မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ကြား ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲတွေကြောင့် လားရှိုး တခုတည်းမှာတင် စစ်ရှောင် ဒုက္ခသည် ၂၀၀၀ လောက် ရှိနေပါတယ်။
လားရှိုးမြို့နယ်တွင်းက ကျေးရွာ တချို့မှာတော့ ဘယ်သူ့ လက်ချက်မှန်း မသိတဲ့ လက်နက်ကြီး ကျည်တွေ ကျရောက်တာကြောင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေပြီး လုံခြုံရေး စိုးရိမ်ချက်ကြောင့် လားရှိုးမြို့ပေါ်ကို ဒေသခံတွေ စစ်ရှောင်နေကြတာပါ။ လားရှိုးမြို့ပေါ်မှာတော့ မြို့ အဝင်အထွက် စစ်ဆေးရေး ဂိတ်တွေနဲ့ တင်းကြပ်ထားပြီး ကင်းလှည့်စောင့်ကြည့်မှုတွေ ရှိပေမယ့် အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ လားရှိုး အခြေစိုက် မေတ္တာစမ်းရေ ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေး အသင်းက ဦးအောင်လွင်သူကို အင်္ဂါနေ့ မနက်ခင်းမှာ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးအောင်လွင်သူ။ ။ လားရှိုးမြို့ပေါ်တော့ ဘာမှ မဖြစ်ပါဘူး။
မသိင်္ဂ ီထိုက်။ ။ စစ်ရှောင်တွေတော်တော်များတယ်လို့ ကြားလို့ပါရှင့်
ဦးအောင်လွင်သူ။ ။ များတယ်အမ ၁၂၀၀- ၁၅၀၀ လောက်ရှိတယ်
မသိင်္ဂ ီထိုက်။ ။ အဲဒီ စစ်ရှောင်တွေက အခု ဘယ်မှာ အများစု ခိုလုံနေကြပါသလဲရှင့်
ဦးအောင်လွင်သူ။ ။ လားရှိုးမန်စီ ဘုန်းကြီးကျောင်းမှာပါအမ ။ မန်းတင်ဘုန်းကြီးကျောင်းမှာလည်း ၄၀၀ လောက်ရှိတယ်။
မသိင်္ဂ ီထိုက်။ ။ အကူအညီလိုအပ်နေတာတွေများ ရှိပါသလားရှင်။
ဦးအောင်လွင်သူ။ ။ သူတို့အတွက် အကူအညီကတော့ အရမ်းတော့မလိုပါဘူး။ စားဖို့သောက်ဖို့ ဒီက မြို့ခံအလှူရှင်တွေ လှူကြတယ်အမ။
မသိင်္ဂ ီထိုက်။ ။ အဲဒါတွေက ဘယ်ဘက်အပိုင်းက အများစု ရောက်လာတာပါလဲ။
ဦးအောင်လွင်သူ။ ။ အထက်ဘက်က အောင်သစ္စာရပ်ကွက်ရယ်၊ အုပ်ဖိုရယ်၊ မဂ္ဂင်ရယ် အဲဒီ ၃ နေရာအမ
မသိင်္ဂ ီထိုက်။ ။ တိုက်ပွဲတွေ ဖြစ်လို့ပါလားရှင့်
ဦးအောင်လွင်သူ။ ။ တိုက်ပွဲကတော့ ဟိုဘက်ကလောက်မဖြစ်ဘူးအမ ။ သူတို့ရွာတွေမှာ လက်နက်ကြီးကျတယ် သူတို့ မနေရဲလို့ ကြောက်လို့
မသိင်္ဂ ီထိုက်။ ။ ထိုက်ခိုက်တာတွေ ရှိပါသလား ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရတာရော ရှိပါသလား
ဦးအောင်လွင်သူ။ ။ ရှိတယ် ဒဏ်ရာရတာကတော့။ မနေ့က မိုင်းတင်နားက ကုန်းစာရွာမှာတော့ ခရီးသွားရင်းနဲ့ … မနေ့က အောင်သစ္စာရပ်ကွက်က အိမ်မှာနည်းနည်းကျပြီးတော့ ထိခိုက်ဒဏ်ရာရသွားတယ်။ ၂ ဦး ၃ ဦးတော့ရှိတယ်။
မသိင်္ဂ ီထိုက်။ ။ အကိုတို့ ပို့ပေးခဲ့ရတာပါလားရှင့်။ ဆေးရုံပို့ထားပါသလား
ဦးအောင်လွင်သူ။ ။ ဟုတ်ကဲ့ ဆေးရုံပို့ထားတယ်။
မသိင်္ဂ ီထိုက်။ ။ လားရှိုးမြို့ပေါ်က ဆေးရုံမှာပေါ့နော်။
ဦးအောင်လွင်သူ။ ။ ဟုတ်ကဲ့။
မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ အခုလောလောဆည် လုံခြုံရေးအခြေအနေက ဘယ်လိုများရှိပါသလဲ။
ဦးအောင်လွင်သူ။ ။ လားရှိုးမြို့ပေါ်မှာတော့ ကောင်းပါတယ်။ ပတ်ဝန်းကျင်ကတော့ နည်းနည်းသိပ်မကောင်းသေးဘူး ၊ ပတ်ဝန်းကျင်ဆိုတာက လားရှိုးမြို့နယ်တွေကတော့ သိပ်မကောင်းသေးဘူး ။ မြို့ပေါ်မှာကတော့ ကောင်းပါတယ်။
မသိင်္ဂ ီထိုက်။ ။မနေ့က ဒဏ်ရာရတဲ့လူ အနည်းဆုံး ၃ ယောက်လောက်ရှိတာပေါ့နော်။
ဦးအောင်လွင်သူ။ ။ မနေ့ကတော့ ၂ ယောက် ဟိုတနေ့က ၁ ယောက် ရက်တော့ မတူဘူးအမ
မသိင်္ဂ ီထိုက်။ ။ အခုလောလောဆည် လားရှိုးမြို့ထဲက အသွားအလာတွေ ဝင်ရထွက်ရ လွယ်ပါသလား။ မြို့ဝင်မှာ စစ်ဆေးတာရှိပါသလား။
ဦးအောင်လွင်သူ။ ။ ရှိတယ်အမ ဂိတ်တွေမှာ အကုန်လုံးကို စစ်တယ်။ ဝင်ရ ထွက်ရ နည်းနည်းခက်တာပေါ့။
မသိင်္ဂ ီထိုက်။ ။ လားရှိုးမြို့ထဲမှာ အရင်ထက် ထူးထူးခြားခြား လုံခြုံရေး ယူထားတာရော ရှိပါသလား။
ဦးအောင်လွင်သူ။ ။ အရင်ထက်တော့ နည်းနည်းလေးယူထားတယ် ။ကင်းလှည့်တာတွေ အရင်ထက်ပိုထားတယ်အမ။
မသိင်္ဂ ီထိုက်။ ။ အခု ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးကျောင်းကို မြို့ခံတွေပဲလား၊ တခြားကရော ကူညီနေတာတွေ ရှိပါသလား။ အထူးသဖြင့် အစိုးရဘက်ကပေါ့။
ဦးအောင်လွင်သူ။ ။ အစိုးရ ဘက်ကလည်း လာတယ် လူကယ်ပြန်တွေ မနေ့ကလည်း လာသွားတယ်အမ။ လိုအပ်တာတွေ အကုန်လုံးလုပ်ပေးတယ် ကျန်းမာရေးစောင့်ရှောက်မှုကအစပေါ့။
မသိင်္ဂ ီထိုက်။ ။ အခု အကိုတို့ လားရှိုးမြို့မှာ နေရထိုင်ရတာတွေ သတိထားနေရသလား။
ဦးအောင်လွင်သူ။ ။ စကားကြောင်ပဲ သတိထားနေရတာ။ ဘာမှ မပြောင်းသေးပါဘူး အရင်ကအတိုင်းပါပဲ။ စကားကြောင်ဆိုတာ တယောက်နဲ့ တယောက် ဘာဖြစ်မလဲ ညာဖြစ်မယ် ဆိုတာကိုလျောက်ပြောနေကြတာကို သတိထားနေရတာ။ တခြားထူးထူးခြားခြားတော့ ဘာမှ မရှိပါဘူး။