သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာနဲ့ ပုံနှိပ်ဥပဒေ ၂ ခု အတည်ပြု


ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ အကြား ကာလ အတော်ကြာ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ပုံနှိပ်နဲ့ ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာ ဥပဒေကြမ်းတွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး ဥပဒေအဖြစ်ပြဌာန်းပေးဖို့ သမ္မတဆီ ပေးပို့ထားပါတယ်။ ဒီဥပဒေ ၂ ခုနဲ့ ပါတ်သက်လို့ မူလက တောင်းဆိုထားတဲ့ အချက်တွေ အပြည့်အ၀ မရပေမဲ့
အချို့အချက်တွေကိုတော့ရခဲ့တယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူးဖြစ်သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်
ကပြောပြမှာပါ။

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ အကြားမှာသာမက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေ အကြားမှာပါ သဘောထားကွဲလွဲပြီး အခြေအတင် ဆွေးနွေးစရာဖြစ်ခဲ့တဲ့ ပုံနှိပ်နဲ့ ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း၊ သတင်းမီဒီယာ ဥပဒေကြမ်းတွေ ကို ပြည်ထောင်စုလွှတ်တော်မှာ တစ်ပိုဒ်ချင်းဆီ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းတွေကို အတည်ပြုပြဌာန်းနိုင်ဖို့ အဂါနေ့ကတည်းက ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်သမ္မတထံကို ပေးပို့ခဲ့ပါတယ်။ အတည်ပြုခဲ့တဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းဟာ စာနယ်ဇင်းကောင်စီ (ယာယီ) က မူလရေးဆွဲခဲ့တဲ့အတိုင်း ၁၀၀ရာခိုင်နှုန်း မဟုတ်ပေမဲ့ အချို့အချက်အတော်များများကိုတော့ လွှတ်တော်နဲ့ စာနယ်ဇင်းကောင်စီ အကြား အဆင်ပြေပြေ ညှိနှိုင်းနိုင်ခဲ့တယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူးဖြစ်တဲ့ ဦးကျော်မင်းဆွေ က ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။

"ကောင်စီက တင်ထားတဲ့ဥပဒေအတိုင်း တစ်ရာ ရာခိုင်နှုန်းတော့မရဘူးပေါ့နော်။ အတိုင်းအတာ တစ်ခုလောက်အထိတော့ကျေနပ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီဟာတွေက ပြန်ကြားရေးနဲ့ အကြိတ်အနယ် ငြင်းခုန်ဆွေးနွေး ကန့်ကွက် ညှိနှိုင်းပြီးတော့မှ လုပ်ရတာဆိုတော့လေ။ ပြီးတော့ လွှတ်တော်ကိုလည်း တတ်နိုင်သလောက် နားလည်အောင် အကြံပြု ရှင်းပြရတာဆိုတော့ ဒီလောက် တစ်ရာ ရာခိုင်နှုန်းတော့မရပေမဲ့ အတိုင်းအတာ တစ်ခုအနေနဲ့ ကတော့ ကျေနပ်ပါတယ်"

မေး ။စာနယ်ဇင်းကောင်စီ ဘက်က တောင်းဆိုခဲ့တဲ့ ဘယ်လို အချက်တွေ နောက်ဆုံး အတည်ပြုတဲ့ အဆင့်မှာ ပါခဲ့သလဲဆိုတာ သိချင်ပါတယ်၊

"ကောင်စီက သတင်းမီဒီယာလောကမှာ တစ်ခုတည်းသောကောင်စီပေါ့နော်။ တစ်ခုတည်းသောကောင်စီ ဆိုတဲ့ကိစ္စကို ပြည်သူ့လွှတ်တော်က သဘောမတူဘူး။ အမျိုးသားလွှတ်တော်က သဘောတူတယ်။ အဲဒါကိုရှင်းပြရတာ။ နောက်ဆုံးတော့ ဒီဥပဒေကြမ်းကော်မတီ ၂ ရပ်က ပေါင်းထားတဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ က နောက်ဆုံးအဆင့်ပေါ့နော်။ စာနယ်ဇင်းကောင်စီကိုရော ပြန်ကြားရေးကိုရော ဖိတ်ခေါ်ပြီးတော့ သူတို့ပူးပေါင်းကော်မတီရုံးခန်းမှာ ထပ်ပြီးတော့ နောက်ဆုံးအဆင့် အကြံဉာဏ်တောင်းတော့ နှစ်ဘက်
ညှိနှိုင်းကြတဲ့ အခါကျတော့ အဲဒီအချက်တော့ ပြေလည်သွားတယ်ပေါ့နော်။"

