သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် အပစ်ရပ်သက်တမ်း၂လ ထပ်တိုးမှု ပြည်ပအမြင်


ကချင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာတပ်မတော် စခန်းတခု
ကချင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာတပ်မတော် စခန်းတခု

ဧပြီလ (၂၁)ရက်နေ့က သက်တမ်းကုန်ဆုံးခဲ့တဲ့ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း (၄) လကြာ အပစ်အခတ် ရပ်စဲထားတဲ့အချိန်ကာလကို ဇွန်လကုန်အထိ နောက်ထပ် (၂)လ တိုးမြှင့်သတ်မှတ်ကြောင်း မြန်မာတပ်မတော်က မနေ့ အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရခိုင်ပြည်နယ်ကိုတော့ အရင်အတိုင်း အပစ်ရပ်ထားတဲ့ ဒေသထဲမှာ ထည့်သွင်းဖေါ်ပြထားခြင်း မရှိပါဘူး။

တချိန်တည်းမှာပဲ NRPC အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်တို့ မနေ့က မူဆည်တွေ့ဆုံပွဲမှာရလာဒ် ထူးခြားချက်အဖြစ် အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်းစီနဲ့ ဆွေးနွေးသွားဖို့ အစိုးရဘက်က သဘောတူခဲ့ကြောင်း မြောက်ပိုင်း မဟာမိတ် တာဝန်ရှိသူတွေက ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပြောဆိုချက်တွေအပေါ် ပြည်ပရောက်တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထား ဘယ်လိုရှိသလဲ။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

၂၀၁၈ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၉ခုနှစ် ဧပြီလအထိ သတ်မှတ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကာလကို ထပ်ပြီးတိုးပေးဖို့ KIO/KIA ကချင်လွတ်မြောက်ရေးအဖွဲ၊ TNLA တအောင်းန်လွတ်မြောက်ရေးအဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့ တို့က တောင်းဆိုလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဧပြီလ (၃၀)ရက်နေ့က ထုတ်ပြန်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကြေညာချက်က ဆိုပါတယ်။ မတ်လနှောင်းပိုင်းက ပြုလုပ်တဲ့ တပ်မတော်ရဲ့သတင်းစာရှင်းလင်းပွဲမှာ- လေးလကြာအပစ်ရပ်ထားတဲ့ကာလကို ထပ်ပြီးတိုးပေးမှာမဟုတ်ဘူးလို့ တပ်တော်ပြောခွင့်ရ ဗိုလ်ချုပ်စိုးနိုင်ဦးက အတိအလင်း ပြောကြားခဲ့တာပါ။

ဒါပေမဲ့လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးနိုင်တဲ့အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆွေးနွေးနိုင်ဖို့ အတွက် မြန်မာတပ်မတော်ဘက်က အပစ်ရပ်ထားတဲ့ ကာလကို တပ်တိုးဖို့ အဲဒီသုံးဖွဲ့ကနေ ပန်ကြားလာတဲ့အတွက် ဇွန်လ ကုန်အထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တပ်မတော်ဘက်က အခုလို ထုတ်ပြန်ချက်ဟာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့တို့ မနေ့ ဧပြီလ (၃၀)ရက်နေ့က ရှမ်းပြည်နယ် မူဆယ်မြို့မှာ ဆွေးနွေးခဲ့ကြပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲ ရလာဒ် ထူးခြားချက်အဖြစ် အရင်က အစိုးရနဲ့ တပ်မတော်ဘက်က တလျောက်လုံးကိုင်စွဲထားတဲ့ NCA အပစ်ရပ်စာချုပ်မှာ အားလုံးပါဝင် လက်မှတ်ရေးထိုးဖို့ဆိုတဲ့ အခြေအနေမျိုးမဟုတ်ပဲ တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ချင်းစီနဲ့ ဆွေးနွေးညှိုနှိုင်းဖို့ အချက်ကို ပြောင်းလဲသဘောတူခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်တွေက ဆွေးနွေးပွဲအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

အခုလိုတွေ့ဆုံဆွေးနွေးပွဲမျိုးကို ကြိုဆိုပေမယ့် လက်တွေ့မှာ မြန်မာစစ်တပ်အပေါ် ယုံကြည်မှု သိပ်မရှိဘူးလို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Sang က ဗွီအိုအေကို ပြောပါတယ်။

