သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ICJ အမှု ဥပဒေကြောင်းအပြင် နိုင်ငံရေးစွပ်စွဲချက်များ ထည့်သွင်း” - ဦးကိုကိုလှိုင်


မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်။

(Zawgyi / Unicode)

ICJ အပြည်ပြည်ဆိုင်ရာတရားရုံး အနေနဲ့ မြန်မာအမှုကို လက်ခံစီရင်ခွင့် မရှိဘူးလို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က နောက်ဆုံး လျှောက်လဲချက် ပေးလိုက်ပါတယ်။ မနေ့က မြန်မာဘက်က ဒုတိယအကြိမ် လျှောက်လဲခဲ့ရာမှာ ဂမ်ဘီယာနိုင်ငံဟာ ဥပဒေကြောင်းအရ မဟုတ်ဘဲ နိုင်ငံရေးစွပ်စွဲချက်နဲ့သာ အခုလို တရားစွဲတာပါလို့ ဦးကိုကိုလှိုင်က အဓိက ထောက်ပြခဲ့ပါတယ်။ ဦးကိုကိုလှိုင်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဝင်းမင်း - မနေ့က ICJ ခုံရုံးမှာ အဓိက ဘာတွေ ထပ်ပြီးတော့ လျှောက်လဲခဲ့ပါသလဲ။

ဦးကိုကိုလှိုင် - “နောက်ထပ်ကြားနာမှုမှာ အဓိက လုပ်ဆောင်ခဲ့တာ ၂ ခုရှိပါတယ်။ တခုက ဗုဒ္ဓဟူးနေ့ ကြားနာမှုမှာ ဂမ်ဘီယာရဲ့ ချေပချက်တွေကို တန်ပြန်ချေပခြင်း ဖြစ်ပြီးတော့ နောက်တခုကတော့ အပြီးသတ်လျှောက်လဲချက် တင်သွင်းခြင်း ဖြစ်ပါတယ်။ တန်ပြန်ချေပခြင်း အပိုင်းမှာတော့ ကျနော်တို့ရှေ့နေတွေက ပဏာမကန့်ကွက်ချက် ၄ ရပ်နဲ့ဆိုင်တဲ့ ကိစ္စတွေကိုပဲ ပိုပြီးတော့ ခိုင်မာအောင် ချဉ်းကပ်မှု ပုံစံအသစ်တွေနဲ့ သုံးသပ်တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ပထမကန့်ကွက်ချက်ဖြစ်တဲ့ OIC ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်းနဲ့ စတုတ္ထကန့်ကွက်ချက်ဖြစ်တဲ့ အငြင်းပွားမှု ရှိမရှိဆိုတဲ့ ကိစ္စတွေကတော့ ကိုယ့်ဘက်က တင်ထားတာက တော်တော် ခိုင်ခိုင်မာမာ ရှိပါတယ်။ ဒုတိယနဲ့ တတိယအချက်တွေမှာတော့ အငြင်းပွားစရာ အချက်လေးတွေအပေါ်မှာ ထပ်ပြီးတော့ ခိုင်ခိုင်မာမာ ပြောရတာလေးတွေ ရှိပါတယ်။”

ကိုဝင်းမင်း - ဘယ်လိုမျိုး ခိုင်ခိုင်မာမာ ပြောခဲ့တာလဲ။

ဦးကိုကိုလှိုင် - “ဒီဘက်က အလေးထား တင်ပြတာကတော့ Genocide Convention မှာ Article 8 ကို မြန်မာက ချွင်းချက်ပြုထားတာနဲ့ Article 8 နဲ့ 9 တို့ရဲ့ ဆက်သွယ်မှုပါ။ Article 8 မှာ အဓိက အငြင်းပွားမှုဖြစ်တဲ့ ပြဿနာက ကုလသမဂ္ဂရဲ့ စွမ်းဆောင်နိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းတခုကို တိုင်ကြားနိုင်သည်ဆိုတဲ့ စကားမှာ ICJ ပါမပါဆိုတာ ဖြစ်ပါတယ်။ မြန်မာဘက်ကတော့ တင်ထားတာက ရှင်းပါတယ်။ ICJ ဟာ ကုလသမဂ္ဂရဲ့ တခုတည်းသော တရားစီရင်ရေးအဖွဲ့ ဆိုတာ သူ့ရဲ့ ပဋိညာဉ်မှာကိုက ပါပြီးသားဖြစ်လို့ ငြင်းစရာ ဘာမှမရှိပါဘူး။ တဖက်ကတော့ ဒီအဖွဲ့အစည်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ စတဲ့ နိုင်ငံရေးအဖွဲ့အစည်းတခုကို ဆိုလိုတာ ဖြစ်တယ်လို့ စွဲကိုင်ပြီးတော့မှ ငြင်းဆိုနေတာ ဖြစ်ပါတယ်။ နောက်တခုကတော့ မြန်မာဘက်က Article 8 ကို ICJ အတွက် ဝင်ပေါက်တံခါးလို့ ရှုမြင်တာ ဖြစ်ပါတယ်။”

ကိုဝင်းမင်း - အဲဒီတော့ ဒီအချက်က မြန်မာအတွက် အဓိက အားထားစရာပေါ့။ ဒါဆိုရင် ဘယ်လိုအားထားစရာဆိုတာ နည်းနည်း ထပ်ရှင်းပြပေးပါလား။

ဦးကိုကိုလှိုင် - “ICJ ကို စာတင်မယ်ဆိုရင် Article 8 အရ ဝင်ရမယ်၊ ပြီးရင် ဝင်လာတဲ့အမှုကို လက်ခံစီရင်ပိုင်ခွင့် ရှိမရှိ ဆိုတာက Article 9 နဲ့ ဆုံးဖြတ်ပါတယ်။ ဒါကြောင့်မို့ Article 8 ကို ချွင်းချက်ပြုပြီး ပိတ်ထားမယ်ဆိုရင် Article 9 ကို ရောက်လာစရာ မရှိဘူး။ ဒီလိုပဲ ကိုင်စွဲခဲ့တဲ့အတွက် Article 8 ကို ချွင်းချက်ပြုထားခဲ့တာ ဖြစ်ပါတယ်။ ဒါလည်းပဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပြည်ပကနေ ဝင်စွက်ခွင့် မပြုနိုင်အောင် ကြိုပိတ်ထားတာဖြစ်လို့ ဒါကို Article 8 မလိုဘူး၊ Article 9 နဲ့ပဲ အမှုလက်ခံလို့ရတယ်ဆိုရင် ဘာအဓိပ္ပာယ်ရှိတော့မလဲဆိုတဲ့ ယုတ္တိဗေဒနဲ့ တုံ့ပြန်ချေပခြင်း ဖြစ်ပါတယ်။”

ကိုဝင်းမင်း - နောက်ရော အဓိက စိန်ခေါ်ချက်တွေ ဘာတွေရှိနေလဲ။

ဦးကိုကိုလှိုင် - “တဖက်ကလည်း ကမ္ဘာကျော် ဥပဒေအဖွဲ့ကို ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးတော့မှ ငှားထားတာဆိုတော့ ခပ်ပေါ့ပေါ့တော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ရှေ့နေတွေကလည်း အတော်လေးပဲ စေတနာထားပြီးတော့မှ တက်တက်ကြွကြွ လုပ်ကိုင်ပေးကြပါတယ်။”

ကိုဝင်းမင်း - အဲဒီတော့ ဒီတခေါက်အတွက်ဆိုရင် အခုလျှောက်လဲခဲ့တာက နောက်ဆုံးလျှောက်လဲချက်ပေါ့နော်။ အဲဒီအခါကြတော့ အရင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ချေပခဲ့တာနဲ့ ကွာခြားခဲ့တာရော ရှိခဲ့လား။

ဦးကိုကိုလှိုင် - “ကျနော်ကတော့ ဗုဒ္ဓဟူးနေ့က တဖက်က ချေပမှုတွေဟာ ဥပဒေကြောင်းကိုပဲ ပြောရမှာကို မပြောဘဲနဲ့ စည်းကျော်ပြီးတော့ အချက်အလက်တွေ နိုင်ငံရေးစွပ်စွဲချက်တွေကိုပါ ထည့်ပြောထားတာကို အဓိကထားပြီးတော့မှ ကန့်ကွက်ခဲ့ပါတယ်။ ကျနော်တို့နိုင်ငံကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ အမှန်တကယ် လိုက်နာ ဆောင်ရွက်နေတယ် ဆိုတာကို တင်ပြခဲ့ပါတယ်။ အပြီးသတ် လျှောက်လဲချက်ကတော့ အဓိက အချက် ၂ ချက်ပါပဲ။ ဒီအမှုကို တရားရုံးရဲ့ စီရင်ပိုင်ခွင့် မရှိဘူး ဆိုတာရယ် ဒီအမှုကို လုံးဝ လက်ခံပိုင်ခွင့် မရှိဘူး ဆိုတာပါပဲ။ တရားရုံးရဲ့ အဆုံးအဖြတ် ရလဒ်ကတော့ တရားသူကြီးတွေရဲ့ ဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား အပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ မိမိနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားချေပပြီးတော့မှ လျှောက်လဲခဲ့ပါတယ်လို့ ပြောချင်ပါတယ်။”

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)













XS
SM
MD
LG