အိန္ဒိယ-မြန်မာ ရေတပ် ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ မြန်မာရေတပ်က ဆင်ဖြူရှင် တိုက်သင်္ဘောနဲ့ အင်းလေး ကမ်းလွန်ကင်းလှည့်သင်္ဘောတို့ဟာ အိန္ဒိယနိုင်ငံ၊ Vishakhapatnam ဆိပ်ကမ်းကို တနင်္ဂနွေနေ့က ရောက်သွားကြပါပြီ။
စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယအရှေ့ပိုင်းကမ်းလွန်မှာ အဆင့်နှစ်ဆင့်ခွဲပြီး လုပ်သွားမှာပါ။ ပထမအဆင့်ဖြစ်တဲ့ ကမ်းခြေပိုင်းမှာ လေ့ကျင့်တဲ့အဆင့်ကို မတ်လ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လုပ်မှာဖြစ်ပြီး ဒုတိယအဆင့်ဖြစ်တဲ့ ပင်လယ်ပြင်တွင်း လေ့ကျင့်တဲ့အဆင့်ကို မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၁၈ ရက်နေ့အထိ လုပ်မှာဖြစ်ပါတယ်။
နှစ်နိုင်ငံရေတပ်နှစ်ခုအကြား ကမ်းခြေမှာရော၊ ပင်လယ်ပြင်မှာပါ ထိစပ်လုပ်ဆောင်မှု အားကောင်းစေဖို့ ရည်ရွယ်ပြီး ဒီလေ့ကျင့်မှု ကိုလုပ်တာလို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
အိန္ဒိယရေတပ်က ကမကထပြုပြီး မကြာသေးခင်ကလုပ်ခဲ့တဲ့ နိုင်ငံ ၁၅ နိုင်ငံပူးတွဲ MILAN-18 ရေတပ်စစ်ရေးလေ့ကျင့်မှုမှာလည်း မြန်မာရေတပ်ပါဝင်ခဲ့ပါသေးတယ်။
အခု နှစ်နိုင်ငံ ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယရေတပ်က INS Sahyadri ရေငုပ်သင်္ဘော ဖြိုခွဲတိုက်ခိုက်ရေးစစ်သင်္ဘော၊ INS Kamorta ရေငုပ်သင်္ဘော ဖြိုခွဲတိုက်ခိုက်ရေး အသေးစားစစ်သင်္ဘော၊ Chetak ရဟတ်ယာဉ်တစင်း၊ Hawk လေ့ကျင့်ရေး ဂျက်လေယာဉ်နှစ်စင်းနဲ့ ရေငုပ်သင်္ဘောတစင်းတို့ ပါဝင်မယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။