ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ပကတိအခြေအနေတွေနဲ့ သွေဖည်နေတယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ်မှာ လေးစားဖို့ လိုအပ်တယ်လို့လည်း နိုင်ငံရေး သမားတစ်ဦးက သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တစ်လနီးပါးကျင်းပခဲ့တဲ့ ကုလသမဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့လူနည်းစုတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ဇူလိုင်လ ၃ ရက်နေ့က မဲခွဲဆုံးဖြတ်ခြင်းမရှိဘဲ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မူကြမ်း အဆိုကို OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကိုယ်စား ပါကစ္စတန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ဇူလိုင်လ ၁ ရက်နေ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်က တကယ့်အခြေအနေအစစ်အမှန်တွေနဲ့ ကွဲလွဲနေပြီး ရိုဟင်ဂျာလို့မိမိကိုယ်မိမိခေါ်ကြတဲ့ ဒီလူမျိုးစုအပေါ်မှာ မြန်မာ အစိုးရက အခွင့်အရေးတွေ ပေးနေတယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောဆိုလိုက်ပါတယ်။
“ဘင်္ဂါလီတွေအနေနဲ့ နိုင်ငံသားမဟုတ်သော်လည်းပဲ လူူသားတယောက်အနေနဲ့ ရသင့်တဲ့ အခွင့်အရေးတွေတော့ ပေးခဲ့တာကို- ကျနော်တို့လည်းပဲ မောင်းတောနယ်မြေကို သုံးခေါက်ခန့် ရောက်ရှိလေ့လာခဲ့တဲ့အတွက် ဒါကို ခိုင်ခိုင်မာမာလေး ပြောနိုင်ပါတယ်။ အဲဒီတော့ နိုင်ငံသားတယောက်ကဲ့သို့သော မရနိုင်သော်လည်း လူသားချင်း စာနာထောက်ထားမှုနဲ့ပတ်သက်တဲ့အခွင့်အရေးတွေ ပေးတာကို ကျနော်တို့ တွေ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးပါတယ်။ လယ်ယာပိုင်ဆိုင်ခွင့်၊ အခြေချနေထိုင်ခွင့်၊ နောက် စီးပွားရှာခွင့် ဒါတွေကို ကျနော်တို့ ပေးထားတာ တွေ့ပါတယ်။ နောက် ပညာသင်ယူခွင့်ပေး ထားတာလည်း ကျနော်တို့ တွေ့ပါတယ်။”
သူ့အနေနဲ့ ဒီဆုံးဖြတ်ချက်ကြောင့် လူမျိုးစုနှစ်စုကြား တည်ငြိမ်မှု ပျက်ပြားမှာ စိုးရိမ်တယ် လို့လည်း ထောက်ပြပြောဆိုပါတယ်။
“ဒီကိစ္စက မြန်မာမှာရှိတဲ့ပြည်သူအများစုကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေပြီးတော့ရင် လူအုပ်စုနှစ်စုကြားမှာရှိနေတဲ့ တည်ငြိမ်နေတဲ့၊ နောက်ပြီးတော့ ရရှိနေတဲ့နားလည်မှုတွေကို ထိခိုက်သွားမှာ စိုးရိမ်စရာအကြောင်းရှိတယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်ဗျာ။”
၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်အရေးမှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ လိုအပ်တယ်လို့ ဖွင့်ဟပါတယ်။
“နိုင်ငံတကာအနေနဲ့ကလည်း ရခိုင်အရေးကို သေသေချာချာလေ့လာပြီးမှ ဆုံးဖြတ်ချက်ချဖို့ လိုတယ်။ အဲဒါဟာ လူ့အခွင့်အရေးရှုဒေါင့်ကနေ ကြည့်ပြီးတော့ ဆုံးဖြတ်ချက်ချရုံနဲ့ မလုံလောက်ဘူး။ ကျနော်တို့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ရှုဒေါင့်ကိုလည်း အလေးထားပြီးတော့ လေးစားမှုနဲ့ချဉ်းကပ်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။”
မြန်မာနိုင်ငံသားတွေ လွတ်လပ်စွာကိုးကွယ်ခွင့်အတွက် ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့က အစ္စလာမ်ကိုယ်စားလှယ် ဦးအေးလွင်ကတော့ ကုသသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့ မြန်မာပြည်သူတယောက်အနေနဲ့ကတော့ မြန်မာပြည်တွင်းရေးကို သူတို့ မှန်ကန်သောအချက်အလက်များအပေါ်မှာ သူတို့ရဲ့စိုးရိမ် သောကများကို သူတို့ပြောတာဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်၊ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ပြည်သူတွေရဲ့ ကံကြမ္မာဟာ ပြည်တွင်းက ပြည်သူများကသာလျှင် ဖန်တီးရမှာဖြစ်တဲ့အတွက်ကြောင့် အပြည်ပြည်ဆိုင်ရာမှာ အဲဒီလို အထင်အမြင်တွေရှိနေပြီဆိုရင် ကျနော်တို့ အများကြီး ဆင်ခြင်ရမှာပေါ့ဗျာ။”
တစ်ဘက်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူနည်းစုတွေပေါ်မှာမှ မဟုတ်ဘဲ နိုင်ငံသားအားလုံးအပေးမှာ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရေးကော်မတီက အထွေထွေအတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ထောက်ပြပြောဆိုပါတယ်။
“လက်ရှိ ကျနော်တို့နိုင်ငံကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ နေရာတိုင်းမှာ ရှိနေတာပဲဗျ။ ရိုဟင်ဂျာတွေတင်မကဘူး၊ ပြည်တွင်းမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေက အများကြီးရှိနေတာပဲလေ။ အဲဒီတော့ ကျနော်တို့က တိုင်းရင်းသားတို့၊ ဘင်္ဂါလီတို့ ဗမာတို့ ဒီလိုမျိုး ခွဲခြားနေမယ့်အစား လူသားတွေအပေါ်မှာ ကျူးလွန်တဲ့ကိစ္စရပ်တွေပေါ့နော်- ကျနော်တို့တိုင်းပြည် မှာတော့ ဒီနေ့ ဒီအချိန်အထိ ပြည်သူပြည်သားတွေ ခံစားနေရတုန်းပဲရှိတယ်ဗျ။”
ဇွန်လ ၁၅ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကုလသမဂ လူ့အခွင့် အရေးကောင်စီအစည်းအဝေးမှာ ပါကစ္စတန်နိုင်ငံရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီးက ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ မျိုးစောင့်ဥပဒေလေးရပ်နဲ့ အခြားဖိနှိပ်မှုတွေကြောင့်လို့ဆိုပြီး ပင်လယ်ပြင်မှာ ထွက်ပြေးနေတဲ့ လှေစီးပြေးဒုက္ခသည်တွေ အရေးကို ထောက်ပြပြီး ဆုံးဖြတ်ချက်အဆိုကြမ်းကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးမောင်ဝေကလည် ဒီမူကြမ်းအဆိုမှာ မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေ ပါဝင် နေတယ်လို့ ဇူလိုင်လ ၃ ရက်နေ့က အစည်းအဝေးအတွင်းမှာပဲ တုံ့ပြန်ခဲ့ပါသေးတယ်။