သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး ဟန်ဂေရီ ထောက်ခံ


မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို ထောက်ခံနေတဲ့ နိုင်ငံတွေထဲမှာ ဥရောပနိုင်ငံ တခုဖြစ်တဲ့ ဟန်ဂေရီနိုင်ငံကလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ အခုလို လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို ဟန်ဂေရီနိုင်ငံက ပါဝင် ထောက်ခံလာတဲ့အပေါ် မြန်မာ့အရေး ဥရောပ လွှတ်တော်အမတ်များအဖွဲ့ (EPCB) အပါအဝင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေး အင်အားစုတွေက ကြိုဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာပြည်မှာ အရပ်သား ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိမရှိ ဆိုတာကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အဆိုပြုချက်ကို နိုင်ငံ တော်တော်များများက ထောက်ခံလာနေတာမှာ အခုနောက်ဆုံး EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ ဟန်ဂေရီနိုင်ငံကလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဟန်ဂေရီဟာ ဒီအဆိုပြုချက်ကို ထောက်ခံခဲ့ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ စလိုဗက်ကီးယား၊ ချက်သမ္မတနိုင်ငံ၊ ကနေဒါတို့ပြီးရင် နောက်ဆုံး ထောက်ခံခဲ့တဲ့ ၇ ခုမြောက်နိုင်ငံ ဖြစ်ပါတယ်။

မြန်မာ့အရေး ဥရောပ လွှတ်တော်အမတ်များအဖွဲ့ (EPCB) ကို ပေးပို့ခဲ့တဲ့ စာထဲမှာ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးက လက်ရှိ အခြေအနေတွေကို ကော်မရှင်က အောင်အောင်မြင်မြင် စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ဒီကော်မရှင်က အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း ဟန်ဂေရီနိုင်ငံက ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလို မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံတဲ့ နိုင်ငံတွေထဲမှာ ဟန်ဂေရီနိုင်ငံက ပါဝင်လာတဲ့အပေါ် မြန်မာ့အရေး ဥရောပ လွှတ်တော်အမတ်များအဖွဲ့ (EPCB) အဖွဲ့က ကြိုဆိုခဲ့ပါတယ်။

“မြန်မာစစ်အစိုးရက လူသားမျိုးနွယ်စုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်း ရှိမရှိ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အဆိုကို ဟန်ဂေရီက အခုလို လူသိရှင်ကြား ကြေညာလိုက်တဲ့အပေါ် ကျမတို့ ကြိုဆိုပါတယ်။ အခု လိုအပ်နေတာကတော့ EU ဥရောပသမဂ္ဂ တခုလုံးက ထောက်ခံ အားပေးဖို့ပါပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူးက မတ်လကနေ အခုလို စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

“စနစ်တကျအပြင် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သား အသုံးပြုမှုနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စသဖြင့်တို့ကို မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့တာတွေကို ကုလသမဂ္ဂက မှတ်တမ်းတင်ထားတာတွေ ရှိပါတယ်။”

EPCB အဖွဲ့ တာဝန်ရှိသူ မစ်စ် အန်နာ ရောဘတ်စ် (Ms Anna Roberts) ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံလာကြတဲ့ နိုင်ငံတွေ တိုးလာနေပေမဲ့လို့ EU ဥရောပသမဂ္ဂ တခုလုံး အနေနဲ့ ထောက်ခံဖို့ကို အခုထိ နှုတ်ဆိတ်နေတဲ့ အပေါ်မှာ EU တခုလုံးအနေနဲ့ အဲဒီလို နှုတ်ဆိတ်နေတာကို ရပ်တန့်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေး ကိစ္စကို ထည့်သွင်းဖို့အတွက် ပြောဆိုသင့်ပါတယ်လို့ EPCB အဖွဲ့ရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဆေးလ်ဗား မေကာ (Silver Meikar) က ပြောဆိုခဲ့ပါတယ်။

အလားတူပဲ ဟန်ဂေရီနိုင်ငံရဲ့ ပါဝင်ထောက်ခံလာမှုကို မြန်မာ့အတိုက်အခံ နိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။

“ဟုတ်ကဲ့၊ ဒီဥစ္စာက Commission of Enquiry လေ။ Commission of Enquiry ဆိုတာ လူ့အခွင့်အရေး ချိုးဖောက်နေတာ ဟုတ်သလား၊ မဟုတ်ဘူးလားလို့ Enquiry လုပ်တာပဲ။ ဒီလို Enquiry လုပ်တာကို အန်ကယ်တို့ ဘာမှ ကန့်ကွက်စရာ မရှိဘူး။ ဒီ Enquiry ရဲ့ အဖြေက ချိုးဖောက်နေတာ ရှိရင်လည်း ဖြစ်မယ်၊ မရှိဘူးရင်လည်း ဖြစ်မယ်။ Enquiry လုပ်တာ ဘာမှ မှားယွင်းစရာ မရှိဘူး။ အခုလို ထောက်ခံတဲ့ နိုင်ငံတွေ ရှိလာတာကိုလည်း အန်ကယ်တို့ ကြိုဆိုတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) တို့ကလည်း ကြိုဆိုခဲ့ကြပြီး ဟန်ဂေရီနိုင်ငံလိုပဲ တခြားနိုင်ငံတွေ အနေနဲ့လည်း ပါဝင်ထောက်ခံလာဖို့ကို တောင်းဆိုတဲ့အကြောင်း ဗကသ ပြောခွင့်ရသူ ကိုဇာနည်က ပြောဆိုခဲ့ပါတယ်။

“ကျနော်က အများကြီး ဝမ်းသာပါတယ်၊ ကြိုလည်း ကြိုဆိုပါတယ်၊ လေးလည်း လေးစားပါတယ်။ အဲဒီနိုင်ငံတွေက ကျနော်တို့ကို လူသားချင်း စာနာတဲ့ အနေနဲ့၊ ကျနော်တို့နိုင်ငံက ပြည်သူတွေကို စာနာထောက်ထားတဲ့ အနေနဲ့ တခြား ကမ္ဘာတဝန်းမှာ ဖြစ်ထွန်းနေတဲ့ လူ့အခွင့်အရေးကို ကျနော်တု့ိနိုင်ငံသားတွေ ရစေချင်တဲ့၊ ဖြစ်စေချင်တဲ့ ပုံစံမျိုးနဲ့ လုပ်တဲ့အပေါ်မှာ ကျနော်တို့ အနေနဲ့ အရမ်းကို ဝမ်းမြောက်ပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ ကျေလည်း ကျေနပ်ပါတယ်။ အလားတူ ဟန်ဂေရီလို နိုင်ငံမျိုးတွေ အများကြီး ဖြစ်ထွန်းလာပါစေ။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်၊ တောင်းလည်း တောင်းဆိုပါတယ်။”

ဗကသ ပြောခွင့်ရသူ ကိုဇာနည် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ဟန်ဂေရီနိုင်ငံက ပါဝင် ထောက်ခံလာတဲ့အပေါ် EPCB အပါအဝင် NLD နဲ့ နိုင်ငံရေး အင်အားစု အဖွဲ့တွေက ကြိုဆိုတဲ့အကြောင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG