ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ ၇၁ ကြိမ်မြောက် အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားကို ဒုသမတ ဦးမြင့်ဆွေဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဌတွေ တတ်ရောက်သလို၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း တတ်ရောက် ဂါရဝပြု ခဲ့ကြပါတယ်။ အာဇာနည်ဗိမာန်မှာပြုလုပ်တဲ့ နိုင်ငံတော်အခမ်းအနားအပြင်၊ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့ ရန်ကုန် အတွင်းဝန်ရုံးဟောင်းနဲ့ အခြားမြို့အသီးသီးမှာလည်း အာဇာနည်နေ့အခန်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားဟာ NLD အစိုးရလက်ထက်မှာ တတိယအကြိမ်မြောက်ကျင်းပတဲ့ အခမ်းအနားဖြစ်ပါတယ်။ ရန်ကုန်အာဇာနည်ဗိမာန်အပြင် အခြားအထင်ကရနေရာတွေနဲ့ အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း အာဇာနည်နေ့ကို အရင်ကထက်စာရင် တဖြေးဖြေးနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်တာတွေ့ရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာလည်း NLD အစိုးရလက်ထက် သုံးနှစ်လုံး အာဇာနည်နေ့အခမ်းအနားကို တတ်ရောက်ခဲ့တာပါ။ စစ်အစိုးရလက်ထက် ခပ်မှိန်မှိန်ကျင်းပခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားတွေကို ၂၀၁၀ နောက်ပိုင်းကတည်းက ကျယ်ကျယ်ပြန့်ပြန့် စတင်ကျင်းပလာတာဖြစ်ပါတယ်။ ရန်ကုန်မြို့အပြင် အခြား တိုင်းနဲ့ပြည်နယ်နေရာအနှံမှာလည်း သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့တွေ ဦးဆောင်ကျင်းပနေပါတယ်။
ရန်ကုန်မှာတော့ အာဇာနည်နေ့အခမ်းအနား တွေကို အာဇာနည်ဗိမ္မာန်အပြင် ဗိုလ်ချုပ်နေထိုင်တဲ့အိမ် အာဇာနည် ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ အတွင်းဝန်ရုံးနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ နေရာတွေမှာ ကျင်းပခဲ့ပါတယ်။
အာဇာနည်ဗိမာန်အပြင် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတဲ့ တချိန်က အတွင်းဝန်များရုံးနေရာမှာလည်း အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့တော်ဝန်က ဦးဆောင်ကျင်းပပါတယ်။ အတွင်းဝန်များရုံးဟောင်းမှာ အာဇာနည်နေ့ ကျင်းပဖို့ ပြင်ဆင်တာနဲ့ပတ်သတ်လို့ အတွင်းဝန်ရုံးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ ပြန်ကြားရေးအဖွဲ့က ကိုဇွဲရဲရင့်ကတော့ အာဇာနည်နေ့အထိမ်းအမှတ် အတွင်းဝန်ရုံးမှာ ဒီနေ့ ပြင်ဆင်ထားတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"လက်ရှိ အာဇာနည်နေ့အခမ်းအနားကို ကျနော်တို့ ပြသမယ့်အရာကတော့ ၄ ခု ပေါ့နော် နံပတ် ၁ ကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးတဲ့ ရက်သတ္တပတ် အထိမ်းအမှတ်တွေနဲ့ တည်ဆောက်ထားတဲ့ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်ဖြစ်ပါတယ်။ နောက်တခုက ကျနော်တို့ ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့မှာ ရခဲ့တဲ့ လွတ်လပ်ရေးမှာ ကျနော်တို့ မြန်မာနိုင်ငံအလံတော်ကို လွှတ်တင်တယ်။ နိုင်ငံတော်အလံလွှတ်တင်ရာ မူလအလံအတိုင်း ကျနော်တို့ပြင်ဆင်ပြီးတဲ့အခြေအနေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ နောက်တခုက မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အခြေခံဥပဒေမှုကြမ်းကို ရေးဆွဲခဲ့တဲ့ မြန်မာသမိုင်းမှာအရေးပါတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကို ပြသထားမှာဖြစ်ပါတယ်။"
အတွင်းဝန်များရုံးကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစပြီး အာဇာနည်နေ့ရောက်တိုင်း ပြည်သူ အများ ဝင်ရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပေးလေ့ရှိပါတယ်။ ဒီနှစ် နှစ် ၇၁ ပြည့် နှစ်မှာတော့ အဆောက်အဦး ကြံ့ခိုင်မှုအားနည်းတာကြောင့် အရင်နှစ်တွေကလို ဖွင့်လှစ်ပြသနိုင်ခြင်း မရှိ ပါဘူး။
အတွင်းဝန်များရုံးကို ပြုပြင်မွမ်းမံနေမှုတွေကို လာရောက်လေ့လာတဲ့ ဖာသာစိုးမြင့်က တော့ သူအနေနဲ့ နှစ်ပေါင်း ၄၀ကျော်အတွင်း ပထမဆုံးအကြိမ် လာရောက်လေ့လာဖြစ် တာလို့ ဆိုပါတယ်။
"အရင်တုန်းကတော့ ဝင်လို့မရဘူးလေ ၊ အခုကတော့ ဝင်လို့ရတယ် မွမ်းမံထားတယ်။ အရင်တုန်းက ကျဆုံးတဲ့အခန်းတွေကိုလည်း ကောင်းကောင်းမွန်မွန်ထားတယ်လို့ထင်တယ် အဲဒါကတော့ ကြည့်ခွင့်မရသေးဘူးလို့ထင်တယ်။ အင်မတန်ဂုဏ်ယူစရာကောင်းတယ် အသက်စွန့်ခဲ့တာပေါေ့နာ် သူ့သမီးလည်း အသက်ရာကျော်ရှည်ပြီးတော့ တိုင်းပြည်အတွက်ဆက်လုပ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။"
အာဇာနည်ဗိမာန်မှာလုပ်တဲ့ နိုင်ငံတော်အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းမိသားစုဝင်အဖြစ်နဲ့ အခြားအာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုပါတယ်။ နိုင်ငံပိုင်သတင်းစာတွေမှာတော့ နှစ်စဉ်လိုလို ဖော်ပြနေကြအတိုင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေကို ဖော်ပြခဲ့ပါတယ်။