အရပ်သားအစိုးရလက်ထက် သတင်းသမားတွေအပေါ် ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုပြီး နှိပ်ကွပ်မှုတွေ များလာတာဟာ ပြည်သူလူထုအပေါ် သတင်းစီးဆင်းမှု သတင်းသိရှိပိုင်ခွင့်တွေကို ပိတ်ပင်တားဆီးမှုဖြစ်တယ်ဆိုတာ လူထုသိရှိနိုင်ဖို့ သတင်းသမားတွေက လှုပ်ရှား ဆောင်ရွက်နေကြပါတယ်။ အခုလို သတင်းသမားတွေနဲ့ အာဏာပိုင်ကြား တင်းမာမှုတွေဖြစ်လာတာဟာ ပြန်ကြားရေးဝန်ကြီးဌာနက ပွင့်လင်းမြင်သာမှုမရှိတာနဲ့ သတင်းသမားတွေအပေါ် တရားစွဲဆိုနေတဲ့ ဝန်ကြီးဌာနအချို့အပေါ် ဖွဲ့စည်းပုံအရ အစိုးရဘက်က အာဏာ သက်ရောက်နိုင်မှု အားနည်းတာကြောင့် ဝါရင့်သတင်းသမားတွေက သုံးသပ်ပါတယ်။ မဆုမွန် ဆက်ပြောပြမှာပါ။
တော်လှန်ရေးနယ်မြေထဲ ကျင်းပတဲ့အခမ်းအနားပွဲ သတင်းသမားတွေ သတင်းသွားရ ယူခဲ့လို့ အဖမ်းခံရတာ၊ သရော်စာရေးတာ သတင်းရေးသားဖော်ပြမှုကြောင့် သတင်းသမားတွေကို အစိုးရအဖွဲ့ဝန်ကြီးဌာနတွေဘက်က တရားစွဲဆိုတာ၊ နောက်ဆုံးအခြေအနေအထိကတော့ သတင်းခေါ်ပေးတာကိုသွားယူခဲ့တဲ့ ရိုက်တာသတင်းသမားနှစ်ဦး အဖမ်းဆီးခံရတာမျိုး လို အရပ်သားအစိုးရလက်ထက်မှာ သတင်းသမားတွေအပေါ် ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုတာတွေ များလာတာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာတဲ့အန္တရာယ်ဖြစ်တယ်လို့ သတင်းသမားတွေက ဝေဖန်ပြောဆိုလိုက်ကြပါတယ်။
ဒီလိုသတင်းသမားတွေကို နှိပ်ကွပ်တာဟာ သတင်းမီဒီယာစီးဆင်းမှုနဲ့ လူထုရဲ့သတင်းသိရှိပိုင်ခွင့်ကို ဟန့်တားနှောင့်ယှက်မှုဖြစ်တယ်ဆိုတာ လူထုကသိရှိနိုင်ဖို့အတွက် သတင်းသမားတွေဘက် လူထုအတွင်း လှုပ်ရှားမှုတွေနဲ့ ဆောင်ရွက်မယ်လို့ မြန်မာသတင်းသမားကာကွယ်ရေးကော်မတီက ကိုသာလွန်ဇောင်းထက်က ဗွီအိုအေကို ပြောပါတယ်။
“ပြည်သူလူထုကို အသိပေးတာပေါ့နော် သတင်းလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတယ်။ သတင်းလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတယ်ဆိုတာက တကယ်တော့ သတင်းသမားတွေရဲ့ အခွင့်အရေးဆုံးရှုံးတာမဟုတ်ဘူး ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် ဆုံးရှုံးတယ်ဆိုတာမျိုးကို လူထုထဲမှာ သိအောင်လို့ ကျနော်တို့က လိုက်ပြီးတော့ လူထုကို ရှင်းပြတဲ့ လက်ကမ်းစာရွက်တွေ ကျနော်တို့ ဝေမယ်။ အဲဒီထဲမှာ သတင်းလွတ်လပ်ခွင့်ဆိုတာက ဘာလဲ၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်ဆိုတာ ဘာလဲ၊ ပြည်သူလူထုအနေနဲ့ ဘယ်လိုသတင်းသိပိုင်ခွင့်တွေရှိမယ် အဲဒါတွေကို ကျနော်တို့က သေချာရှင်းပြထားတဲ့ လက်ကမ်းစာရွက်တွေ ဝေမှာပေါ့။”
