ထိုင်းနိုင်ငံ၊ မယ်ပရပ်ကွက်၊ မဲလွေအိမ်ယာဝင်းက နေအိမ်တလုံးထဲမှာ မေလ ၁၄ ရက်က မီးလောင်ပေါက်ကွဲခဲ့လို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးရာမှာ အိမ်ခန်းအတွင်းမှာ ယမ်းနဲ့တွင်ခုံတွေကို တွေ့ရှိခဲ့တာကြောင့် အနီးအနားက အထောက်အထားမဲ့ မြန်မာ ၁၅ ယောက်လောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ မေလ ၁၅ ရက်နေ့မှာတော့ အဲဒီအိမ်ယာဝင်းအနီးမှာ လုံခြုံရေးတွေ စောင့်ကြပ်ပြီး စစ်ဆေးခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ၊ မယ်ပရပ်ကွက်၊ မဲလွေ အိမ်ယာဝင်အတွင်းမှာ မေလ ၁၄ ရက်နေ့က မီးလောင်ခဲ့တာပါ။ အဲဒီ မီးလောင်မှုဖြစ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့တွေက လာရောက်စစ်ဆေးရာမှာ အဲဒီအိမ်ထဲမှာ တွင်ခုံ၊ သံပိုက်လုံးနဲ့ ယမ်းပစ္စည်းတချို့ကို တွေ့ရှိခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ မဲဆောက်မြို့နေ ဒေသခံ (မြန်မာ) ပြည်သူတဦးက ပြောပြပါတယ်။
“မနေ့ကတုန်းက နေ့လယ်ပိုင်း ၃ နာရီခွဲကျော်ကျော်လောက်မှာ မဲဆောက်၊ မယ်ပရပ်ကွက်က အိမ်ယာဝင်းတခုမှာ မီးလန့်တာပေါ့နော်။ ဂက်စ်အိုးက မီးလန့်ပြီး ထိုင်းမီးသတ်က မီးလာငြိမ်းသတ်တော့ အဲဒီ အိမ်ယာဝင်းထဲကအိမ်ကနေ ယမ်းပစ္စည်းတချို့မိတယ်။ အဲဒါနဲ့ပတ်သက်လို့ ထိုင်းရဲကို အကြောင်းကြားတယ်။ အဲဒါကြောင့် အဲဒီ အနီးတဝိုက်ကလူ ၁၅ ယောက်ကို ဖမ်းမိသွားတာရှိတယ်။”
အဲဒီမီးလောင်တဲ့အိမ်မှာ နေထိုင်နေသူတွေကတော့ အချိန်မီ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအိမ်ယာဝင်းအနီးမှာ နေထိုင်နေတဲ့ တခြားအိမ်တလုံးကနေ မှန်ဘီလူးကို တွေ့ရှိတာကြောင့် ပေါက်ကွဲမှုနဲ့ဆက်စပ်မှုမရှိတဲ့ လူငယ်တဦးကိုလည်း ဖမ်းဆီးသွားပါတယ်။ ဒါ့ပြင် အနီးတဝိုက်ကို လိုက်လံစစ်ဆေးရာမှာ ဒီကိစ္စနဲ့မဆိုင်တဲ့ တရားမဝင်နေထိုင်သူ မြန်မာ ၁၅ ဦးလောက်ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဒီနေ့မှာတော့ အဲဒီအိမ်ယာဝင်းနားမှာ လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးနေတယ်လို့ မဲဆောက် ဒေသခံက ပြောပါတယ်။
“အဲဒီလိုဖြစ်ပြီးတဲ့နောက် ဒီနေ့မှာတော့ အဲဒီ အိမ်ယာဝင်အနီးမှာ စစ်ဆေးတာရှိတယ်။ ထိုင်းရဲတွေ ရောက်လာတယ်။ ထိုင်းနယ်ခြားစောင့်တပ်တွေ ရောက်လာတာရှိတယ်။”
မေလ ၁၄ ရက်၊ နေ့လယ်ပိုင်းကလည်း တာ့ခ်ပြည်နယ်၊ မယ်လမတ်မြို့နယ်၊ အမှတ် ၉၊ ခနေကျုကျေးရွာက နေအိမ်တလုံးကို သတင်းအရ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရာမှာ အိမ်စီးကားပေါ်မှာ သေနတ်နဲ့ ဆက်စပ်ပစ္စည်းတွေရှာဖွေတွေ့ခဲ့ပြီး ဒီလက်နက်နဲ့ ဆက်စပ်ပစ္စည်းများပိုင်ရှင်လို့ယူဆရသူ မြန်မာနိုင်ငံသား ၁ ဦးနဲ့ ထိုင်းနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးသွားတဲ့ အဲဒီ (၃) ဦးကို မယ်လမတ်ရဲစခန်းကို ခေါ်ဆောင်သွားပြီး ကွင်းဆက်တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။