။ ဇွန် ၃၀ ကိုထားပြီးတော့ ညှိနေကြတယ်။ ဒါတကယ်လို့ ဖြစ်ရင်လည်း တဖက်နဲ့ တဖက် အခက်အခဲ၊ အကျပ်အတည်းရှိရင်လည်း ဇူလိုင် ပထမပတ်ထဲကိုရောက်သွားနိုင်တယ် ။ အဲဒီလောက်ကလွဲရင် မကျင်းပဖြစ်တာ ထက် ထပ်ပြီးအချိန်ဆွဲတာလည်း မဖြစ်နိုင်တော့ဘူး။"
အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့ပတ်သက်တဲ့သဘောထားကိုလည်း ဦးခွန်မြင့်ထွန်းကအခုလိုပြောပါတယ်။
"အပစ်မရပ်သေးတဲ့အဖွဲ့တွေနဲ့ ပတ်သက်ရင် သူတို့ကို အရင်ညီလာခံတွေမှာလည်း ဖိတ်ခဲ့တာရှိတယ်။ အထူးဖိတ်ကြားသူတို့ အဲလိုမျိုးပေါ့နော်ညီလာခံကိုယ်စားလှယ် အဆင့်တော့မဟုတ်ပဲနဲ့ အခြားနည်းလမ်းတွေနဲ့ ဖိတ်ကြားဖို့တော့ နဂိုကတည်းက အစီအစဉ်တွေရှိပါတယ်။"
အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က တတိယအကြိမ်ပင်လုံညီလာခံအရေး ဆွေးနွေးပြင်ဆင်နေကြချိန်မှာပဲ နိုင်ငံရေးပါတီအစုအဖွဲ့တွေဘက်ကလည်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးနေကြပြီဖြစ်ပါတယ်။ အခုကျင်းပမယ့် တတိယအကြိမ်ညီလာခံမှာတော့ ပြည်ထောင်စုက ခွဲမထွက်ရေးမူနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို မဆွေးနွေးကြသေးဘဲနဲ့ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီလိုမျိုး တတိယအကြိမ်ပင်လုံညီလာခံမှာ သတ်မှတ်ထားတဲ့ မူဘောင်တွေအတိုင်း တင်ပြဆွေးနွေးနိုင်ဖို့နဲ့ နိုင်ငံရေးပါတီတွေအားလုံးရဲ့ ဘုံသဘောတူညီချက် ရနိုင်ဖို့အတွက်ကို အခုရက်ပိုင်းအတွင်း မကြာခဏ တွေ့ဆုံဆွေးနွေးနေကြတယ်လို့ နိုင်ငံရေးပါတီများ ကိုယ်စားလှယ်အစုအဖွဲ့ ကိုယ်စားပြုသူတဦးဖြစ်တဲ့ ဦးသုဝေကပြောပြပါတယ်။
"ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ကတော့လေ ပင်လုံညီလာခံကျရင် ကျနော်တို့ တသံထဲဖြစ်အောင်ဆွေးနွေးနေပါတယ်။ ညီလာခံမှာ ဆွေးနွေးမယ့်ခေါင်းစဉ်တွေအားလုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နောက်ပြီးတော့ မြေယာ အဲဒီကိစ္စတွေကို ကျနော်တို့ သဘောထားညှိပြီးတော့ ဆွေးနွေးမယ်။ အားလုံးလည်းသဘောထားကိုက်ညီအောင် ကျနော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့တွေကလည်း သဘောထားတူညီတဲ့အချက်တွေကို စဉ်းစားပြီးတင်ပြမှာပေါ့နော်။ အရေးကြီးတာကတော့ အားလုံးသဘောတူအောင်လုပ်ဖို့ ရည်ရွယ်ချက်ပါပဲခင်ဗျ။"
တတိယအကြိမ်ပင်လုံညီလာခံမှာ ဆွေးနွေးကြမယ့်အကြောင်းအရာတွေ မူဘောင်တွေနဲ့ပတ်သက်ပြီး လာမယ့်ဇွန်လ ၁၀ရက်နေ့မှာလည်း တနသာၤရီတိုင်းမြိတ်မြို့မှာ နိုင်ငံရေးပါတီကိုယ်စားလှယ်အစုအဖွဲ့တွေ ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့စီစဉ်နေတယ်လို့ နိုင်ငံရေးပါတီများ ကိုယ်စားလှယ်အစုအဖွဲ့ကပြောပါတယ်။
ညီလာခံ မတိုင်မီမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ တပ်မတော်သားအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့အပါအဝင် လုပ်ငန်းကော်မတီတွေနဲ့ UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ တို့ တွေ့ဆုံဆွေးနွေးကြရမှာဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုတော့ အရပ်သားအစိုးရလက်ထက်မှာ ၂၀၁၆ သြဂုတ်လမှာ ၂၁ရာစုပင်လုံ ပထမအကြိမ်စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ပင်လုံကိုတော့ ၂၀၁၇ မေလမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။