(Zawgyi / Unicode)
ထိုင်းနိုင်ငံမှာ COVID-19 ကပ်ရောဂါ ဒုတိယအများဆုံး ဖြစ်ပွားနေတဲ့ ဖက်ချဘူရီပြည်နယ် ခေါင်ယိုင်မြို့ လျှပ်စစ်စက်ရုံအတွင်းက ယာယီဆေးရုံအတွင်းမှာ ဆေးကုသခံနေရတဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံနေရတဲ့ မြန်မာ ၅၀၀ ကျော်ဟာ ယာယီဆေးရုံမှာ မီးပြတ်လတ်ရာကစလို့ အဆင်မပြေမှုဖြစ်ပြီး မေလ ၂၇ ရက်နေ့က စက်ရုံရှေ့က ကွင်းပြင်မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။
လျှပ်စစ်စက်ရုံအတွင်းက ယာယီဆေးရုံမှာ ဆေးကုသခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကျော်ဟာ မေလ ၂၇ ရက်နေ့က စက်ရုံရှေ့က ကွင်းပြင်မှာ စုရုံး ဆန္ဒပြခဲ့ကြတာပါ။
စက်ရုံအတွင်းမှာ မီးပြတ်လပ်နေတာ၊ အစားအသောက် အဆင်မပြေတာနဲ့ ခွဲခြားဆက်ဆံခံရတာတွေကြောင့် အခုလို ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
ဆန္ဒပြမှုဖြစ်ပွားနေတဲ့ စက်ရုံကို ရဲ စစ်တပ်အင်အား ၃၀၀ ကျော်က အပြင်ကနေ လုံခြုံရေးယူပြီး စောင့်ကြည့်နေကြတာကိုလည်း ထိုင်းရုပ်သံသတင်းတွေမှာ ဖော်ပြကြပါတယ်။
ထိုင်းနိုင်ငံသား အလုပ်သမားတွေကိုတော့ ပြင်ပဆေးရုံတွေမှာ ဆေးကုသပေးနေပြီး မြန်မာနိုင်ငံသားတွေကိုတော့ စက်ရုံတွင်းက ရွက်ဖျင်တဲထိုးထားတဲ့ ယာယီဆေးရုံမှာ ကုသပေးနေတယ်လို့ ဆန္ဒပြသူတွေက ထောက်ပြကြပါတယ်။
လူမှုဖူလုံရေး အာမခံကြေးတွေ ပေးသွင်းထားတာမို့ ထိုင်းဆေးရုံတွေမှာ တရားဝင်ကုသခွင့် ပေးဖို့ကိုလည်း တောင်းဆိုကြပါတယ်။
များသောအားဖြင့် အစုလိုက်အပြုံလိုက် ကူးစက်မှုတွေကို ယာယီဆေးရုံတွေမှာပဲ ကုသပေးနေတာတွေ ရှိနေပြီး ကူးစက်သူတိုင်း ဆေးရုံသွားခွင့် မရတာတော့ရှိကြောင်း FED အဖွဲ့က အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဦးမင်းဦးက ပြောပြပါတယ်။
“ကျနော်ထင်တယ် အဲဒါတွေက ဖြစ်မှာပဲ။ ဒါပေမယ့် ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ပိုဖြစ်တယ်။ သို့သော် သူတို့ ထိုင်းတွေချင်းမှာလည်း ဟိုတလောက တော်တော်လေး သေသွားတယ်။ ရောဂါဖြစ်တာ ဆေးရုံကလာခေါ်ဖို့ကို စောင့်တယ်၊ လာမခေါ်လို့ အသက်ကြီးတဲ့သူတွေဆို နှစ်ယောက်လား သေသွားတာရှိတယ်။ ဒါက ကျနော်သိရသလောက်ပဲ ဆုံးသွားတာ။ လာခေါ်တာကိုစောင့်ရင်း လေးငါးခြောက်ရက် တပတ်ကြာလောက်မှာ သေကုန်တယ်။ နာတာရှည်ရောဂါရှိသူတွေ၊ ရောဂါအခံရှိသူတွေ၊ အသက်ကြီးသူတွေကတော့ အန္တရာယ် နည်းနည်းရှိတာပေါ့။”