ဖမ်းဆီးခံသတင်းသမားတွေရုံးထုတ်ချိန် သတင်းသမားတွေဘက်က ဆန္ဒထုတ်ဖော်ခဲ့တာရှိသလို သတင်းရယူချိန်မှာလည်း အမည်းရောင်တွေ ဝတ်ဆင်ပြီး အခုလိုမီဒီယာအပေါ်နှိပ်ကွပ်မှုကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ အရပ်သားအစိုးရလက်ထက် မတရား ဖမ်းဆီးဖိနှိပ်မှုတွေ ရှိလာတဲ့အနေအထားက သတင်းသမားတွေဘက်က အခုလိုလမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ရတဲ့အခြေအနေဖြစ်လာတယ်လို့ ကိုသာလွန်ဇောင်းထက်ကပြောပါတယ်။
“သတင်းသမားက သတင်းအလုပ်လုပ်နေရရင် ကျနော်တို့ ဒီလိုမျိုး နိုင်ငံရေး သမားတွေ၊ Activist တွေလို လမ်းပေါ်ထွက်တာတို့ လက်ကမ်းစာတွေဝေရ ၊ ဆန္ဒတွေပြရ ဒါမျိုးအလုပ်တွေကျနော်တို့လည်း ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမယ့် ကျနော်တို့ သတင်းသမားတွေက သတင်းသမားအလုပ်ကို လုပ်လို့မရတော့လေ ကျနော်တို့ ဒီလိုအခြေအနေကို ကြုံနေရတာပေါ့နော်။ ဒီလိုအလုပ်မျိုးတွေ ကျနော်တို့လုပ်နေရတယ်။ ဆိုတော့ သတင်းသမားတွေ ဆိုတာကတော့ သတင်းရေးခွင့်ရအောင် ပြည်သူကိုချပြခွင့်ရအောင် အစိုးရကရော ၊ ပြန်ကြားရေးကရော အကုန်လုံးပေါ့လေ ဒါတွေက အခွင့်အရေးပေးဖို့လိုတယ်ပေါ့နော် အဓိကတော့ ဒီလို ဒီမိုကရေစီနိုင်ငံလို့ ဆိုလိုက်လို့ရှိရင် သတင်းလွတ်လပ်ခွင့်က ရှိကိုရှိရမယ်။ ဒီမိုကရေစီနိုင်ငံလို့ ဆိုပြီးတော့ သတင်းလွတ်လပ်ခွင့်မရှိဘူးဆိုရင် ဘယ်လိုမှ ဒီမိုကရေစီလို့ ခေါ်လို့မရဘူးလေ။”
အခုလို သတင်းသမားတွေ သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ အစိုးရ တပ်မတော် အာဏာပိုင်တို့ကြား တင်းမာတဲ့အခြေအနေတွေဖြစ်လာရတဲ့အခြေအနေကတော့ သတင်းမီဒီယာဆုတ်ယုတ်မှုကို ပြသတာဖြစ်တယ်လို့ ဝါရင့်သတင်းသမားကြီးတဦးဖြစ်တဲ့ ဦးဇင်လင်းကသုံးသပ်ပါတယ်။
“အခုလို ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာမရှိပဲ သတင်းသမားတွေကို ဖမ်းတယ်ဆီးတယ်ဆိုတဲ့အခါကျတော့ အရပ်သားအစိုးရရဲ့ ကြွေးကြော်ထားတဲ့ အသံကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးလို့ပြောတယ်။ ဒါဆိုရင်တော့ အဲဒီအတိုင်းသွားမယ်ဆိုရင်တော့ သတင်းလွတ်လပ်ခွင့်က မပေးမနေ ပေးကိုပေးရမှာပဲ။ သတင်းသမားတွေက သူတို့ သတင်းအလုပ် သူတို့လုပ်ကြတာပဲ။ ဒါကြောင့်လဲ နိုင်ငံတကာကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်တယ်။ ဆိုတော့ ကြည့်ရတာ ဒီအခင်းအကျင်းတွေကြောင့်မို့လို့ လူငယ်သတင်းသမားတွေကလည်း သူတို့ကိုယ်တိုင်လည်း သတင်းထောက်တွေဖြစ်တော့ တချိန်မှာ သူတို့ကိုယ်တိုင်လည်း ဒီလိုလုပ်ခံရမှာမျိုး ဖြစ်လာနိုင်တာကို။ ဒါကြောင့်မို့လို့ ဒီနေ့လူငယ်တွေ အခုလို ဆန္ဒပြကြတယ်၊ဆိုတာဟာ ဘာပဲပြောပြော ကိုယ့်သတင်းသမားတွေရဲ့အခွင့်အရေးကို ကာကွယ်ကြတာဖြစ်တာမို့လို့ သတင်းသမားတွေအနေနဲ့ ဝိုင်းဝန်းထောက်ခံကြရမယ့် ကိစ္စပဲလို့ အဲလိုယူဆပါတယ်။”
