သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား လှေစီးပြေး၂ဝဝ နီးပါး နေရပ်ပြန်ပို့


စစ်တွေမြို့ပြင်က ဒုက္ခသည်စခမ်းအတွင်းက မူဆလင်တွေ ကွန်ပြူတာကတဆင့် မလေးရှားက ဆွေမျိုးတွေနဲ့ စကားပြောနေကြစဉ်။
စစ်တွေမြို့ပြင်က ဒုက္ခသည်စခမ်းအတွင်းက မူဆလင်တွေ ကွန်ပြူတာကတဆင့် မလေးရှားက ဆွေမျိုးတွေနဲ့ စကားပြောနေကြစဉ်။

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲစခန်းမှာ ထိန်းသိမ်းထားဆဲ လှေစီးပြေးဒုက္ခသည် ၇၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံထဲက လှေစီးပြေး ၂၀၀ နီးပါး ပါဝင်တာကို စိစစ်တွေ့ရှိရတဲ့အတွက် UNHCR ရဲ့အကူအညီနဲ့ ရခိုင်ပြည်နယ်ထဲက ဒေသတချို့ကို စနေနေ့ မနေ့က ပြန်ပို့လိုက်ပြီဖြစ်ပါတယ်။ နောက်ထပ် ကျန်နေ သေးတဲ့ လှေစီးပြေး ၅၀၀ ကျော်ကို ဆက်လက်စိစစ်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အတည်ပြုပေးသူတွေကိုသူတို့နိုင်ငံဘက် အမြန်ပြန်ပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုံစမ်းတင်ပြထားပါတယ်။

မြန်မာ့ရေပိုင်နက်ထဲမှာ မြန်မာရေတပ်ကဖမ်းမိခဲ့တဲ့ လှေစီးပြေးတွေထဲက ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေ စိစစ်အတည်ပြုပြီးသမျှ လှေစီးပြေးတွေကို သက်ဆိုင်ရာဌာနေဆီ ပြန်ပို့နေရာမှာ လှေစီးပြေး ၁၉၅ ဦးဟာ မြန်မာနိုင်ငံထဲကနေ ထွက်ပြေးခဲ့တယ်လို့ စိစစ်တွေ့ရှိရတာကြောင့် သူတို့ကို UNHCR ခေါ် ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးရဲ့ အကူအညီနဲ့ တောင်ပြိုလက်ဝဲစခန်းကနေ ရခိုင်ပြည်နယ်ထဲက သူတို့နေရပ်ရင်း တွေကို မနေ့တုန်းက ပြန်ပို့လိုက်ပြီဖြစ်ကြောင်းမောင်တောခရိုင် ရဲမှူးကြီးအောင်စောက ပြောပါတယ်။

“လူစုထားတဲ့တောင်ပြိုကနေပြီးတော့မှ ပြန်ပို့တာပါ။ ၂၀၀ ပတ်ဝန်းကျင် အဲဒီလောက်တော့ သိရတယ်။ ရခိုင်ပြည် နယ်အသီးသီးကပါ။ မောင်တောပါတယ်၊ ဘူးသီးတောင်ပါတယ်။ စစ်တွေပါတယ်၊ ကျောက်တော်တို့၊ မြောက်ဦးတို့ အဲဒီဘက်တွေက ပါတယ်။ မိမိနေရပ်ဒေသတွေကို ပြန်ပို့ပါတယ်။ အဲဒါကတော့ သူတို့ UNHCR က အစီအစဉ်နဲ့ ပို့ပေးနေတယ်လို့ သိရတယ်ဗျ။ …..”

လဝက ဦးစီးဌာနရဲ့စာရင်းတွေအရ နေရပ်ရင်းကိုပြန်ပို့ခံရသူတွေထဲမှာ မောင်တောမြို့နယ်က အများဆုံးဖြစ်ပြီး လူ ၁၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။ ကျန် သူတွေကတော့ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင် ၊ မင်းပြား၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကလို့ သိရပါတယ်။ ပြန်ပို့ခံရသူအားလုံးဟာ မူဆလင်တွေဖြစ်ကြတယ်လို့ ရဲမှူးကြီးအောင်စောက ပြောပါတယ်။ ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲစခန်းမှာ နောက်ထပ် ကျန်နေဦးမယ့် လှေစီးပြေး ၅၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံအာဏာပိုင်တွေ ဆက်လက်စိစစ်နေဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလို့ အတည်ပြုပြီးရင်တော့ တဘက် နိုင်ငံကို လွှဲပြောင်းပြန်ပို့သွားမှာ ဖြစ်တယ်လို့ ရဲမှူးကြီးအောင်စောက ပြောပါတယ်။

“သူတို့လူတွေကတော့ စိစစ်နေတုန်းလို့ သိရတယ်။ စစ်တွေမှာရှိနေတဲ့ကောင်စစ်ဝန်က လောလောဆယ် စိစစ်တာ။ စိစစ်ပြီးတော့မှ သူတို့က ရန်ကုန်မှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးကို အကြောင်းကြားမယ်။ ရန်ကုန်၊ ဘင်္ဂလားဒေ့ရှ်သံရုံးကနေပြီးတော့မှ သူတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ပြီးတော့မှ သူတို့လူတွေကို စစ်ဖို့ ထပ်ပြီးတော့လွှတ်မှာပေါ့။ ကျန်တဲ့လူတွေကတော့ ဘင်္ဂလားဒေ့ရှ်ကလာမှာပါ။ နယ်ခြားစောင့်တပ်ရင်းမှူးတွေ ပါတယ်။ လဝကလည်းပါတယ်၊ အုပ်ချုပ်ရေးအာဏာပိုင်တဲ့အဖွဲ့တွေပါတာပေါ့။”

စိစစ်အတည်ပြုပြီးသား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၇ ဦးကို ဇွန်လ ၁၉ ရက်နေ့တုန်းက မြန်မာလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေက တောင်ပြိုလက်ဝဲ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီး မြန်မာနိုင်ငံဘက်ခြမ်းမှာ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နယ်ခြားစောင့်တပ် အမှတ် ၁၇ အရာရှိတွေနဲ့ တာဝန်ရှိသူတွေက လာရောက်လက်ခံခဲ့ကြပါတယ်။

XS
SM
MD
LG