ဒီကနေ့ဟာ မြန်မာ့ နှစ်ဆန်းတရက်နေ့ပါ။ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်ဖြစ်သွားပါပြီ။ မြန်မာနိုင်ငံသားတွေထဲမှာ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီကနေ့လို နှစ်ဆန်းတရက်နေ့မှာ နှစ်သစ်ကူး ဆုတောင်းမှုတွေ၊ ဆန္ဒပြုမှုတွေ လုပ်လေ့ လုပ်ထရှိကြပါတယ်။ နိုင်ငံတကာရောက် မြန်မာတွေရဲ့ နှစ်သစ်ကူးကာလ ဆန္ဒတွေကရော ဘယ်လိုရှိကြသလဲ ဆိုတာ သိနိုင်အောင် နိုင်ငံတချို့ကို ကိုကျော်အောင်လွင် ဆက်သွယ်ပြီး မေးမြန်းထားပါတယ်။
ပထမဆုံး ဗြိတိန်နိုင်ငံရောက် ဒေါက်တာသန်းသန်းရင်ရဲ့ နှစ်ကူးဆန္ဒကို အရင် နားဆင်ကြည့်ရအောင်ပါ။
“ အားလုံးပျော်ရွှင်ချမ်းမြေ့ကြတဲ့ မြန်မာနှစ်သစ် ၁၃၈၀ ဖြစ်ပါစေ။ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ မြန်မာနိုင်ငံသား အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပြီး မြန်မာနိုင်ငံတော်ကြီး ကလည်း တိုးတက်ကောင်းမွန်လာပြီး ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံ ဖြစ်လာပါစေ။ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ အဝေးရောက် မြန်မာနိုင်ငံသား တယောက်အနေနဲ့ ကျမ ဆုတောင်းပါတယ်။”
နောက်တဦးကတော့ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ရောက် ရခိုင်အမျိုးသားကြီး တဦးဖြစ်တဲ့ ဦးထွန်းဝင်းရဲ့ နှစ်သစ်ကူး ဆုတောင်းကို ကြားရမှာပါ။
“ နှစ်သစ်မှာ မြန်မာပြည်ဖွါး တိုင်းရင်းသားများ၊ ရခိုင်ပြည်ဖွါး တိုင်းရင်းသားများ လိုအင်ဆန္ဒ၊ ကောင်းကျိုးချမ်းသာ ပြည့်ဝပါစေကြောင်း၊ ဒီမိုကရေစီပန်းတိုင်ကို အေးချမ်းသာယာစွာနဲ့ ချီတက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။”
ဒီတခါတော့ ရှမ်းအမျိုးသားတဦးရဲ့ နှစ်သစ်ကူး ဆန္ဒကို နားဆင်ရမှာပါ။ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ က ဒေါက်တာ စိုင်းထွေးမောင်ပါ။ သူက စစ်ပွဲတွေ ရှိနေသေးတဲ့ မြန်မာပြည်အတွက် ရတတ်မအေး ဖြစ်နေပါတယ်။
“ မြန်မာနိုင်ငံက တိုင်းသူပြည်သားများ အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ် ဖြစ်ပါစေလို့ ကျနော် ဆုတောင်းပါတယ်။ နိုင်ငံတော် ခေါင်းဆောင်ကြီးများလည်း စိတ်သစ် သဘောသစ်နဲ့ အမြော်အမြင်သစ်နဲ့ နိုင်ငံတော်ကို ဆက်လက် တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ကျနော်တို့ တိုင်းပြည်လည်း စစ်ပွဲတွေ အားလုံးလည်း ရပ်စဲပြီးတော့မှ အင်မတန်မှ သာယာတဲ့ နိုင်ငံ ဖြစ်လာဖို့လည်း ဆုတောင်းပါတယ်။ စစ်ပြေးဒုက္ခသည်တွေလည်း အိမ်ပြန်နိုင်ကြပါစေလို့၊ နောင်လည်း နောက်ထပ် စစ်ပြေးဒုက္ခသည်တွေ ထပ်မရှိအောင် ကူညီနိုင်ကြပါစေလို့ ကျနော် ဆုတောင်းပါတယ်။ ”
အခုတခါတော့ အာရှဘက်ခြမ်းကို လှည့်ပါရစေ။ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ ရောက် မမေစည်သူအောင်က မြန်မာ ပြည်မှာ အမုန်းတရားတွေ များနေတာကို စိုးရိမ်ပူပန်နေတာပါ။
“ မြန်မာပြည်မှာ ရှိတဲ့ လူသားတွေ အကုန်လုံး အမုန်းတရားတွေ ကင်းဝေးကြပြီးတော့ တယောက်နဲ့ တယောက် အချင်းချင်းပေါ့နော်၊ လူသားအချင်းချင်း လေးစားပြီးတော့ တယောက်နဲ့ တယောက် ယုံကြည်မှုတွေ ရှိကြပြီးတော့ ရှေ့ဆက်ပြီး မြန်မာပြည်ကြီး တိုးတက်သာယာစေချင်ပါတယ်။ အဲဒါကြောင့်မို့လို့ အမုန်းတရားတွေ ကင်းဝေးတဲ့ နှစ်သစ်ကြီး ဖြစ်ပါစေလို့ မြန်မာပြည်ကို ဆုတောင်းလိုက်ပါတယ်ရှင်။ ”
ဒီတခါတော့ ဘောလုံးသမားတဦးကို အလှည့်ပေးချင်ပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ်ရောက် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ကိုရင်ထွေးက မြန်မာနိုင်ငံကို မကြာခင်ကပဲ သွားခဲ့တဲ့သူဖြစ်ပြီး သူ့ရဲ့မြန်မာ့ခရီးစဉ်အတွေ့ အကြုံအရ မခိုင်ခန့်တဲ့ တံတားတွေ တော်တော်များများ ရှိနေတာကို သူက စိတ်ပူနေပါတယ်။
“ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူလူထုများ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ရှိပြီးတော့ နေရာတကာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေလည်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ ပြည်သူလူထုတွေလည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးမှာ အေးအေးချမ်းချမ်းနဲ့ အတူတကွ စည်းစည်းရုံးရုံးနဲ့ နေနိုင်မယ်ဆိုတဲ့ ဖြစ်စဉ်လေးတွေကို မြင်စေချင်ပါတယ်။ မဖြစ်မနေ ဆုတောင်းမှာ တခု ရှိပါသေးတယ်။ ခရီး တနေရာနဲ့ တနေရာသွားရင် အခုဆိုရင် ကျနော် တံတားတွေကို ဖြတ်ရင် သံဗုဒ္ဓေ ဘုရားစာတွေ ဖတ်ပြီး ဖြတ်နေရတဲ့ ဘဝတွေက လွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျ။ ”
အမေရိကန်ပြည် ထောင်စု အင်ဒီယားနားပြည်နယ်ရောက် ဒေါက်တာတင့်ဆွေရဲ့ နှစ်သစ်ကူးဆန္ဒနဲ့ပဲ အဆုံးသတ်ပါရစေ။ သူက မြန်မာပြည်မှာ အပြုသဘောဆောင်မှုတွေ ပိုပြီး ထွန်းကားလာစေချင်ပါတယ်တဲ့။
“ မင်္ဂလာရှိတဲ့ နှစ်သစ်မှာ ကျနော်တို့ ဗမာ လူမျိုးတွေရဲ့ ထုံးစံ အတိုင်းဘဲ အပြုသဘော ဆောင်ပြီးတော့ အကောင်းသဘောကို မြင်တွေး ကြဖို့ လိုတယ်။ ဒါလည်း အင်မတန်မှ အရေးကြီးပါတယ်။ ဘာကြောင့်လည်း ဆိုတော့ စိတ်ထဲက အပြုသဘော အကောင်းသဘော ဆောင်ခြင်း အားဖြင့် လက်တွေ့လည်း အပြုသဘော အကောင်းသဘောတွေ လိုက်လာမှာ ဖြစ်ပါတယ်။ အဲတော့ လာမယ့် နှစ်သစ်က စပြီး ဗမာပြည်သူ ပြည်သား အားလုံးဟာ မင်္ဂလာရှိပြီးတော့ လိုအင်ဆန္ဒ အကောင်းတွေ ပြည့်ပြီးတော့ ကျနော်တို့ တတွေလည်း ဗမာပြည်သူ ပြည်သားတွေနဲ့ ပြန်ဆုံနိုင်မယ်လို့ မေ ျှာ်လင့်ပါတယ် ခင်ဗျ။ ”
ဗွီအိုအေ ပရိသတ်အားလုံးလည်း ဒီနှစ်သစ်ဟာ အရင်နှစ်ဟောင်းထက် ပိုပြီး ကောင်းမွန်တဲ့ နှစ်အဖြစ် ကြုံတွေ့နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။