သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှုတွေမှာ အရေးပါသူအဖြစ် မသင်္ကာသူ တရုတ်နိုင်ငံသား ၂၀ မြန်မာနိုင်ငံကပြန်ပို့


အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသူတွေလို့ သံသယရှိသူ တရုတ်နိုင်ငံသား ၂၀ ကို မြန်မာနိုင်ငံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ မကြာသေးခင်က ၂ နိုင်ငံ ပူးပေါင်း စစ်ဆင်ရေးအတွင်း ဖမ်းဆီးမှုတွေ ရှိခဲ့ပြီးနောက် အခုလို ပြန်ပို့ခဲ့တာလို့လည်း အများပြည်သူလုံခြုံရေး ဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။

ပူးပေါင်းစစ်ဆင်ရေးဟာ ၂ နိုင်ငံ လုံခြုံရေး အာဏာပိုင်တွေကြား ပူးပေါင်းဆောင်ရွက်မှုတွေက ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းအဖြစ် ထင်ဟပ်ပြသနေကြောင်းလည်း ပြောပါတယ်။ တရုတ်နိုင်ငံနဲ့နယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့မှာ အွန်လိုင်းကနေ ငွေလိမ်နေတဲ့ ကျားဖြန့်အဖွဲ့ကို ပြီးခဲ့တဲ့ သီတင်းပတ်က စီးနင်းရှာဖွေမှုအတွင်း လူပေါင်းရာနဲ့ချီ ဖမ်းဆီးမှုအပြီး ရာဇဝတ်မှုနဲ့ မသင်္ကာသူ တရုတ်နိုင်ငံသားတချို့ကို ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ ရက်ကစ မူဆယ်မြို့မှာ ၂ ရက်ကြာ နှိမ်နင်းမှုအတွင်း အမျိုးသမီး ၆ ဦး အပါအဝင် တရုတ်နိုင်ငံသား စုစုပေါင်း ၁၉၄ ဦး၊ အမျိုးသမီး ၁၉၅ ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၃၅၅ ဦး ကို ဖမ်းဆီးခဲ့ကြောင်းလည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ခဲ့တာပါ။ စီးနင်းရှာဖွေမှုတွေအတွင်း အွန်လိုင်း ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်တဲ့ စက်ပစ္စည်းတချို့နဲ့အတူ တရုတ်ယွမ်ငွေ ၇ သိမ်းကျော် သိမ်းဆည်းရမိကြောင်းလည်း ပြောပါတယ်။

လုံခြုံရေးအာဏာပိုင်တွေရဲ့ စီးနင်းရှာဖွေမှုတွေအတွင်း ဒေသခံ ပြည်သူ့စစ်တချို့နဲ့ ပစ်ခတ်မှုဖြစ်ရာက လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြောပေမဲ့ အရေအတွက် အတိအကျတော့ မပြောပါဘူး။ ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေကတဆင့် တရုတ်နိုင်ငံကို ပြန်ပို့မယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG