ZawGyi/Unicode
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကောင်စီက အင်တာနက်ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။
စစ်အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကဆိုရင် အကြီးမားဆုံးဆန္ဒပြကန့်ကွက်ပွဲတစ်ခု ဒီကနေ့ ရန်ကုန်မြို့မှာ ဖြစ်ခဲ့ပြီးတဲ့နောက် အင်တာနက်ကို ဖြတ်လိုက်တာပါ။
ပြီးခဲ့တဲ့ရက်တွေက Facebook ကို စပိတ်ခဲ့ပြီး အဲဒီနောက် Twitter ၊ Instgram အစရှိတဲ့ လူမှုဆက်သွယ်ရေးမီဒီယာတွေကို ဆက်တိုက်လို ပိတ်ခဲ့ပေမယ့်လည်း စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်တာတွေ အရှိန်လျော့မသွားခဲ့သလို လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေပါ ဖြစ်လာတာပါ။
အင်တာနက်မပိတ်ခင်မှာတော့ hashtag #SaveMyanmar ဆိုတာနဲ့ #RespectOurVotes ဆိုတာတွေ အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ခဲ့ကြရပါတယ်။
အင်တာနက်ဖြတ်တောက်တာနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းပါတယ်။ အစောပိုင်းတုံးကတော့ တည်ငြိမ်မှုရှိဖို့ Facebook ကို ပိတ်တာလို့ အကြောင်းပြထားတာပါ။
Instagram ပိတ်တယ်ဆိုတာကို Facebook ကုမ္ပဏီရဲ့ ပြောခွင့်ရတဦးက ရိုက်တာသတင်းဌာနကို အတည်ပြုပါတယ်။
Twitter ကုမ္ပဏီရဲ့ ပြောခွင့်ရ အမျိုးသမီးတဦးကတော့ "အစိုးရကိုယ်တိုင်က ဖျက်လိုဖျက်ဆီးနဲ့ ပိတ်ပစ်တာတွေကို အဆုံးသတ်ဖို့ ဆက်ပြီး လှုံ့ဆော် လုပ်ဆောင်သွားပါမယ်" လို့ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေထဲက အကြီးဆုံးတစ်ခုဖြစ်တဲ့ နော်ဝေးအခြေစိုက် Telenor ကုမ္ပဏီက အခုလိုပိတ်တာတွေအပေါ် စိုးရိမ်ကြောင်းနဲ့ ဒီလိုပိတ်ပစ်ဖို့ ညွှန်ကြားတာက လိုအပ်ရဲ့လားဆိုတာ အာဏာပိုင်တွေကို စောဒကတက်ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတဲ့အတွက် အဆက်အသွယ်လုပ်လို့ရတာနဲ့ မိသားစုဝင်တွေဆီ အကြောင်းကြားကြဖို့နဲ့ အထူးသတိပြုနေထိုင်ပြီး လိုအပ်တာတွေပြင်ဆင်ထားဖို့ မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေကို ရန်ကုန်မြို့ အမေရိကန်သံရုံးက နှိုးဆော်ထားပါတယ်။
#MyanmarMilitaryCoup #MyanmarPolitics #VOABurmese