ရုရှားကျူးကျော်စစ်ကို ရဲဝံ့စွာ အံတုရင်ဆိုင်နေတဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီး။ ဇာလန်းစကီးဟာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဟီးရိုး၊ သူရဲကောင်း ဖြစ်လာသလို ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထောက်ခံမှုကိုလည်း ရရှိထားတာတွေ့ရပါတယ်။ ဆရာငြိမ်းစေကတော့ "ဇာလန်းစကီးအပေါ်အမြင်လား။ အတိုဆုံးပြောရရင် သူ့ ရဲ့ Communication ကြောင့်ပဲဗျ။ ပြီးတော့ Messaging သိပ်ကောင်းတယ်” လို့ မှတ်ချက်ပေးပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးဟာ ရုရှားကျူးကျော်စစ်မတိုင်ခင်က လူသိနည်းပါတယ်။ ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ ကမ္ဘာမှာထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦး၊ကမ္ဘာမှာ အရေးပါတဲ့ခေါင်းဆောင်တစ်ဦးဖြစ်လို့နေပါပြီ။ ဇာလန်းစကီးဟာ ပြီးခဲ့တဲ့မေလထဲမှာ ဂျပန်နိုင်ငံ ဟီရိုးရှိးမားမြို့မှာပြုလုပ်တဲ့ စက်မှုအင်အားကြီး G-7 ထိပ်သီးအစည်းအဝေးနဲ့ ဆော်ဒီအာရေဗျမှာပြုလုပ်တဲ့ အာရပ်အဖွဲ့ချုပ်ညီလာခံကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။ အမေရိကန်ကွန်ဂရက်၊ ဥရောပသမဂ္ဂတွေမှာလည်း ဇာလန်းစကီးဟာ မိန့်ခွန်းတွေပြောကြားခွင့်ရခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဂရမ်မီဆုပေးပွဲ၊ အော်စကာဆုပေးပွဲ စတဲ့ အနုပညာဆိုင်ရာအခမ်းအနားတွေမှာပါ မိန့်ခွန်းတွေပြောကြားခဲ့ရတာပါ။ သူဘာလို့ ထင်ရှား၊ ကျော်ကြားလာရတာလဲ။ သူဘာလို့ ကမ္ဘာမှာ အရေးပါတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာရတာပါလဲ။ နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက အခုလို ပြောပါတယ်။
"ဇာလန်းစကီးကိုပြောမယ်ဆိုရင် သူဟာ အရိုးခံစိတ်ရင်းအတိုင်း ပြောတတ်တယ်၊လုပ်တတ်တယ်။ သူ့ရဲ့လေးစားစရာအကောင်းဆုံး ခေါင်းဆောင်အရည်အသွေးကိုပြောပါဆိုရင် သူဟာပြည်သူနဲ့တသားတည်း ရပ်တည်တာပဲ။ ရုရှားကျူးကျော်တပ်ဖွဲ့တွေက ယူကရိန်းမြို့တော် ကိယက်ကို မကြာခင်သိမ်းနိုင်တော့မယ်လို့ ကမ္ဘာက စိုးရိမ်တကြီးနဲ့စောင့်ကြည့်နေတဲ့အချိန်မှာ ဇာလန်းစကီးက ဆယ်ဆမက အင်အားကြီးတဲ့ ရုရှားကျူးကျော်တပ်ဖွဲ့တွေကို ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး ဦးဆောင်တိုက်ခိုက်ခဲ့တယ်။ သူ့ကို ကယ်ထုတ်ဖို့ မလိုဘူး။ ရန်သူကိုတိုက်ခိုက်ဖို့ လက်နက်ပဲလိုတယ်လို့ ပြောခဲ့တယ်။ ဒီဇာလန်းစကီးရဲ့ ရပ်တည်ချက်ဟာ သူ့ကို ယူကရိန်းပြည်သူတွေရဲ့ အမျိုးသားခေါင်းဆောင်ဖြစ်စေခဲ့သလို ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်ဘဝကိုလည်း တွန်းပို့ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ်”