“အခုဒီလို အစည်းအဝေး တွေ့ဆုံတာက ပြည်ပရောက် ကချင်မဟာမိတ်အဖွဲ့များကနေပြီးတော့ ကြိုဆိုပါတယ်။ မတွေ့တာထက် တွေ့တာ ပိုကောင်းတယ် ၊ မဆွေးနွေးတာထက် ဆွေးနွေးတာက ပိုကောင်းတယ်။ စားပွဲပေါ်မှာ ညှိနှိုင်းတဲ့အလုပ်ကို ပြည်သူလူထုအနေနဲ့ ထောက်ခံပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ ဟန်ပြနိုင်ငံရေးမဖြစ်ဖို့ အရေးကြီးတယ်လို့ ကျနော်တို့မြင်ပါတယ်။ လွန်ခဲ့တဲ့ ၄ လ အချိန်ပေးထားပါတယ် ပေးထားပေမယ့် တချို့တပ်ရင်းတွေရော သိမ်းလိုက်တာတွေရှိခဲ့တယ်၊ အပစ်ရပ်စဲတယ်လို့ ကြေညာပေမယ့် တကယ်မှာတော့ လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ ထိုနည်းတူ နောက်ထပ် ၂ လတိုတာမှာ နိုင်ငံရေးလှည့်ကွက် ပြန်မဖြစ်ဖို့ပဲ အရေးကြီးပါတယ်၊ ချုပ်ငြိမ်းမယ်ဆိုရင် တပြည်လုံးလုပ်ဖို့ အရေးကြီးပါတယ်၊ ရခိုင်ဒေသကို ချန်ထားတာမဖြစ်ပဲနဲ့ တနိုင်ငံလုံးကို ကြေညာပြီးမှ တပြည်လုံးမှာ ထိုးစစ်ဆင်တာတွေ၊ တိုက်ခိုက်မှုတွေ အကုန်လုံး ရပ်စဲဖို့ကတော့ အရေးကြီးဆုံးပါပဲလို့ ကျနော် တိုက်တွန်းချင်ပါတယ်။”

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆွေးနွေးပွဲ အခြေအနေကို စောင့်ကြည့်နေတဲ့ အမေရိကန်-ရခိုင်လူမှုအဖွဲ့အစည်း ဒုဥက္ကဌ ကိုသိန်းထွန်းဇံကတော့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ဘက်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ပိုပြီးလိုလားကြောင်း အခုလို ဗွီအိုအေကို ပြောပါတယ်။

“နိုင်ငံတကာမှာရှိတဲ့ ရခိုင်အမျိုးသားတွေကတော့ အစတုန်းကတည်းက မျှော်လင့်ချက်မရှိဘူး ၊ စောင့်ကြည့်နေကြတယ် ဒါပေမယ့် ရခိုင်ဘက်ကို ထပ်ပြီးတော့ လုပ်နေဦးမယ် ထိုးစစ်ဆင်နေဦးမယ်လို့ ကျနော်တို့ ယူဆထားပါတယ်။ အခုက ဒီအတိုင်းပဲ ဆက်ဖြစ်နေတာပေါ့နော် ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ ဒုက္ခသည်တွေ ၃သောာင်းကျော်ဖြစ်နေတာကိုလည်း ပစ်ထားတယ်၊ ပြီးတော့ ကူညီမယ့်အဖွဲ့တွေအားလုံးကိုလည်း ပိတ်ဆို့ထားတယ် ပြီးတော့ အဲဒီလူတွေကို ကူညီဖို့ကြိုးစားတဲ့လူတွေကိုလည်း ဖမ်းဆီးထားတယ် ၊ သတ်ဖြတ်တယ် ပြီးတော့ ရွာသားတွေအများကြီး ရာနဲ့ချီပြီးတော့ ဖမ်းထားတယ်။ ပြီးတော့ အဲဒီထဲက လူတွေလည်း တယောက်ပြီးတယောက် အသတ်ခံနေရတယ် နှိတ်စက်ခံနေရတယ်။ အဲဒါတွေအားလုံးကို ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး ကျနောတို့ကတော့ မြန်မာစစ်တပ်၊ အစိုးရကို ဒါတွေလုံးဝရပ်ဖို့ လိုလားပါတယ်။”

မနေ့က မူဆယ်မှာပြုလုပ်တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့ဖြစ်တဲ့ KIO/KIA၊ TNLA၊ MNDAA နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ AA က ခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။ လာမယ့် မေလမှာ ဆက်လက်ဆွေးနွေးကြဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို ဧည့်သည်တော်အဖြစ် တရုတ်အစိုးရ အာရှရေးရာ အထူး ကိုယ်စားလှယ် Mr. Sun Guoxiang ဦးဆောင်တဲ့အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။

လေးလကြာ အပစ်ရပ်စဲထားတဲ့ကာလအတွင်း တပ်မတော် ညှိုနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နေပြည်တော် NRPC ဌာနချုပ်မှာ လေးကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ SSP၊ မတ်လ ၁၂ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မတ်လ ၁၉ ရက်နေ့ ကရင်နီတိုးတက်ရေးပါတီ KNPP တို့နဲ့လည်း သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG