ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကို ဒီကနေ့ ဆက်လက် ကျင်းပရာမှာ လူ့ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ လက်ရှိ အကျဉ်းထောင် ဥပဒေ ပြင်ဆင်ပေးဖို့ အဆိုတင်သွင်းခဲ့ပေမဲ့ ပြည်ထဲရေးဝန်ကြီးက ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဆောင်ရွက်ထားပြီး ဖြစ်တာကြောင့် အဆိုကို မဲမခွဲဘဲ ရုပ်သိမ်းခဲ့ရပါတယ်။ ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ၃ယောက်ကတော့ ကန့်ကွက်ခဲ့ကြပါတယ်။ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အတွင်းက မေးမြန်းတာတွေ၊ အဆိုတင်သွင်းတာတွေနဲ့ ဥပဒေကြမ်း အတည်ပြုတဲ့ အကြောင်းတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက မေးခွန်းမေးမြန်းခဲ့ပြီး အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး အဆိုတခု တင်သွင်းခဲ့သလို ဥပဒေမူကြမ်း ၂ ခု ရေးဆွဲဖို့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေး မေးမြန်းမှုတွေထဲမှာတော့ လက်ရှိ ကျင့်သုံးနေတဲ့ အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး အဆိုအပေါ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အတော်များများက စိတ်ဝင်စားခဲ့ကြပါတယ်။
အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး အဆိုကို ဘာကြောင့် တင်သွင်းရသလဲ ဆိုတာကိုတော့ ဒီအဆိုရှင်ဖြစ်တဲ့ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလို ပြောပြပါတယ်။
“ဆွေးနွေးရတဲ့ အဖြေကတော့ ၁၈၉၄ ခုနှစ် အကျဉ်းထောင်များ အက်ဥပဒေက ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ၊ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အရာတွေပါတယ်၊ ဒီဥပဒေမှာ။ နောက်တခါ မြန်မာနိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၄၅ နဲ့ မညီဘူး။ ဒါကြောင့် ၂၁ ရာစုနဲ့ ညီညွတ်တဲ့၊ လူ့ဂုဏ်သိက္ခာကို အာမခံတဲ့ အကျဉ်းထောင်များ ဥပဒေတရပ်ကို မူကြမ်းရေးဆွဲ သတ်မှတ်ပြီး တတိယ ပုံမှန် အစည်းအဝေးမှာ တင်ပြဖို့ ကျနော် တင်ပြပါတယ်။”
ဒီအဆိုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ထောက်ခံပြီး အခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ ဦးကတော့ ပြင်ဆင်စရာ မလိုကြောင်း ကန့်ကွက် ဆွေးနွေးခဲ့ပါတယ်။
ဒီအဆိုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးက ဥပဒေမူကြမ်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြန်လည်ဆွေးနွေးတဲ့ နောက်မှာ လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုဟာ မလိုအပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်လို့ ဦးသိန်းညွန့်က ဆက်ပြောပါတယ်။
“ဒီနေ့ ပြည်ထဲရေးဝန်ကြီး တင်ပြတဲ့အခါမှာ သူတို့ကိုယ်တိုင် ပြန်လည်ပြင်ဆင်ဖို့ သတ်မှတ်ထားတဲ့ ဥပဒေထဲမှာ ဒီဥပဒေက တခုပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ သမ္မတရုံးကိုရော၊ ရှေ့နေချုပ်ရုံးကိုရော သူတို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေ တင်ပြတယ်။ အဲဒီလို တင်ပြပြီး ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ သူတို့ ရေးဆွဲထားတဲ့ တတိယအကြိမ် မူကြမ်းကို ဥက္ကဋ္ဌ ပုံမှန်လွှတ်တော် အစည်းအဝေးကို တင်ပြမယ်လို့ ပြောလိုက်ပြီ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ။ အဲဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌက ဒါကို ဒီနေ့ မဲမခွဲတော့ဘူး။
“ကျနော့်အဆိုဟာ လုပ်ငန်းအရပြောရင် ပြည်ထဲရေးဝန်ကြီးက လွှတ်တော်တင်မှာ မဟုတ်လို့ ဆက်လက်ဆောင်ရွက်ရန် မလိုတော့ဘူး။ သို့သော် လွှတ်တော်က ဒီအဆိုနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားကြောင်း ဒီနေ့ လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဦးသိန်းညွန့် တင်ပြတာနဲ့ ပြည်ထဲရေးဝန်ကြီး ပြောဆိုသလိုပဲ လက်ရှိ အကျဉ်းထောင် ဥပဒေဟာ အမှန်တကယ် ပြုပြင်သင့်ပြီဖြစ်ကြောင်း အခုလို ပြောပါတယ်။
“ဒီဥပဒေကတော့ လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ခံရတဲ့ ဥပဒေလို့ ယူဆတယ်လေ။ ကျနော်တို့ ကိုယ်တိုင်ကလည်း ထောင်ထဲမှာ နေခဲ့ဖူးတော့ အမှန်တကယ် အကျဉ်းသားတွေရဲ့ တွေ့ကြုံ ခံစားနေရတဲ့ ဒုက္ခတွေ အများကြီး သိပါတယ်။ ဘာမှ ဘဝအာမခံချက် မရှိသလို ဘာမှ အကာအကွယ်ပေးမှု မရှိဘူး။ အိပ်တော့လည်း သမံတလင်းမှာ အိပ်ရတယ်။ စားတော့လည်း ပဲကြားကို သားရေစာနဲ့ခြားပြီး စားရတယ်။ အကုန်လုံးပေါ့ဗျာ၊ ဘာမှ လူ့အခွင့်အရေးဆိုတာ မရှိဆုံးနေရာပေါ့။
“အရပ်သား အကျဉ်းသား အရာရှိ ဆိုပြီးတော့ တမျိုး ဗိုလ်ကျတာတွေ ရှိတယ်ဗျ။ ဝါဒါတွေကလည်း ဗိုလ်ကျတာတွေ ရှိတယ်။ အကျဉ်းသားတွေကို ကန်ကျောက်ပစ်လို့ရတယ်။ သူတို့ ဆက်ဆံချင်သလို ဆက်ဆံလို့ရတယ်။ အထူးသဖြင့် ကျန်းမာရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှ အာမခံချက် မရှိတာ၊ ခြေချင်းတွေ ခတ်တာ၊ ဒေါက်တွေ ခတ်တာ၊ အဲဒါမျိုး အများကြီးပေါ့ဗျာ။ နောက်ဆုံး နယ်ဝေးထောင်တွေကို ပို့လို့ရတယ်။ နောက်ပြီး ရှေ့တန်းတွေ ပို့လို့ရတယ်။ အဲဒီဟာမျိုးကတော့ ဒီအချိန်မှာ မရှိသင့်တော့ပါဘူး။”
ဦးဖေသန်းကတော့ ပြည်ထဲရေးဝန်ကြီး တင်ပြခဲ့သလို လက်ရှိ အကျဉ်းထောင် ဥပဒေကို အမှန်တကယ် ပြုပြင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။
ဒီကနေ့ မေးမြန်းတဲ့ မေးခွန်း ၁၂ ခုထဲမှာတော့ ထူးခြားတဲ့ မေးခွန်းတခုက ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့ အမတ် ၁၂၀ ကို လက်ရှိ အသိအမှတ်ပြုမှု ရှိ၊ မရှိဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကို ဦးသိန်းညွန့်ကပဲ မေးမြန်းတာဖြစ်ပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်ဟာ လူထုဆန္ဒအရ ရွေးချယ်ထားတာကြောင့် မေးမြန်းရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီမေးခွန်းကိုတော့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းပြီးနောက်မှာ ၉၀ ပြည့် အမတ်တွေဟာ ပျက်ပြယ်ပြီဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။
ဒီကနေ့ အခြား တင်ပြဆွေးနွေးကြတဲ့ အကြောင်းအရာတွေမှာတော့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ ဥပဒေမူကြမ်း ပြင်ဆင်ရေးနဲ့ နိုင်ငံရေးဥပဒေ ပုဒ်မ ၅(ည) ကို ဖျက်သိမ်းဖို့ ဆိုတာတွေလည်း ပါဝင်ခဲ့ပါတယ်။