ဟုတ်ပါတယ်။အမေရိကန်က ကယ်ထုတ်ပြီး အဝေးရောက်အစိုးရအနေနဲ့ ဦးဆောင်ဖို့ပြောတာကို ဇာလန်းစကီးက လက်မခံ အပြတ်ပယ်ချခဲ့ပါတယ်။ ရုရှားတွေကလည်း ယူကရိန်းမြို့တော် ကိယက်ကို တစ်ပတ်အတွင်းသိမ်းနိုင်မယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့ ဒီနေ့အချိန်မှာတော့ မြို့တော်ကိယက် ရုရှားတို့လက် ကျမသွားသလို ယူကရိန်းတွေဟာ ရုရှားတွေကို တန်ပြန်ထိုးစစ်တောင် ဆင်နွဲနေကြပါပြီ။ အစောပိုင်းမှာ သံသယနဲ့ စောင့်ကြည့်နေကြတဲ့ ကမ္ဘာ့နိုင်ငံတွေဟာလည်း အခုအခါမှာတော့ ယူကရိန်းနောက်က နိုင်ငံရေးအရ အပြတ်ရပ်တည်ထောက်ခံပေးရုံတင်မကပဲ ငွေကြေးအရရော စစ်လက်နက်ပစ္စည်းတွေပါ ပုံအော ထောက်ပံ့ပေးနေတာကို တွေ့ကြရမှာပါ။
ယူကရိန်းနဲ့ မြန်မာကိုလည်း နှိုင်းယှဉ်ပြောကြတာတွေရှိပါတယ်။ယူကရိန်းကို ထောက်ပံ့ကူညီသလို မြန်မာ့နွေဦးတော်လှန်ရေးကိုတော့ ဘာကြောင့် မထောက်ပံ့ မကူညီကြသလဲ။အထူးသဖြင့် အမေရိကန်အနေနဲ့ ယူကရိန်းကို ဘီလီယံပေါင်းများစွာပေးကမ်း ကူညီနေပေမဲ့ မြန်မာ့အရေးမှာ ယူကရိန်းရဲ့ အပုံတစ်ရာမှာ တစ်ပုံလောက်တောင် ဘာလို့ မကူညီရတာလဲလို့ မချိတင်ကဲ အားမလိုအားမရ ပြောဆို ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ သမိုင်းကြောင်းအရ၊ နိုင်ငံရေးအရ၊ ပထဝီအနေအထားတွေအရ မတူညီ၊ခြားနားချက်တွေကတော့ အများကြီးပါ။ ယူကရိန်းနဲ့ မြန်မာကို တတန်းတည်းထား၊ တပြေးညီ ကောက်ချက်ဆွဲလို့တော့ မရနိုင်ပါဘူး။ ဒီလိုဆိုရင် မျှလည်း မမျှတဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တူညီတာတွေရှိသလို ယူကရိန်းဆီက သင်ယူစရာတွေလည်း ရှိတယ်လို့ ဆိုရမှာပါ။ မြန်မာစစ်တပ်ကလည်း ရွေးကောက်ပွဲရလဒ်ကို လစ်လျူရှုကာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗြောင်အာဏာသိမ်းခဲ့သလို ရုရှားကလည်း ယူကရိန်းကို ၂၀၂၂၊ ဖေဖော်ဝါရီ ၂၄ မှာ ပေါ်တင်ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
သင်ယူစရာကတော့ ဇာလန်းစကီးရဲ့ ခေါင်းဆောင်မှုပဲ ဖြစ်ပါတယ်။ဆရာငြိမ်းစေ မှတ်ချက်ပေးသလိုပါပဲ။ ဇာလန်းစကီးရဲ့ Communication လို့သုံးစွဲကြတဲ့ ဆက်သွယ်ပြောဆို၊ဆက်ဆံရေးနည်းပညာ ကျွမ်းကျင်ပိုင်နိုင်ခြင်းနဲ့ Messaging လို့ခေါ်တဲ့ သတင်းစကားပေးပို့မှု ရှင်းလင်းတိကျခြင်းတို့ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကမ္ဘာကြီးကို ယူကရိန်းရဲ့ ရပ်တည်ချက်၊ သဘောထားနဲ့ လိုအပ်ချက်တွေကို ရှင်းလင်းအောင် အသိပေးနိုင်တာပါပဲ။ ဘယ်လိုအကူအညီ အထောက်အပံ့တွေလိုတယ်။ ဘယ်လိုကူညီပါဆိုတာကိုလည်း ရှင်းလင်းစွာ ချပြနိုင်တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဇာလန်းစကီးကို အမြော်အမြင်ရှိတဲ့ ခေါင်းဆောင် Visionary Leader လို့ ဆိုကြပါတယ်။
ပြဇာတ်မင်းသားတဖြစ်လဲ ယူကရိန်းသမ္မတရဲ့ ခေါင်းဆောင်မှုပုံသဏ္ဌာန်ဟာ ပန်းတိုင်ကို အတူတူချီတက်ကြမယ်ဆိုတဲ့ စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်တယ်။ ယူကရိန်းပြည်သူတွေကို ဘယ်နေရာကနေ၊ ဘယ်လိုပါဝင်ရမယ်ဆိုတာကို လမ်းပြနိုင်တယ်။ အဲဒါဟာ အောင်မြင်မှုအတွက် အံ့ဝင်ခွင်ကျဖြစ်တဲ့ ခေါင်းဆောင်မှုဖြစ်တယ်လို့ Journal of Democracy ရဲ့ "ဇာလန်းစကီးက ယူကရိန်းကို ဘယ်လို အပြောင်းအလဲ ဖြစ်စေသလဲ”ဆိုတဲ့ စာတမ်းမှာ ရေးသားထားပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးလို ဩဇာတိက္ကမရှိတဲ့ခေါင်းဆောင်လိုအပ်နေတဲ့ မြန်မာ့တော်လှန်ရေးဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကို Asia Times သတင်းမှာ ၂၀၂၃၊ ဧပြီ ၁၃ ရက်နေ့ကဖော်ပြခဲ့တာ တွေ့ရပါတယ်။ အဲဒီဆောင်းပါးမှာ "လူကြိုက်များတဲ့ ရွေးကောက်ခံအစိုးရအဖွဲ့ကို ဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာချိန်မှာ ရုန်းကန်တော်လှန်နေသူတွေကို ကူညီထောက်ပံ့ရမယ့် အစား စကားလုံးတွေနဲ့သာ ပြင်းပြင်းထန်ထန် ပြောနေပြီး အရှေ့တောင်အာရှက မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ကမ္ဘာနိုင်ငံတွေဟာ စိတ်အား ထက်သန်မှုလျော့နည်းလာတယ်”
"ပဋိပက္ခ ၂ ခုဟာ လုံးဝထပ်တူ မဟုတ်ပေမဲ့ မြန်မာ့အရေးကို ကမ္ဘာကလုံးဝလျစ်လျူရှုထားချိန်မှာ ယူကရိန်းနိုင်ငံအတွက်တော့ နိုင်ငံတကာအသိုက်အဝန်းကို တက်တက်ကြွကြွလှုံ့ဆော်နေတာ သိသာပါတယ်” လို့ တက်စ်မားနီးယားတက္ကသိုလ်က နီကိုလပ်စ် ဖာရယ်လီက သူ့အက်ဆေးတစ်ပုဒ်မှာ ထည့်သွင်းရေးသားထားတယ်”
"တချို့အကဲခတ်တွေ ထောက်ပြသလိုပဲ စုစည်းမှုကင်းမဲ့တဲ့ လှုပ်ရှားမှုဖြစ်နေတာဟာ နိုင်ငံတကာအစိုးရတွေက မြန်မာ့အရေးမှာ ထဲထဲဝင်ပါဖို့ စိုးရိမ်နေတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်”လို့ Asia Times ရဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။
မြန်မာ့နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကတော့ "မြန်မာ့နွေၤဦးတော်လှန်ရေးဟာ ဘယ်ခေတ်၊ ဘယ်အခါနဲ့မှ မတူအောင် အခွင့်အလမ်းတွေ၊ တိုင်းရင်းသားပြည်သူတွေရဲ့ ထောက်ခံမှုတွေရထားတယ်။ ဒါပေမဲ့ ခေါင်းဆောင်မှုနဲ့ မဟာဗျူဟာပိုင်းမှာ အားနည်းနေတာတွေ့ရတယ်။ NUG အနေနဲ့ နိုင်ငံခြားရေး မူဝါဒအပါအဝင် တော်လှန်ရေးကို တစ်ဆင့်ချင်း ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတဲ့ မူဝါဒအထိုင် Policy Narrative ကို ဇာလန်းစကီးလို ချပြနိုင်ဖို့လိုတယ်”လို့ ဝေဖန်ချက်ပေးကြောင်းပါ။