လူမှုဖူလုံရေး အာမခံကြေးတွေ ပေးဆောင်ထားရပေမယ့် တကယ်တမ်း ဆေးကုသပေးရာမှာ ထိုင်းနဲ့ မြန်မာအလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံခံနေရတယ်လို့ မြန်မာအလုပ်သမားတွေက ထောက်ပြပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ပြေလည်နိုင်ဖို့ ဖက်ချဘူရီမြို့ပိုင် ကိုယ်တိုင် လာရောက် ဖြေရှင်းပေးခဲ့ပါတယ်။ ဒုတိယမြို့ပိုင် Mr. Natthawut Phetphonprasorn က အခုလို ပြောဆိုသွားပါတယ်။
“အခုလို ဖြစ်ပွားရတာဟာ စက်ရုံတွင်းမှာ မီးအားသုံးတာများပြီး လျှပ်စစ်မီး ပြတ်တောက်သွားခဲ့လို့ ရာသီဥတု ပူပြင်းနေတဲ့အချိန် အလုပ်သမားတွေအတွက် နေထိုင်ရေးခက်ခဲမှု ဖြစ်ရတာပါ။ အမြန်ဆုံး မီးပြန်ရအောင် လုပ်ဆောင်ပေးနေပါတယ်။” ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။
အဲဒီစက်ရုံအတွင်းမှာ ကိုဗစ်ကူးစက်လူနာ ၁,၃၀၀ ကျော်ရှိနေကြောင်း ဖက်ချဘူရီ ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့ကတော့ ထုတ်ပြန်ထားပါတယ်။
မေလ ၂၈ ရက်နေ့မှာတော့ ဖက်ချဘူရီပြည်နယ် အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ကျန်းမာရေးဌာန ပူးတွဲ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာအလုပ်သမားတွေ ကုသရေး အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့အတွက် အစည်းအဝေး လုပ်ခဲ့ကြပါတယ်။
အခုဆိုရင် စမုတ်ပရာကမ်ပြည်နယ်ထဲမှာလည်း နိုင်ငံခြားသား အလုပ်သမားတွေ ၈၀၀ ထက်မနည်း ကူးစက်မှုတွေ ဖြစ်တာကြောင့် အဲဒီနေရာကိုလည်း သောကြာနေ့ကစပြီး ပိတ်ဆို့မှုတွေလုပ်ထားကြောင်း ဦးမင်းဦးက ပြောပါတယ်။
“ပြောမယ်ဆိုရင်တော့ လူ ၈,၀၀၀ လောက်နေတဲ့ အိမ်တွေကြားမှာ အလုပ်သမားတွေ နိုင်ငံခြားသား အလုပ်သမားတွေဆိုတော့ ပြောရရင် ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားပဲ ပြောချင်တာပါ။ အဲဒီမှာလည်း ကိုဗစ်အုပ်စုလိုက် တွေ့တာပေါ့။ အယောက် ၈၀၀ လောက်တွေ့တယ်။ အဲဒီမှာလည်း ဗမာတွေ အများကြီးပါတယ်။ အဲဒါက စမုတ်ပရာကမ်မှာ၊ အဲဒီမှာလည်း Lockdown တွေ ချထားတာပဲ အဲဒါကြီးတခုလုံးကို။”
ကိုဗစ်တတိယလှိုင်း ကူးစက်နေတဲ့ ထိုင်းနိုင်ငံမှာ မေလ ၂၉ ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၁ သိန်းခွဲလောက်ရှိပြီး သေဆုံးသူက ၉၈၈ ဦးထက်မနည်း ရှိသလို မေလ ၂၉ ရက်နေ့ တနေ့တည်းမှာပဲ ကူးစက်သူ လူနာအသစ် ၄,၈၀၀ ကျော်ရှိပါတယ်။ နေ့စဉ်လည်း အတည်ပြုလူနာ ထောင်ဂဏန်းထိ တိုးလာနေပါတယ်။ ဒီထဲမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေက အများစုဖြစ်နေပါတယ်။
-----------------------
(Unicode)