အထူးသဖြင့်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရ အစိုးရဘက်က အာဏာတိုက်ရိုက်မရောက်နိုင်တဲ့ ဝန်ကြီးဌာနတချို့နဲ့ သတင်းသမားတွေကြား တရားစွဲဆိုမှုတွေ ဖမ်းဆီးမှုတွေဖြစ်လာနေတဲ့ အနေအထားဖြစ်တယ်လို့ တိုင်းရင်းသတင်းမီဒီယာတွေရဲ့ အတိုင်ပင်ခံအယ်ဒီတာဦးဇင်လင်းက ပြောပါတယ်။
“ပြောရမယ်ဆိုရင် ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေဆီ ပြန်ရောက်သွားလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရ အားလုံးသိကြတဲ့အတိုင်းပဲ အရေးကြီးတဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ နယ်စပ်ဒေသ ဝန်ကြီးဌာနတွေက တပ်မတော်ရဲ့ ကွပ်ကဲမှု အောက်မှာရှိတယ်။ လက်ရှိအရပ်သားအစိုးရလို့ ပြောလို့ရတဲ့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူး။ အဲဒီတော့ အစိုးရက အဲဒီဝန်ကြီးဌာနတွေ လုပ်နေကိုင်နေတာတွေနဲ့ ပတ်သက်လို့ တင်းတင်းရင်းရင်း ဝင်ရောက်ပြီးတော့ ပြောလို့ဆိုလို့မရဘူး။ အဲဒီတော့ အမှန်တကယ်လဲပဲ တကယ့် မြေပြင်အချက်အလက်တွေ ကြည့်ရင် ၁ အချက်က ထင်သာမြင်သာ မရှိဘူးဆိုတာပေါ်လွင်တယ်။ ဘယ်သူက တာဝန်ရှိတာလဲ ဆိုတဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး ဆိုတာက သတင်းလွတ်လပ်ခွင့်ကို တစုံတရာထိခိုက်နစ်နာစေတာပဲ။”
အခုလာမယ့်သီတင်းပတ်ထဲမှာပဲ နိုင်ငံတော်လျှှိ့ဝှက်ချက်နဲ့ တရားစွဲခံလိုက်ရတဲ့သတင်းသမားတွေ ရုံးထုတ်စစ်ဆေးချိန် သတင်းသမားတွေဘက်က တရားရေးပိုင်ဆိုင်ရာလိုအပ်တဲ့သတင်းအချက်အလက်တွေ စုဆောင်းပြီး ပြည်ထဲရေးတာဝန်ရှိသူတွေကို တရားဥပဒေအတိုင်း တုံ့ပြန်ဆောင်ရွက်မယ်လို့ ကြေညာချက်ထုတ်ထားသလို အများပြည်သူသိရှိနိုင်အောင်လည်းပြည်သူလူထုရဲ့ သတင်းမှန် သိရှိပိုင်ခွင့် ဆုံးရှုံးနေတာတွေကို သတင်းသမားတွေကိုယ်တိုင် အသိပေးလက်ကမ်းစာရွက်များ ဖြန့်ဝေမယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
တနင်္လာနေ့ကတော့ သတင်းမီဒီယာ ကိစ္စ အငြင်းပွားမှုတွေမှာ သတင်းမီဒီယာ ကောင်စီ တာဝန်ရှိသူ တဦး အနေနဲ့ ဆောင်ရွက်နေသူ ဝါရင့် သတင်းစာ ဆရာ ဦးအောင်လှထွန်းကို ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီး အဖြစ် သမ္မတက ခန့်အပ်လိုက်ပါတယ်။ ဒီလိုအနေအထားမှာတော့ သတင်းမီဒီယာသမားတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကြား ဘယ်လိုပေါင်းကူးဆောင်ရွက်မယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ သတင်းသမားတွေက ပြောပါတယ်။ သတင်းစာ ဆရာ ဦးအောင်လှထွန်းက ပြန်ကြားရေး ဝန်ကြီးဌာနမှာ အရင်က အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သလို နိုင်ငံခြား သတင်းထောက်များ အသင်းရဲ့ ဥက္ကဌ ဟောင်းလည်း ဖြစ်ပါတယ်။ နောက်ပိုင်း ရိုက်တာ သတင်းဌာနမှာ နှစ်ရှည် လုပ်ကိုင်ခဲ့ပြီးနောက်မှာ အလုပ်က အနားယူပြီး မြန်မာ နိုင်ငံ သတင်းမီဒီယာ ကောင်စီရဲ့ ဒုတိယ ဥက္ကဌ အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။