သတင်းလွတ်လပ်ခွင့်အပြည့်အဝရရေးနဲ့ မီဒီယာဖိနှိပ်မှုတွေ ရပ်တန့်ပေးရေး သတင်းသမားအများစု သမ္မတဦးသိန်းစိန်ကို ဆန္ဒထုတ်ဖော် တောင်းဆို လိုက်ပါတယ်။ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ သမ္မတဦးသိန်းစိန်နဲ့ မြန်မာအနုပညာရှင်တွေ တွေ့ဆုံနေစဉ် ငြိမ်းချမ်းရေးစင်တာရဲ့ အပြင်မှာ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ လူ (၃၀) နီးပါး စုဝေးခဲ့တဲ့ ဆန္ဒပြသတင်းသမားတွေကိုတော့ ကမာရွတ်ရဲစခန်းက ပုဒ်မ (၁၈) နဲ့ အမှုဖွင့်လိုက်ပြီလို့လည်း သိရပါတယ်။ အပြည့်အစုံကို ကိုစည်သူက သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ ရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ သမ္မတဦးသိန်းစိန်နဲ့ မြန်မာအနုပညာရှင်တွေ တွေ့ဆုံကြတဲ့အချိန် “မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်” ဆိုတဲ့ စာတန်းရေးထိုးထားတဲ့အကျီတွေ ဝတ်ဆင်ထားတဲ့ သတင်းသမားတွေကို ဝင်ရောက် သတင်းယူဖို့ ရဲတပ်ဖွဲ့က ပိတ်ပင်ခဲ့လို့ ငြိမ်းချမ်းရေး စင်တာ အဝင်လမ်းမှာပဲ “မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်” စာတန်းပါ အကျီတွေဝတ်၊ ပါးစပ်တွေကို အနက်ရောင် တိပ် တွေနဲ့ ကြက်ခြေခတ် ပိတ်ပြီးတော့ သတင်းလွတ်လပ်ခွင့်မရရှိတာကို သရုပ်ပြ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြန်မာ ဂျာနယ်လစ် ကွန်ရက်ရဲ့ လူမှုရေးတာဝန်ခံ မရွှေမှုန်ကတော့ သတင်းရယူခွင့် တားမြစ်ခံရတဲ့အပေါ် အခုလို ပြောပါတယ်။
“အခုလို သတင်းယူခွင့်ကို တားဆီးပိတ်ပင်တဲ့အပေါ် အရမ်းကို ခံစားရပါတယ်။ ကျမတို့က သတင်းထောက်ဆိုတဲ့အလုပ်က ကုသိုလ်လည်းရတယ်၊ ပြည်သူအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တယ်ဆိုပြီး သတင်းထောက်တစ်ယောက်ဘဝကို ဂုဏ်ယူနေတာ။ ကျမတို့ ကျေနပ်နေတာ။ ကျမတို့ရတဲ့ လခတို့၊ စာမူခတို့ဆိုတာ နည်းနည်းလေးပါ။ ဒါပေမယ့် ကျမတို့က အလုပ်လုပ်ရင်းနဲ့ ကုသိုလ်လည်းယူ၊ ပြည်သူအကျိုးပြုနိုင်တယ်ဆိုပြီးတော့ သတင်းထောက်ဘဝကို ဂုဏ်ယူနေတာ။ ဒါပေမယ့် အခုလိုအချိန်မျိုးမှာ သတင်းယူခွင့်ကိုတောင်မှ တားဆီးလိုက်တယ်၊ ပိတ်ပင်လိုက်တယ်ဆိုတာက ကျမတို့ ဘာဆက်လုပ်ရမလဲ၊ ဒါကြောင့်မို့လို့ ကျမတို့ရဲ့ပါးစပ်တွေကို အကုန်ပိတ်ထားလိုက်တယ်။”
ငြိမ်းချမ်းရေးစင်တာအတွင်း ပြုလုပ်နေတဲ့ ဦးသိန်းစိန်နဲ့ မြန်မာအနုပညာရှင်တွေ တွေ့ဆုံပွဲကို သတင်းယူဖို့ လာရောက်တဲ့ သတင်းသမားအချို့ကို တီရှပ်ဝတ်ဆင်ထားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အဝင်လမ်းကနေ ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့တာပါ။ မီဒီယာဖိနှိပ်မှု ချက်ချင်းရပ် ဆိုတဲ့ စာသား ရေးထိုးထားတဲ့ တီရှပ်တွေ ဝတ်ဆင်ထားသူ သတင်းသမားတွေကတော့ အဲဒီ အဝင်လမ်းထိပ်မှာပဲ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီလို စုဝေးခဲ့တဲ့ သတင်းသမားတွေကို ခွင့်ပြုချက်မရှိဘဲ စုဝေးဆန္ဒထုတ်ဖော်ခဲ့လို့ ပုဒ်မ (၁၈) နဲ့ အမှုဖွင့်လိုက်ပြီလို့ ကမာရွက်ရဲစခန်း စခန်းမှူး ဦးမောင်မောင်ဦးက ပြောပါတယ်။
“ဟုတ်ပါတယ်ဗျာ၊ Article 18 (ပုဒ်မ ၁၈) နဲ့ ဖွင့်ထားပါတယ်-လို့၊ နော၊ အခုတော့ ဖွင့်ဆဲတန်းလန်းပဲ ရှိပါသေးတယ်။”
မေး။ ။ ဟုတ်ကဲ့။ စခမ်းမှူးခင်ဗျ၊ လူဘယ်နှစ်ယောက်ကိုများ (အမှု) ဖွင့်ထားပါလဲခင်ဗျ။
“အဲဒီမှာ ၅၀ ပါရင် ၅၀ ပေါ့။ ၅၀ ခန့်ပေါ့။”
မေး။ ။ အတိအကျတော့ မသိရသေးဘူးပေါ့။
