သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရင်းနှီးမြှုပ်နှံမှု မက်လုံးပေးဆွဲဆောင်ဖို့လိုအပ်


 ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာရဲ့ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်
၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာရဲ့ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်

မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ဆိုရင် အခြေခံအဆောက်အဦ လိုအပ်ချက် ဖြည့်ဆည်းပေးဖို့နဲ့ စီးပွားရေးဆိုင်ရာ မက်လုံးပေးမှုတွေကို ပွင့်လင်းမြင်သာစွာ ပြသဖို့လိုတယ်လို့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တဦးက ထောက်ပြပါတယ်။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ စီးပွားရေးအရ အခွင့်လမ်းကောင်းတွေအရှိဆုံး နိုင်ငံဖြစ်တာကြောင့် လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံထိပ်သီးညီလာခံမှာ ဖိတ်ခေါ်ခဲ့ပြီးနောက် အခုလို ပြောဆို လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားမှာပါ။

မြန်မာနိုင်ငံရဲ့ မဖံ့ွဖြိုးသေးတဲ့ကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကျင်းပတဲ့ ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှာ မိန့်ခွန်းပြောကြားရင်း ဖိတ်ခေါ်ခဲ့တာပါ။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ ရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံး နောက်ဆုံးကျန်နေတဲ့ နယ်မြေသစ်ဖြစ်သလို၊ မြေနေရာရှိတာ၊ လူငယ်လုပ်သား အင်အားစုရှိတာ၊ တွင်းထွက်ရတနာတွေနဲ့ မရှာဖွေရသေးတဲ့ သဘာ၀ အရင်းအမြစ်တွေရှိနေတာကြောင့် နိုင်ငံတကာကုမ္ပဏီ တွေအနေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ကို ဖိတ်ခေါ်တိုက်တွန်းခဲ့ပါတယ်။ တချိန်ထဲမှာ ရင်းနှီးမြှုပ်နှံသူတွေဘက်ကလည်း မိမိတို့ အကျိုးမြတ် တခုထဲသာမကပဲ မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ် တိုးတက်လာဖို့အတွက်ပါ ထည့်သွင်းစဉ်းစားပေးဖို့ကိုလည်း သတိပေးပြောဆိုသွား ပါတယ်။ဖံ့ွဖြိုးအောင် ရင်းနှီးမြှုပ်နှံကြပါ လို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးဌာနမှာ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်လာပြီး အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ဘဏ္ဍာရေးဆိုင်ရာ ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့သူ ဦးကံထွန်းကတော့ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ လိုအပ်နေတယ်ဆိုပေမယ့် နိုင်ငံခြားကုမ္ပဏီတွေ ဝင်ချင်လာအောင်လို့တော့ အခြေခံအဆောက်အဦပိုင်းမှာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးထားဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

"FDI တွေလာနိုင်အောင် အနေအထားဖန်တီးပေးထားရမယ်။ ၁ အချက်ကတော့ လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းသေးဘူးလို့ မြင်ပါတယ်။ ၂ အချက်ကတော့ အဓိက လျှပ်စစ်ပေါ့လေ ၊ လျှပ်စစ်စွမ်းအင် တိုးတက်ဖို့လိုတယ်။ လျှပ်စစ်က ရန်ကုန်နဲ့ အဝေးနယ်တွေမှာ မရဘူး။ မပြည့်စုံဘူး နောက်ပြီးတော့ မြေပေါ့လေ။ နိုင်ငံခြားသားတွေလာရင် ဒီမှာ အိမ်ဌားခ ဈေးကြီးတယ်၊ မြေတွေကလည်း ဈေးကြီးတယ်။ အမေရိကန် အိမ်ဈေးလောက်တောင်ရှိတယ် အဲလိုတွေဖြစ်နေတာလေ။ ဆိုတော့ အဲဒီအချက်တွေကို အထူးအခွင့်အရေးအနေနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ဒါတွေထည့်ပြီး သူတို့ကို လာချင်အောင် အိမ်ရှင်အနေနဲ့ ဖန်တီးပေးဖို့လိုတယ်။ အဲဒီအချက် ၃ ချက် မပြည့်စုံသေးလို့ နိုင်ငံခြားသားတွေက တွန့်ဆုတ်နေတယ်။"

