ရခိုင်ပြည်နယ်မြောက်ပိုင်းက လူမျိုးရေးပဋိပက္ခအတွင်း ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ် သတင်းရေးသားတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကိုပြီးခဲ့တဲ့ တနင်္လာနေ့က ထောင်ချလိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့် အခြေအနေ အကြီးအကျယ် ဝေဖန်ခံနေရတာပါ။ အခုလို သတင်းထောက်တွေကို ထောင်ချလိုက် တာဟာ မြန်မာနိုင်ငံမှာ အမှန်တရားကို ဖော်ထုတ်တဲ့ သတင်းမီဒီယာကို အရင်စစ်အစိုးရလက်ထက် ကလို ပစ်မှတ်ထားတာဖြစ်တယ်လို့ ပြောနေကြတာပါ။ လက်ရှိမှာ သတင်းထောက်တွေနဲ့ မီဒီယာတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ဗီအိုအေသတင်းထောက် Steve Sandford သတင်းပေးပု့ိ ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ ပြည်ပရောက် မြန်မာသတင်းထောက်တွေဟာ နယ်စပ်တလျှောက်က လုံခြုံတဲ့ သူတို့ရဲ့ အိမ်တွေကနေ သတင်းတွေပို့နေကြတုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့ နောက် မှာတော့ အဲဒီမှာရှိတဲ့ သတင်းထောက်အတော်များများ မြန်မာနိုင်ငံတွင်းကို ပြန်သွားကြပါတယ်။ ဒါပေမဲ့လည်း သတင်းမီဒီယာတွေအပေါ်မှာ တိုက်ခိုက်မှုတွေ တိုးလာနေတာကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာလည်း တဖြည်းဖြည်းဆိုးလာနေတယ်လို့ ထိုင်းအခြေစိုက် BNI သတင်းဌာန တာဝန်ရှိသူတဦး ဖြစ်တဲ့ ကိုအောင်မိုးမြင့်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာတွေဟာ သူတို့အနေနဲ့ စုံစမ်းဖော်ထုတ်မှုတွေကို ဆက်လုပ်နေမယ်ဆိုရင် သူတို့လည်း ရိုက်တာသတင်းထောက် ၂ ယောက်လို ထောင်ကျလာနိုင်တာကြောင့် သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်နေကြပါတယ်။ အခုဆိုရင် ကျနော်တို့ အတော်လေး စိုးရိမ်နေရပါတယ်။ ကရင်နီဒေသက သတင်းထောက်တွေဆိုရင် သတင်းယူဖို့အတွက် သွားရမှာကို ကြောက်နေကြပါတယ်။”
ရိုက်တာသတင်းထောက် ၂ ယောက်ကို ထောင်ချလိုက်တဲ့အပေါ် မီဒီယာတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ ကပြစ်တင်ရှုတ်ချခဲ့ကြပြီး ဒါဟာအမှန်တရားကို ဖော်ထုတ်တဲ့အတွက် မြန်မာလုံခြုံရေးတွေဘက်က ခြိမ်း ခြောက်တာဖြစ်တယ်လို့ ရှုမြင်နေကြပါတယ်။ အနောက်နိုင်ငံ သတင်းထောက်တွေကို နိုင်ငံတကာသတင်း အေဂျင်စီတွေက အတိုင်းအတာတခုအထိ အကာအကွယ်ပေးထားပေမယ့်လည်း ၊ ပြည်တွင်းသတင်း ထောက်တွေအပေါ် ပစ်မှတ်ထားတာတွေ ပိုများလာနေတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကို သတင်းဆောင်းပါး တွေကို ရေးပို့ပေးနေတဲ့ အလွတ်သတင်းထောက် ကိုဝေမိုးက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ မီဒီယာတွေကို အကာအကွယ်ပေးထားတာ မရှိပါဘူး။ မီဒီယာဥပဒေရှိပေမယ့်၊ ဒါက အကန့်အသတ်နဲ့ဖြစ်ပြီး၊ သတင်းထောက်တွေကိုလည်း အကာအကွယ်မပေးနိုင်ပါဘူး။ မီဒီယာတွေဟာ အန္တရာယ်ဇုန်ထဲမှာ ကျရောက်နေတာပါ။”
မြန်မာနိုင်ငံအနောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်သတင်းထောက်တွေနဲ့ ဒီဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်ကြတဲ့ သတင်းထောက်တွေ ပျောက်သွားတဲ့အဖြစ်အပျက်တွေ အတော်များများရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အခြေစိုက်ကုလားတန်သတင်းဌာန အယ်ဒီတာကိုတင်စိုးကတော့ ရခိုင်မြောက်ပိုင်းမှာ ပြဿနာမှာ ထိခိုက်နစ်နာသူတွေအတွက် တရားမျှတမှုရှိစေဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
“၂၀၁၆ နောက်ပိုင်းမှာ သတင်းတွေယူနေတဲ့ တချို့ရိုဟင်ဂျာသတင်းထောက်တွေနဲ့ ရိုဟင်ဂျာအရေး တက်ကြွ လှုပ်ရှားသူတချို့ကို အရပ်ဝတ်နဲ့ လုံခြုံရေးတွေက သူတို့ရဲ့အိမ်တွေ၊ လမ်းတွေပေါ်ကနေ ခေါ်သွားကြပါတယ်။ သူတို့ဘယ်သွားကြတယ်ဆိုတာ မသိသလို၊ သေသလား၊ ရှင်သလားဆိုတာကိုလည်း ကျနော်တို့ မသိပါဘူး။ ဒီလူတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေရဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။”
မြန်မာနိုင်ငံမှာ သတင်းသမားတွေနဲ့ မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်လုပ်နေပေမယ့်လည်း၊ ဒေသတွင်းမှာ ရှိတဲ့ သတင်းထောက်တွေကတော့ သူတို့ရဲ့အလုပ်တွေကို ဆက်လုပ်နေကြပြီး၊ နိုင်ငံတကာရဲ့ အကူအညီတွေ ရဖို့လည်း မျှော်လင့်နေကြပါတယ်။