မြန်မာနိုင်ငံဟာ အပြည့်အဝလွတ်လပ်မှုမရှိသေးဘဲ၊ တစိတ်ပိုင်းသာ လွတ်လပ်ခွင့်ရှိတဲ့နိုင်ငံဖြစ်တယ်လို့ ကမ္ဘာတဝှမ်းလွတ်လပ်မှုကို စောင့်ကြည့်တဲ့ Freedom House အဖွဲ့က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ သတင်းမီဒီယာလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံအဖြစ် ဆက်ရှိနေတုန်းပဲလို့ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း မနှစ်သတင်းမီဒီယာတွေအပေါ် ကန့်သတ်တာတွေ သတင်းသမားတွေကို ဖမ်းဆီးတာတွေလည်း ပိုများလာခဲ့တယ်လို့ ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းလွတ်လပ်မှုတွေကိုစောင့်ကြည့်ဖော်ပြတဲ့ Freedom House အဖွဲ့ရဲ့ ၂၀၁၈ ခုနှစ်အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု အခြေအနေဟာ အပြည့်အဝလွတ်လပ်မှုမရှိဘဲ တစိတ်တပိုင်းသာလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံအဖြစ်နဲ့ ဆက်ပြီးရှိနေတုန်းပဲလို့ ဖော်ပြထားပါတယ် ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကနေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း မူဝါဒပိုင်းဆိုင်ရာအပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုဟာ တိုးတက်မှုရှိခဲ့တယ်လို့ Freedom House ရဲ့ မနှစ်က အစီရင်ခံစာမှာဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ်မှာ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုတွေကြောင့် မြန်မာနိုင်ငံဟာ လွတ်လပ်မှု အပြည့်အဝရှိတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့အတွက်ကို ထိခိုက်စေတယ်လို့ Freedom House ရဲ့ အစီရင်ခံစာထဲမှာ ပြောပါတယ်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တိုင်းတာမှုအရ တိုးတက်မှုတချို့ရှိခဲ့ပေမယ့်လည်း ရခိုင်ပဋိပက္ခ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြည်တွင်းစစ်တွေ ဆက်လက်ဖြစ်ပွားနေတာက တိုးတက်မှုတွေကို ထိခိုက်စေခဲ့တယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။
“လူ့အခွင့်အရေးကို အများဆုံးထိခိုက်နိုင်တဲ့ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကျနော်တို့မှာ ရှိနေတုန်းပဲ။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုမျိုး နဲ့ ဖိနှိပ်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့နိုင်ငံက ကမ္ဘာ့အလည်မှာ အခုအချိန်အထိ ထောက်ပြခံနေရတုန်းပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနောက်ကွယ်မှာ ကိုင်တွယ်ဖြေရှင်းမူ ဒီအပိုင်းမှာ ကျနော်တို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တော်တော်များများဖြစ်တယ်ဆိုတဲ့ စွပ်စွဲသံတွေဖြစ်နေတယ်။ အဲဒါကို ကျနေ်ာတို့ စုံစမ်းစစ်ဆေးဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် တောင်းဆိုမှုတွေ ပန်ကြားမှုတွေကို အပြည့်အဝပူးပေါင်း ဆောင်ရွက်ခြင်းမရှိတာကလည်း လူ့အခွင့်အရေးအခြေအနေကို ကျနော်တို့ ဆက်လက်ဆိုးဝါးနေတဲ့အကြောင်း ကျနော်တို့ ထောက်ပြစရာအချက်တွေ ဖြစ်နေပါတယ်။”
Freedom House ရဲ့ အခုနှစ်အစီရင်ခံစာမှာ မြန်မာနိုင်ငံကို သတင်းမီဒီယာ နဲ့ အင်တာနက် လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံအဖြစ်နဲ့ ဆက်ပြီးတော့ သတ်မှတ်ထားပါတယ်။ မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်ကလည်း ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ တိုးတက်မှုမရှိလာဘဲ ဆုတ်ယုတ်သွားတယ်လို့ ပြောပါတယ်။
“ကျနော့်အမြင်မှာတော့ မနှစ်ကနဲ့ ဒီနှစ် ဆိုရင် ဒီနှစ်က ပိုတောင်သတင်းသမားတွေအပေါ်မှာ ခြိမ်းခြောက်မှုတွေ ၊ ဥပဒေပိုင်းအရ တရားစွဲဆိုတာတွေ ဖမ်းဆီး ခြိမ်းခြောက်မှုတွေလည်းရှိတယ်။ နောက်တခါ ရုပ်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်မှုတွေလည်းရှိတယ်။ ဒီပဋိပက္ခတွေ သတင်းယူတဲ့ ကိစ္စတွေမှာ ဒီရခိုင်အရေးလိုဟာတွေမှာ ခြိမ်းခြောက်မှုတွေရှိတယ်။ တချို့ဟာ အသက်အန္တရာယ်အထိအောင် စိုးရိမ်ရတဲ့ အန္တရာယ်မျိုးတွေတောင် ရှိတယ်ပေါ့နော်။ နောက်တခုကတော့ ဥပဒေပိုင်းဆိုင်ရာတွေမှာလည်း တိုးတက်မှုတွေကတော့ အများကြီးလည်းမရှိဘူး။ နှေးကွေးနေဆဲပဲပေါ့နော်။”
နိုင်ငံရေးလွတ်လပ်ခွင့်၊ လူမှုလွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးမှု စတဲ့အချက်တွေအပေါ်မှာ အခြေခံပြီး အမှတ် ၁၀၀ ပေးတာမှာ မြန်မာနိုင်ငံက အခုနှစ်မှာ ၃၁ မှတ်ပဲ ရခဲ့ပါတယ်။ နိုင်ငံရေးလွတ်လပ်ခွင့် နဲ့ လူမှုလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ၁ ကနေ ၇ အထိသတ်မှတ်တာမှာ မြန်မာနိုင်ငံက အဆင့် ၅ ပဲ ရခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ တိုးတက်ပြောင်းလဲတဲ့ ခြေလှမ်းတွေရှိခဲ့ပေမယ့်၊ ပြည်သူလူထုက မျှော်မှန်းထားသလောက်မတိုးတက်ခဲ့ဘူးလို့ မြန်မာနိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။
“ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတချို့ကို ပယ်ဖျက်နိုင်တာ နောက်ပြီးတော့ တိုးတက်မှုတချို့ လုပ်နိုင်တာတွေရှိပေမယ့်လို့ အခြေအနေအရပ်ရပ်ကို ခြုံပြီးတော့ သုံးသပ်မယ်ဆိုရင် ဒီအစိုးရရော လွှတ်တော်ရော စွမ်းဆောင်ရည်အပိုင်းမှာ တော်တော်လေးကို အားနည်းခဲ့တယ်လို့ ကျနေ်ာအဲလိုသုံးသပ်ပါတယ်။ အဓိကတော့ ၂ နှစ် သက်တမ်းအတွင်းမှာ အစိုးရနဲ့ လွှတ်တော်တွေရဲ့ စွမ်းဆောင်ရည်ဟာ မြန်မာပြည်သူလူထုအများစုက အနိမ့်ဆုံးမျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေကို ဖော်ဆောင်နိုင်တဲ့အထိကို မရောက်ခဲ့ဘူးလို့ မြင်ပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးပိုင်းမှာ ဆိုရင် ဗဟိုချုပ်ကိုင်မှုတွေ ကြိုးနီစနစ်တွေ ၊ နောက် အဂတိလိုက်စားမှု ဒါတွေကို ထိထိရောက်ရောက်ပေါ့လေ ကိုင်တွယ်ဖြေရှင်းနိုင်မယ့်လမ်းစကို မရောက်သေးဘူးလို့ ကျနော်မြင်ပါတယ်။”
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၉၅ နိုင်ငံက လွတ်လပ်မှုတွေကိုလေ့လာထားတဲ့ Freedom House ရဲ့ အစီရင်ခံစာသစ်မှာတော့ နိုင်ငံ ၈၈ နိုင်ငံကို လွတ်လပ်မှုရှိတဲ့နိုင်ငံတွေအဖြစ် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၈ နိုင်ငံကိုတော့ တစိတ်တပိုင်း လွတ်လပ်မှုရှိတဲ့ နိုင်ငံ တွေအဖြစ် သတ်မှတ်ပြီး နိုင်ငံပေါင်း ၄၉ နိုင်ငံကိုတော့ လုံး၀ လွတ်လပ်မှု မရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။