ဖွံ့ဖြိုးဖို့ အားယူတဲ့ ပြန်လည်ထူထောင်စ နိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တဲ့အခါ ကာလအတိုင်းအတာတခုထိ အထူး အခွန် ကင်းလွတ်ခွင့်တွေ ပေးလေ့ရှိပါတယ်။ ဒီအပိုင်းမှာ NLD အစိုးရရဲ့မူဝါဒတွေက ထင်သာမြင်သာ မရှိဘူးလို့ ဦးကံထွန်းကဆိုပါတယ်။

"ဒီအခွန်ကိစ္စကလည်း အခွန်ပေါ်လစီ ကလည်း အရေးကြီးပါတယ်။ နိုင်ငံခြားသားတွေဝင်နိုင်အောင် အထူးအခွင့်အရေးပေးရမယ်။ ဘဏ်လုပ်ငန်းတွေလည်း အဆင်ပြေအောင်လုပ်ပေးရမယ်။ အခွန်ကို ရှင်းရှင်းလင်းလင်းမပြောဘူးခင်ဗျ ဥပမာ ကုမ္ပဏီတခုထောင်ဖို့ဆိုရင် ၅ နှစ် နဲ့ ၁၀ နှစ် အခွန်အတိုးကို လျော့ပေါ့ပြီးတော့ import export tax တွေကို ဘယ်လိုလုပ်မယ်ဆိုတာ ပြတ်ပြတ်သားသား အရင်ကြေညာသင့်တယ်လို့ထင်တယ်။ တိတိကျကျ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ထည့်ပေးရမယ်။"

နိုင်ငံတခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်တိုင်း ကြုံရလေ့ရှိတာက သဘာဝပန်ဝန်းကျင် ပျက်စီးမှုပြဿနာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ အစိုးရက ဒေသခံတွေအတွက် မူဝါဒချမှတ်ဆောင်ရွက်ဖို့လိုတယ်လို့ ဦးကံထွန်းကပြောပါတယ်။

အထူးသဖြင့် ပြည်နယ်နဲ့တိုင်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာအောင် အခင်းအကျင်းတွေ ပြင်ဆင်ဆောင်ရွက် ပေးသင့်တယ်လို့ ဦးကံထွန်းက အကြံပြုပါတယ်။

"နိုင်ငံရေးကတော့ ကျနော့်အမြင်ကတော့ တည်ငြိမ်မှုရှိပါတယ်။ ရခိုင်ကိစ္စကတော့ ပြင်ပ ပယောဂလို့တော့မြင်တယ်။ အဲဒီတော့ ကျနော်သာ ဆိုရင် ရခိုင်ကို လုံးဝမဖိတ်ခေါ်ဘူး။ ရန်ကုန် ဧရာဝတီတိုင်း ၊ပဲခူးတိုင်း ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊ မန္တလေးတိုင်း အဲဒီမှာ လာလုပ်ရင် အခွန်တွေဘယ်လိုကင်းလွတ်ခွင့်ပေးမယ်။ လမ်းပမ်းဆက်သွယ်ရေး ဘယ်လိုအောင်မြင်အောင် ဖန်တီးပေးထားမယ်။ လျှပ်စစ်တွေကို အမြန်ဆုံး စက်ရုံတွေမှာ ပြည့်စုံလုံလောက်အောင် ဖန်တီးပေးမယ်ဆိုပြီးတော့ ပြည်ပကို ပြောပြနိုင်မယ်ဆိုရင် ဒါတွေက ပြေလည်သွားမယ်လို့ ထင်ပါတယ်။"

အာဆီယံထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ပြန်လည်ရေးဆွဲထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ဟာ အရင်ကထက် လုပ်ကိုင်ရ လွယ်ကူသလို ကုမ္ပဏီတွေ မှတ်ပုံတင်ရာမှာလည်း အွန်လိုင်းကတဆင့် အလွယ်တကူလုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံ သူတွေ လာရောက်ဖို့ အထူးလိုလားကြောင်း ပြောဆိုသွားပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အသစ်တခုကို ဖွဲ့စည်းဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့က သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က လွှတ်တော်မှာ တင်သွင်းထားပြီး၊ လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့ လွှတ်တော်မှာ အတည်ပြုခဲ့ရင် ၂၅ ခုမြောက် ဝန်ကြီးဌာန ဖြစ်လာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG