ဖလော်ရီဒါ ပြည်နယ် အော်လန်းဒိုမြို့မှာ လိင်တူ ချစ်သူတွေ သွားရောက် လေ့ရှိတဲ့ Pulse နိုက်ကလပ်မှာ ဖြစ်ပွားတဲ့ သေနတ်ပစ်ခတ်မှုအတွက် မန္တလေးမြို့မှာ LGBT အရေး လုပ်ဆောင်တဲ့ အဖွဲ့အစည်းအချို့က ဆုတောင်းပွဲ ကျင်းပခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာလည်း LGBT တွေအပေါ် မုန်းတီးစိတ်တွေ ပပျောက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေတာကို ဒီဖြစ်ရပ်က ပြသရာရောက်တယ်လို့ LGBT အရေး လုပ်ဆောင်သူတွေက ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။
ဂျွန်လ ၁၂ရက်နေ့က ဖလော်ရီဒါ ပြည်နယ် အော်လန်းဒိုမြို့၊ Pulse နိုက်ကလပ် မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် လူပေါင်း ၅၀ ဦး သေဆုံးပြီး၊ ၅၃ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် အမေရိကန် နိုင်ငံ သမိုင်းမှာ အဆိုးဝါးဆုံး သေနတ်ကိုင် အကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်။
ဒီဖြစ်ရပ် အတွင်းမှာ သေဆုံးခဲ့ရသူတွေကို လေးစားခြင်း အထိမ်းအမှတ်ကို ပြသတဲ့ အနေနဲ့ ကမ္ဘာ တစ်လွှားက အမေရိကန် သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေ အားလုံးမှာ အလံတစ်ဝက်ချပြီး လွှင့်ထူထားကြဖို့ သမ္မတ အိုဘားမားက ကြေငြာချက် ထုတ်ပြန်ထားပြီး၊ ရန်ကုန်မြို့က အမေရိကန် သံရုံးမှာ အမေရိကန် အလံကို တိုင်တစ်ဝက်ချ လွှင့်ထူထားခဲ့တာ ဖြစ်ပါတယ်။
အလားတူ ရန်ကုန်မြို့ အမေရိကန် စင်တာနဲ့ မန္တလေးမြို့ ဂျက်ဖာဆင် စင်တာတွေမှာ LGBT တွေကို ကိုယ်စားပြုတဲ့ သက်တံ့ရောင် အလံကို အမေရိကန် နိုင်ငံအလံရဲ့ အောက်မှာ တိုင်တစ်ဝက်ချပြီး အတူတကွ လွှင့်တင်ထားခဲ့ ပါတယ်။
အော်လန်ဒိုးမြို့မှာ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် မန္တလေးမြို့မှာ လူ့အခွင့်အရေး ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Civil Authorize Negotiate Organization (C.A.N Myanmar) အဖွဲ့နဲ့ အခြား မိတ်ဖက်အဖွဲ့တွေက အဖွဲ့ဝင်တွေ ပူးပေါင်းပြီး၊ မန္တလေး တက္ကသိုလ် ဝင်းအတွင်းက ဘောလုံးကွင်းထဲမှာ ဆုတောင်းပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။
“မနက်ပိုင်း ဖြစ်တယ်ဆိုတာ သိသိချင်း ကျွန်တော်တို့ ဆီမှာ Tomboy လေးတွေနဲ့ Transgender men တွေ၊ women တွေနဲ့ ဘောလုံး ကန်ဖို့ အစီအစဉ် ရှိတယ်။ အဲဒီ Transgender တွေနဲ့ အမှတ်တရပေါ့။ ဝမ်းနည်းကြောင်း အထိမ်းအမှတ် အနေနဲ့ LGBT အလံတွေနဲ့ Stand with Orlando ဆိုပြီးတော့ တစည်းတလုံး တည်း ရှိကြောင်းကို ခွန်အားပြတဲ့ အနေနဲ့ ဆုတောင်းတာမျိုး လုပ်ခဲ့တယ်။ ကျွန်တော်တို့ LGBT တွေ တင် မဟုတ်ဘူး။ မန္တလေးမှာ ရှိတဲ့ LGBT တွေနဲ့ တွဲဖက်ပြီးတော့၊ LGBT Community ကို လက်ခံတဲ့ နားလည်ပေးတဲ့ အခြား မိတ်ဖက်အဖွဲ့တွေပေါ့နော်။ အရပ်ဖက် အဖွဲ့စည်းတွေက မိတ်ဆွေတွေကော သူတို့တွေလည်း ပါပါတယ်။ ”
ဒါကတော့ CAN Myanmar အဖွဲ့ရဲ့ တည်ထောင်သူ ကို ဆည်းဆာ ညီညီက ပြောသွားတာပါ။
အခုလို အော်လန်းဒိုမြို့ကပြည်သူတွေ နဲ့ LGBT အသိုက်အဝန်းအတွက် အားပေး ထောက်ခံမှုကို ပြသတဲ့ မြန်မာနိုင်ငံက မိတ်ဆွေတွေ ကို ကျေးဇူးတင်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ မှာ ရေးသား ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လိင်တူ ချစ်သူတွေရဲ့ အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို စုစည်းထားတဲ့ Myanmar LGBT Rights Network က ဒီ ဝမ်းနည်းဖွယ် အဖြစ်အပျက်နဲ့ ပက်သက်လို့ မြန်မာနိုင်ငံ LGBT လူမှု အသိုင်းအဝိုင်းက အမေရိကန် နိုင်ငံက ကာယကံရှင် မိသားစုတွေနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်းမိတဲ့ အကြောင်း ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လိင်တူချင်း ချစ်သူ LGBT တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လူသိရှင်ကြား ဖြစ်ပေါ်ခဲ့တာ မရှိသေးပေမယ့် မြန်မာ့ လူ့အဖွဲ့အစည်းမှာ လိင်တူ ချစ်သူတွေအပေါ် မုန်းတီးတဲ့ စိတ်တွေ ကြီးကြီးမားမား ရှိနေတုန်းပဲလို့ လိင်တူ ချစ်သူတွေ အခွင့်အရေး လှုပ်ရှားမှု တွေမှာ ပါဝင် လုပ်ဆောင် နေတဲ့ မော်ဒယ်နဲ့ ရုပ်ရှင် သရုပ်ဆောင် ကိုဥက္ကာမင်းမောင်က ပြောပါတယ်။
“အဲဒီအတွက် ကျွန်တော် တော်တော်ကို ခံပြင်းတယ်။ တော်တော်လည်း စိတ်မကောင်းဖြစ်တယ်။ အယောက် ၅၀သေဆုံးပြီးတော့ အယောက်၅၀ကျော် ဒုကိတာ ဖြစ်သွားတာနဲ့ မပြီးဘူး။ ဒါသည် တကမ္ဘာလုံးနဲ့ ဆိုင်သော hate crime ကြီး ဖြစ်သွားတာလေ။ မြန်မာနိုင်ငံမှာလည်း လိင်တူချစ်သူတွေအပေါ် မုန်းတီးတဲ့ စိတ် homophobic တော်တော်များတယ်။ ကျွန်တော် မေထုံရာသီဖွား ဆိုတဲ့ ရုပ်ရှင် ရိုက်တော့ ကန်တော့ပွဲ ပေးတဲ့ အခမ်းအနားအကြောင်း လိင်တူ ချစ်သူကား ရိုက်တယ်ဆိုတော့ ဖေ့စ်ဘုတ်ပေါ်မှာ တင်တော့ အများကြီးပဲ ဆဲလိုက်ကြတာ။ မြန်မာ ပြည် အနေနဲ့ မရိုက်သင့်ဘူးပေါ့။ ရိုက်သင့်တယ် မရိုက်သင့်ဘူး ဆိုတာထက် ဒီ ဂေးဆိုတာသည် LGBT ဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်။ အဲဒီအပေါ်မှာ လိုက်ပြီး ဆန်ကျင်ပြီး ပြောနေတဲ့သူတွေ များတယ် ဆိုတာ ကျွန်တော် တွေ့လိုက်တယ်။ ”
အမေရိကန် နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီ အကြမ်းဖက်တိုက်ခိုက်မှုဟာ မြန်မာနိုင်ငံက လိင်တူချစ်သူတွေ အရေး လှုပ်ရှားမှုတွေအပေါ်ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ ဆိုတာကိုလဲ CAN Myanmar အဖွဲ့က ကို ဆည်းဆာ ညီညီက ခုလို ပြောပါတယ်။
“ ပထမဆုံး စိုးရိမ်တာကတော့ ကျွန်တော်တို့ နိုင်ငံမှာက လိင်တူ ချစ်သူတွေအပေါ် မုန်းတီးစိတ် homophobia နဲ့ ပက်သက်ပြီး အရမ်းမြင့်တဲ့ အခါကျတော့ ဒီ LGBT အရေးကိစ္စ နဲ့ ပက်သက်လို့ လုပ်ဆောင်မှုက အရမ်းကို အားနည်းနေသေးတယ်။ လုပ်ဆောင်ရတဲ့သူတွေမှာလဲ အခက်အခဲတွေ အရမ်းများတယ်။ အခု ဒီလိုမျိုး အလုပ်ခံရတယ် ဆိုတော့ ကျွန်တော်တို့တွေအတွက် ပိုပြီးတော့၊ ကျွန်တော်တို့ အခွင့်အရေးတွေအတွက် ပိုပြီးတော့ ရင်ဆိုင်တိုက်ပွဲဝင်သွားဖို့ အများကြီး လိုသေးတယ်ဆိုတာကို သတိပေး တပ်လှန့်လိုက်သလိုမျိုး ကျွန်တော်တို့ အချင်းချင်းမှာ ခံစားရတယ်ပေါ့။ အများပြည်သူ အမြင်အနေနဲ့ကတော့ ကျွန်တော်တို့ မြင်တာကတော့ ဒါမျိုးဟာ မကောင်ဘူးဆိုတာမျိုး မက်ဆေ့ ကြီးကြီးပေးလိုက်တာကလွဲရင် အများစုရဲ့ ပြန်လာတဲ့ feedback က အနှတ်သဘော ဆောင်တာမျိုးပဲ တွေ့ရပါတယ်။ ”
လူပေါင်းများစွာ အစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ ဒီဖြစ်ရပ်ဟာ LGBT တွေ အပေါ် အကြောင်းမဲ့ သက်သက် မုန်းတီးမှုကို အခြေခံသည့် လုပ်ရပ်ဖြစ်တယ်လို့ ယူဆတဲ့အကြောင်း နဲ့ ဒီလို အကြောင်းမဲ့ သက်သက် ဖြစ်ပေါ်နေတဲ့ မုန်းတီးမှုတွေ ကို မဖြေရှင်းနိုင်ရင် LGBT တွေအနေနဲ့ ဘယ်လောက်ပဲ ကောင်းကောင်း မွန်မွန် ပြုမူ နေထိုင်ပေမယ့်လည်း ခုလို တုန်လှုပ်ဖွယ် အဖြစ်အပျက်တွေ ဆက်ဖြစ်နေဦးမှာ ဖြစ်တယ်လို့ Myanmar LGBT Rights Network ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။