ကုလသမဂ္ဂတာဝန်ရှိသူတွေအပါအဝင် နိုင်ငံတကာသံတမန်တွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်လေ့လာခွင့်ပြုခဲ့တာကို အပြုသဘောခြေလှမ်းအဖြစ် ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်း ကိုယ်စားလှယ်တွေ စုစုပေါင်း ၅၀ လောက်အပြင် သတင်းမီဒီယာက ၂၀ လောက်ပါတဲ့အဖွဲ့ဟာ အစိုးရစီစဉ်ပေးမှုနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်ဖက်ကို တနင်္လာနေ့က သွားရောက်လေ့လာခဲ့ကြတာပါ။
"အရေးတကြီးကိုင်တွယ်ဖို့ လိုအပ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းအတွက် မြန်မာအာဏာပိုင်တွေနဲ့ကုလသမဂ္ဂက ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့အပေါ် ဒီခရီးစဉ်က အထောက်အကူဖြစ်လိမ့်မယ်လို့ "ကုလသမဂ္ဂပြောခွင့်ရသူ Farhan Haq က New York သတင်းစာရှင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။
"အခုလိုသွားရောက်ကြည့်ရှုမှုကနေတဆင့် လူမှုအသိုင်းအဝိုင်းအားလုံးအပါအဝင် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအကြား ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှု စတာတွေ ခိုင်မာလာမယ်လို့ ကုလသမဂ္ဂက မျှော်လင့်ထားပါတယ်။ ရခိုင်ပြည်နယ်က လူမျိုးမရွေးဘာသာမရွေး ဒါမှမဟုတ် နိုင်ငံသားဖြစ်မှုအဆင့်အတန်းမရွေး ပြည်သူအားလုံးနဲ့ ငြိမ်းချမ်းရေး ချမ်းသာကြွယ်ဝမှု ဦးတည်တဲ့ ရေရှည်တည်တံ့ခိုင်မာတဲ့ လမ်းကြောင်းချမှတ်ဖို့နဲ့ အခြေခံပြဿနာအကြောင်းအရင်းတွေကို ဖြေရှင်းရာမှာ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ လိုက်ပါခဲ့တဲ့ ခရီးစဉ်ဟာ အရေးပါမှာဖြစ်ပါတယ်။"
ရခိုင်မြောက်ပိုင်းသွားလေ့လာခဲ့သူတွေထဲမှာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Renata Lok-Dessallien၊ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ဌာနေကိုယ်စားလှယ်လည်းဖြစ်၊ လူသားချင်းစာနာမှုဆိုင်ရာမှု အကူအညီပေးရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်းဖြစ်သူ Domenico Scalpelli နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအကြီးတန်းတာဝန်ရှိသူ Cécile Fradot တို့လည်းပါဝင်ပါတယ်။
သံတမန်တွေအဖွဲ့မှာ အမေရိကန်ပြည်ထောင်စု၊ ဗြတိန်၊ ဥရောပသမ၈္ဂ၊ပြင်သစ်၊ ဆွိဒင်၊ ဒိနိးမတ်၊ အစ္စရေး။ မလေးရှား၊ အင်ဒိုနီးရှား၊ ပါက္စတန်၊ အိန္ဒိယ နဲ့ ထိုင်း အစရှိတဲ့ နိုင်ငံတွေအဆင့်မြင့် သံတမန်တွေလဲ လိုက်ပါသွားခဲ့ပါတယ် ၊သူတို့အားလုံးကို စစ်တွေမြို့ကနေ အုပ်စု ၃ စုခွဲပြီး ရဟတ်ယဉ် ၃ စင်း နဲ့ ပြဿနာဖြစ်ခဲ့တဲ့ ရသေ့တောင်မြို့နယ်။ မောင်တောမြို့နယ်တွေထဲက နေရာ ၃ ခုကိုသွားရောက် လေ့လာစေခဲ့ပါတယ်။
လေ့လာသူတွေအနေနဲ့ မူဆလင်ရွာတွေအပြင် ဒေသခံတိုင်းရင်းသားရွာတွေကို လွတ်လွပ်လပ်လပ်သွားရောက်လေ့လာနိုင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေက VOA မြန်မာပိုင်းကို ပြောပါတယ်။
မူဆလင်ရွာတွေထဲမှာ မီးရှို့ခံထားရတဲ့ရွာတွေ၊ ပဋိပက္ခမဖြစ်ခင် အခြေအနေအတိုင်း အေးအေးဆေးဆေးနေထိုင်နေတဲ့ ရွာတွေပါတယ်လို့ပြောပါတယ်။ခုလိုနိုင်ငံစုံက ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့ဟာ ရခိုင်မြောက်ပိုင်းကိုပြီးခဲ့တဲ့ ကြာသပတေးနေ့က သွားဖို့ ကနဦးစီစဉ်ခဲ့ပေမဲ့ ရာသီဥတုမကောင်းတဲ့အတွက် တနင်္လာနေ့ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။