စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ချောင်းဇင်းရွာဘက်ကို ဧရာဝတီမြစ်ထဲမှာရှိနေတဲ့ ရေတပ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလိုပစ်ခတ်တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လှူဒါန်းထားတဲ့ ရိက္ခာတွေ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခံရတဲ့ ပေါက်မြို့တောင်ပိုင်း ကင်းမရွာမှာဆိုရင်လည်း ဒေသခံတွေ နေရပ်မပြန်နိုင်ဖြစ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေ လှုပ်ရှားတတ်တဲ့ နေရာတွေဘက်ကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာမှာ စက်တင်ဘာ ၆ ရက် တနင်္လာနေ့က ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ချောင်းဇင်းကျေးရွာဘက်ကို ရေတပ် သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်ကပြောပါတယ်။ ရွာအရှေ့ဘက် ဧရာဝတီမြစ်ထဲမှာ စစ်သင်္ဘောတစီးရှိနေပြီး အဲဒီကနေ လှမ်းပစ်တယ်လို့ ပြောပါတယ်။ လက်နက်ကြီးကျည်တွေ ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ အသေအပျောက်တော့ မရှိဘူးလို့ဆိုပါတယ်။ စိုးရိမ်ကြောက်လန့်ပြီး ရွာအနောက်ဘက်ကနေ လှေတွေနဲ့ ထွက်ပြေးကြတဲ့ ကျေးရွာသားတွေကိုလည်း စစ်တပ်က စက်လှေတွေနဲ့ ပိတ်ပြီး စစ်ဆေးခဲ့တယ်လို့ပြောပါတယ်။ မိုးကြီးပြီး ရွာထဲ ရေတွေဝင်နေတာကြောင့် လှေတွေနဲ့ ထွက်ပြေးကြတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မြောင်မြို့ခံတဦးက အခုလိုပြောပါတယ်။
“ပုံစံက ဧရာဝတီမြစ်လယ်မှာ သင်္ဘောကြီး ကျောက်ချပြီး ရပ်ထားတာ။ ရပ်ထားပြီး သင်္ဘောကြီး အတိုင်းပဲရှိနေပြီး စပိဘုတ်ပေါ့ စပိဘုတ် ၄ စီးက ချောင်းဇင်းရွာကို ချောင်းဇင်းရွာရဲ့ အရှေ့ဘက်မှာ အစုန်အဆန် လုပ်နေတာ။ အားလုံးပေါင်း အမြှောက်နဲ့ ၄ ချက်ပစ်တာ ၁ ချက်ကတော့ ရွာပေါ်ကို ကျတယ်။ ဒါပေမယ့်လို့ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိဘူးပေါ့။ ရွာထဲကလူတွေက ထွက်ပြေးတိမ်းရှောင်ကြတာပေါ့။ ထွက်ပြေးတိမ်းရှောင်တော့ စပိဘုတ် မော်တော် ၄ စီးအပြင်ကို နောက်ထပ် မော်တော်က တစီးပါသေးတယ်။ အဲ့မော်တော်တစီးနဲ့ ပြေးတဲ့သူတွေကို စက်လှေတွေကို လိုက်တာပေါ့။ လိုက်ပြီးတော့ မိလို့ရှိရင် ရှောင်တဲ့တိမ်းတဲ့ စက်လှေအပေါ်မှာ လက်နက်တို့ဘာတို့ ပါလားပေါ့ လိုက်ကြည့်တာပေါ့။ လက်နက်တို့ ဘာတို့ မပါဘူးဆိုရင်တော့ လွှတ်ပေးလိုက်တာပေါ့။ ရွာသားတွေဖမ်းဆီးခံရတာ အခုချိန်ထိတော့ အတည်ပြုလို့မရသေးဘူး။ တချို့တွေပြောတာက ၄ ဦးပေါ့ အဲ့လိုတော့ ကြားတယ်။ ဒါပေမယ့် အတိကျတော့မသိဘူး။”
အခုလက်နက်ကြီးနဲ့ပစ်ခံရတဲ့ ချောင်းဇင်းကျေးရွာမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ မေလ ၂၆ ရက်က တခါ တိုက်ပွဲဖြစ်ခဲ့ဖူးပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ချောင်းဇင်အပါအဝင် မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မကြာခဏဝင်ရောက်ရှာဖွေပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတာပါ။
တခါ မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာက ထွက်ပြေးနေကြရတဲ့ ရွာသူရွာသားတွေ ခုချိန်ထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။
စစ်တပ်နဲ့ PDF အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကင်းမရွာကို စက်တင်ဘာ ၁ ရက်က စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ကျေးရွာဘုန်းကြီးကျောင်းမှာ ဒေသခံတွေအတွက် လှူဒါန်းထားတဲ့ ရိက္ခာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့လို့ ဒေသခံတွေဟာ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။
ဒါနဲ့ပတ်သက်လို့ ကင်းမရွာသားတဦးက -
“ကျွန်တော်တို့ရွာထဲက ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေက ရွာထဲကို မပြန်ရဲကြတော့ဘူးဆိုပြီး တောထဲတွေမှာပဲ နေမြဲနေ နေရသေးတယ်။ ၁ ရက် ၂ ရက် အတောအတွင်း အဆင်ပြေနိုင်လောက်သေးတယ်။ နောင်ရက်ကြာလာတဲ့အခါဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးခင်ဗျ။ အခုက ရွာထဲမှာ တယောက်မှ မရှိတော့ဘူး။ ကျွန်တော်တို့တောထဲမှာပဲ တိမ်းရှောင်နေကြတော့တာ။ ကျွန်တော်တို့ဆီက ဘယ်ကိုမှလည်း မသွားရဲ ဘယ်ကမှလည်း မဝင်ရဲဆိုသလို ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ဆီမှာ အခက်အခဲဖြစ်နေတယ်ခင်ဗျ။”
ပေါက်မြို့တောင်ပိုင်း ကင်းမရွာဟာ ဇွန် ၁၆ ရက်က စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀၀ ကျော်မီးလောင်ခဲ့သလို သက်ကြီး ဖိုးဖွား ၂ ဦးလည်း မီးလောင်သေဆုံးခဲ့ပါတယ်။ မီးလောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ဒေသခံ PDF တို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။ စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်လိုလားသူတွေဘက်က မီးရှို့တာလို့ ပြောနေသလို၊ PDF တွေဘက်ကလည်း စစ်တပ်က မီးရှို့တာလို့ အခိုင်အမာပြောနေပါတယ်။ ကင်းမရွာမီးလောင်ပြီးနောက်ပိုင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က အသုံးအဆောင်ပစ္စည်းတွေ လာရောက်လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပေမယ့် လမ်းခရီးအခြေအနေနဲ့ ကိုဗစ် ကူးစက်တာတွေ များနေတာကြောင့် လှူဒါန်းမှု အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။
---------------------------------------------