သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ မြန်မာပိုများလာ


(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်တဲ့ မြန်မာ လူချမ်းသာတွေနဲ့ လူလတ်တန်းစားတွေလည်း ပိုများလာပြီး ၂၀၂၂ ခုနှစ် ပထမ ၉ လအတွင်း ချင်းမိုင်တမြို့တည်းမှာတင် မြန်မာနိုင်ငံသားတွေ တရားဝင် ဝယ်ယူထားတဲ့ တိုက်ခန်းပေါင်း ၁၈၈ ခန်းဟာ ဘတ်ငွေတန်ဖိုး ၁ ဒသမ ၃၄ ဘီလျံဖိုး ရှိတယ်လို့ အင်္ဂလိပ်လို ထုတ်ဝေတဲ့ Thai Enquirer စီးပွားရေးနဲ့ ဈေးကွက်စောင့်ကြည့်ရေး စာစောင်မှာ ဖေါ်ပြထားပါတယ်။

ချင်းမိုင်မြို့မှာ တရုတ်နိုင်ငံသားတွေက အများဆုံး ဝယ်ကြပြီး တိုက်ခန်း ပေါင်း ၃,၅၆၂ ခန်းက ဘတ်ငွေတန်ဖိုး ၁၈ ဘီလျံ နီးပါးတန်ဖိုး ရှိသလို ဒုတိယအများဆုံးဝယ်တဲ့ ရုရှားနိုင်ငံသားတွေရဲ့ တိုက်ခန်းပေါင်း ၄၂၀ က ဘတ်ငွေ ၁ ဒသမ ၃၆ ဘီလျံဖိုး ရှိ ပါတယ်။ Thai Enquirer စာရင်းအရ မြန်မာတွေဝယ်ယူတဲ့ ချင်းမိုင်က တိုက်ခန်းအရေအတွက်ဟာ ရုရှားရဲ့ ထက်ဝက်တောင် မရှိပေမဲ့ တန်ဖိုး အားဖြင့်တော့ သိပ်မကွာလှပါဘူး။

ထိုင်းနိုင်ငံကို မြန်မာတွေ အလုပ်အကိုင် ရှာဖွေဖို့ သွားလေ့ရှိကြပြီး မြန်မာနိုင်ငံသား ၂ သန်းခွဲကနေ ၃ သန်းလောက်အထိ ရှိနေနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားတာပါ။ အခုအခါမှာတော့ မြန်မာနိုင်ငံကနေ ငွေကြေးတတ်နိုင်သူတွေပါ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်မှု များလာနေပြီး မြို့တော် ဘန်ကောက်မှာလည်း မြန်မာနိုင်ငံသားတွေ တိုက်ခန်းဝယ်မှုတွေ မြင့်တက်လာနေ တယ်လို့ ဘန်ကောက် မြန်မာအသိုင်းအဝိုင်းက ပြောဆိုပါတယ်။

ထိုင်းနိုင်ငံကို လာရောက်တဲ့ အထဲမှာ ရုရှားနိုင်ငံသားတွေလည်း တိုးလာနေတာ ဖြစ်ပြီး နိုဝင်ဘာအတွင်း ရုရှားနိုင်ငံသား လာရောက်မှုဟာ စက်တင်ဘာလကထက် ၇ ဆ များလာတယ်လို့ ထိုင်းမှတ်တမ်းတွေမှာဖေါ်ပြပါတယ်။ Covid-19 ကူးစက်မှုတွေ ကျဆင်းလာခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုး လာပြီး နိုဝင်ဘာလ ၁ လ ထဲမှာတင် လာရောက်လည်ပတ်သူ ခရီးသွား ၁ ဒသမ ၇ သန်းကျော်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG