(Zawgyi / Unicode)
၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးအတွင်းမှာ COVID-19 ကပ်ရောဂါရဲ့ သက်ရောက်မှုကြောင့် ကျယ်ကျယ့်ပြန့်ပြန့် ပေါ်ပေါက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိစ္စတွေကို အဓိက ဆွေးနွေးကြမှာပါ။ ဒီကနေ့ တနင်္လာနေ့ ဂျီနီဗာမှာ စတင်ကျင်းပမယ့် အစည်းအဝေးအကြောင်း Lisa Schlein သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ပြပေးထားပါတယ်။
လေးပတ်ကြာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ကပ်ရောဂါ အခြေအနေတွေကြောင့် ဗွီဒီယိုကနေတဆင့်သာ ကျင်းပမှာဖြစ်ပါတယ်။ ညီလာခံ ပထမသုံးရက်မှာ နိုင်ငံခေါင်းဆောင် ၉ ဦး ပါဝင်တက်ရောက်မှာဖြစ်ပြီး နိုင်ငံပေါင်း ၁၃၀ ကျော်က ပါဝင်ဆွေးနွေးသွားမှာပါ။
ဒီကနေ့ တနင်္လာနေ့မှာ ကပ်ရောဂါနဲ့ ပတ်သက်လို့ သီးသန့် အထူးအစည်းအဝေး ရှိပါတယ်။ ဒီစည်းဝေးပွဲမှာ ကပ်ရောဂါနဲ့ ဆက်နွှယ်ပြီး ပေါ်ပေါက်လာတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ လူအချင်းချင်း ခွဲခြားဆက်ဆံမှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။
အစိုးရတွေက အတိုက်အခံတွေကို နှိမ်နင်းဖို့နဲ့ အာဏာတည်မြဲဖို့ လုပ်ဆောင်တာမှာ ကပ်ရောဂါကို အကြောင်းပြချက်အနေနဲ့ အသုံးချနေတဲ့ ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ လေ့လာဆန်းစစ်သင့်တယ်လို့ ကောင်စီ အမှုဆောင်ညွှန်ကြားရေးမှူး Kenneth Roth က ပြောပါတယ်။
ဥပမာအနေနဲ့ ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Victor Orban က ပါလီမန်မှာ တရားဝင်ဥပဒေပြုတာကို ခွင့်မပြုဘဲ သူ့အမိန့်အာဏာနဲ့ အုပ်ချုပ်နေတာကို ထောက်ပြပါတယ်။
“နောက်ထပ် ဥပမာတခုကတော့ မကြာသေးခင်က ယူဂန်ဒါမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပါ။ သမ္မတ Yoweri Musevani က သူ့ရဲ့ အဓိက အတိုက်အခံတွေကို ရွေးကောက်ပွဲ မပါနိုင်အောင် ကြိုပြီး ဖယ်ရှားဖို့ ကပ်ရောဂါကို အကြောင်းပြခဲ့တာပါ။ အကြမ်းဖက်မှုတွေကို အကြိမ်ကြိမ်လုပ်ခဲ့တယ်။ လူတွေကို ဖမ်းဆီးခဲ့တယ်။ ထပ်ခါတလဲလဲ ဖမ်းပြီး အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် Pop အဆိုတော် Bobi Wine ကို ဖမ်းဆီးရိုက်နှက်ခဲ့တာမျိုးတွေပါ။ တော်တော်များများက ကပ်ရောဂါကြောင့်ဆိုပြီး အကြောင်းပြခဲ့တာပါ။”
အထူးအစည်းအဝေးမှာ သေဒဏ်ပြစ်ဒဏ် ချမှတ်တဲ့ကိစ္စ၊ ကလေးသူငယ် အခွင့်အရေးနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကိုလည်း အဓိကထား ဆွေးနွေးဖို့ ရှိတာပါ။ ဒီအထဲမှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ တိုင်းပြည်အတော်များများရဲ့ အရေးကိစ္စတွေကိုလည်း သုံးသပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုလတ်တလော မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ကိစ္စ၊ လူ့အခွင့်အရေး ဆက်တိုက်ချိုးဖောက်နေတဲ့ ဘယ်လာရုစ်၊ ဗင်နီဇွဲလား၊ အီရန်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဘူရွန်ဒီနဲ့ မြောက်ကိုရီးယားနိုင်ငံတွေရဲ့ အရေးတွေလည်း ပါဝင်ဆွေးနွေးကြမှာပါ။
လူ့အခွင့်အရေးကောင်စီကို အမေရိကန်က ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတ Joe Biden ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။ သမ္မတဟောင်း Donald Trump လက်ထက် ၃ နှစ်နီးပါးကြာ ကောင်စီက နုတ်ထွက်ထားခဲ့တဲ့ အမေရိကန်အနေနဲ့ ကမ္ဘာ့စင်မြင့်မှာ အခြေခံလူ့အခွင့်အရေးတွေနဲ့ တရားဥပဒေစိုးမိုးရေး မြှင့်တင်ဖို့ သူ့အင်အားကို အသုံးပြုလိမ့်မယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက မျှော်လင့်နေကြပါတယ်။
------------------------
(Unicode)