မေး ။ ဒီလိုဆိုတော့ ကိုကျော်မင်းဆွေတို့ အစောပိုင်း က တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်တွေ တော့ အပြည်အ၀ မရခဲ့တဲ့ သဘောလို့ ပြောနိုင်သလား။

"မျှော်မှန်းထားသလိုတော့ မဖြစ်ဘူး။ သို့သော် ဒီကိစ္စက ပြောရခက် တယ်။ ပြောရခက်တယ် ဆိုတာက ဟို ပွင့်ပွင့်လင်းလင်း ကျနော်တို့ အကြိမ်ကြိမ် အခါခါ ပြောခဲ့သလိုပဲ အာဏာသုံးရပ်က ပြောင်းတယ်ဆိုပေမယ့်လေ အာဏာသုံးရပ်မှာရှိတဲ့ လူတွေက လူဟောင်းတွေချည်းပဲ။ စနစ်ဟောင်းက လူဟောင်းတွေချည်းပဲ ဆိုတော့ ပြောရခက်ပါတယ် နော်။ သူတို့ကို နိုင်ငံတကာအခြေအနေနဲ့ရော ဘာရောပြောရတာ။ တစ်ဖက်ကလည်း ပြန်ကြားရေးကလည်း တောက်လျှောက် Lobby လုပ်နေတာပေါ့နော်။ ပြန်ကြားရေးကလည်း တောက်လျှောက် Lobby လုပ်နေတဲ့ အခါကျတော့ သူကလည်း သူ့အဆိုကို လက်ခံအောင် တောက်လျှောက် Lobby လုပ်ခဲ့တာဆိုတော့"

ပြန်ကြားရေးဝန်ကြီးဌာန က ရေးဆွဲပြီးတော့ စာနယ်ဇင်းကောင်စီ (ယာယီ) က အပြင်းအထန်ကန့်ကွက်ခဲ့တဲ့ ပုံနှိပ် နဲ့ ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေဟာလည်းပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုကျော်မင်းဆွေ ရဲ့ အမြင်ကတော့-

"ကောင်စီရဲ့ သဘောကတော့ ပုံနှိပ်ခြင်း နဲ့ ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေဟာ လိုကို မလိုဘူးလို့ ကျနော်တို့က ယူဆတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတကာမှာလည်း ဒီမိုကရေစီ တိုင်းပြည်တွေမှာ အနေနဲ့
သွားချင်ရင် ဒီဟာမရှိဘူး။ နောက်တစ်ချက်ကလည်း မီဒီယာလောကကို ဥပဒေ အမျိုးမျိုးနဲ့ ထိန်းချုပ် မြင်သွားနိုင်တယ်ပေါ့နော်။ အဲဒါမျိုးကြောင့် ကျနော်တို့ သဘောမတူဘူး။ နောက်တစ်ချက်က နောက်ဆုံးမတတ်သာလို့ ဒီဥပဒေကို လက်ခံရပြီ ဆိုရင်တောင်မှ သတင်းမီဒီယာဥပဒေအထဲမှာ Chapter တစ်ခုအနေနဲ့ပေါင်းဖို့ တူတဲ့အချက်တွေကိုပေါင်းဖို့ Chapter တစ်ခုအနေနဲ့ပေါင်းဖို့ပေါ့ ဥပဒေ တစ်ခုတည်းဖြစ်အောင်လုပ်ဖို့ တင်ပြရတာပေါ့နော်။ နောက်ဆုံးအဆင့်။ အဲဒါကို လွှတ်တော်က နှစ်ခု သီးခြားထုတ်ပေးမယ့် သဘောတော့ ရှိနေတာပေါ့"

ပုံနှိပ်နဲ့ ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ သတင်းမီဒီယာ ဥပဒေကြမ်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ နှစ်လည်ပိုင်းမှာထဲက ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းတွေဖြစ်ပြီးတော့ အခု ၂၀၁၄ နှစ်ဆန်းပိုင်းရောက်မှ သာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက် နဲ့ ဥပဒေတွေ ဖြစ် လာတော့မှာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကိုတော့ စာနယ်ဇင်းကောင်စီ (ယာယီ) က ကန့်ကွက်ထားဆဲဖြစ်ပြီး
ဒီဥပဒေဟာလည်း လွှတ်တော်ထဲရောက်ရှိနေပြီးတော့ မကြာခင်အချိန်မှာ ဆွေးနွေးစတင်ဆွေးနွေးကြဖို့ရှိပါတယ်။
XS
SM
MD
LG