အေးပေါ့..အေးပေါ့။ အေးပေါ့၊ ဟုတ်ပါပြီ။”
ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ သတင်းသမားတွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှတော့ ရဲဌာနက တစ်စုံတစ်ရာ တရားဝင် အကြောင်းကြားလာတာ မရှိသေးဘူးလို့ပြောပါတယ်။
ယူနတီ ဂျာနယ်ရဲ့ သတင်းထောက်ငါးဦးကို နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ပြီး နောက် သတင်းသမားတွေရဲ့ သတင်းလွတ်လပ်ခွင့် တောင်းဆိုမှုတွေ အရှိန်မြင့်လာတာပါ။ ဒီကနေ့ သမ္မတနဲ့ အနုပညာရှင်တွေ တွေ့ဆုံပွဲမှာ သတင်းမီဒီယာတွေ အနေနဲ့ သတင်းရယူနေစဉ်မှာပဲ ငြိမ်သက်စွာ ဆန္ဒထုတ်ဖော်ဖို့ ကနဦး စီစဉ်ခဲ့ပေမယ့် သတင်းသမားတချို့ ဝင်ခွင့်မရတာကြောင့် အဆောက်အဦး ပြင်ပမှာ စုဝေးဖြစ်ခဲ့တာလို့ သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုအောင်သူရက ပြောပါတယ်။
“ပထမတော့ ကျနော်တို့က ဒီထဲကိုသွားမယ်။ သွားပြီး အထဲထဲမှာနေပြီးတော့ ကင်မရာလေးတွေနဲ့ ရကော်ဒါလေးတွေ ရှေ့မှာချထားပြီး ဒီအတိုင်းပဲ မတ်တပ်ရပ်နေမယ်။ ဒါပဲ၊ ပြီးရင် ဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံယူမယ်၊ ပြီးရင် ပြန်လာကြမယ်ပေါ့- ဒီလောက်ပဲ။ အဲဒီအစီအစဉ်ပဲ ရှိပါတယ်။ အဲဒီလို အနေအထားကနေ ကျနော်တို့လည်း အထဲထဲ ရောက်ပြီးတော့မှ တီရှပ်ဝတ်လာတဲ့သူတွေ ပေးမဝင်ဘူးဆိုတော့ သူတို့လည်း ပေးမဝင်ရင် ငါတို့လည်း မဝင်တော့ဘူးဆိုပြီးတော့ ပြန်ထွက်ပြီးတော့ ပူးပေါင်းလိုက်တာပဲလေ။”
လက်ရှိ မြန်မာမီဒီယာလောကဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် တိုင်းပြည် အုပ်ချုပ်သူတွေရဲ့ အကျင့်ပျက်ချစားတာတွေ မမှန်မကန်တာတွေကို ဆက်လက်ဖော်ထုတ်သွားသင့်ကြောင်း ဥရောပ ဓာတ်ပုံသတင်း အေဂျင်စီရဲ့ ဌာနေ ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘိုက အခုလိုပြောပါတယ်။
“ပြီးခဲ့တဲ့ ဂျွန်၊ ဂျူလိုင် တလတည်းမှာပဲ တုတ်တွေ၊ ဓားတွေနဲ့ မီဒီယာတွေကို ခြိမ်းခြောက်တာ ခံရတယ်။ နောက် မိန့်ခွန်းကတဆင့်ပေါ့နော်။ သွယ်ဝိုက်သော နည်းလမ်းနဲ့ ခြိမ်းခြောက်တယ်လို့ ယူဆတယ်။ နောက်ပြီးတော့ ပြစ်ဒဏ်တွေနဲ့ ခြိမ်းခြောက်တယ်ပေါ့နော်၊ အခုနောက်ဆုံး ကျနော်တို့ကို သတင်းယူခွင့် ကန့်သတ်တယ်ဆိုတဲ့ Punishment ပေါ့၊ ဒီလို အပြစ်ပေးမှုတွေ လုပ်လာတယ်။ ဒါ ကျနော်တို့ကို Challenge လုပ်နေတယ်၊ ကျနော်တို့ကို ခြိမ်းခြောက်နေတယ်လို့ ယူဆရပါတယ်။ ကျနော် တစ်ယောက်တည်းအမြင်နဲ့ ပြောရရင်တော့ ကျနော်လက်လှမ်းမီသမျှ မီဒီယာတွေအကုန်လုံးကိုပေါ့နော်-အစိုးရနဲ့ government center ကပေါ့နော်၊ corruption တွေရှိမယ်။ အဂတိလိုက်စားမှုတွေရှိမယ်၊ မမှန်ကန်တဲ့ဟာတွေ ရှိမယ်။ အဲဒါတွေကို အကုန်လုံးကနေပြီးတော့ သေသေချာချာ တိတိကျကျ detail တွေနဲ့ ဖော်ထုတ်တဲ့နည်းလမ်းနဲ့ ပြန်ပြီးတော့ လက်တုံ့ပြန်သွားစေချင်တယ်။”
ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်လေးဦး ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဇူလိုင်(၁၀) ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့တာပါ။ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက်တွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ မီဒီယာလွတ်လပ်ခွင့် အာမခံချက်ပေးဖို့ သမ္မတဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့သွားဖို့လည်း သတင်းသမားတွေက ပြင်ဆင်နေကြပါတယ် ခင်ဗျာ။