သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရသဘောထား မပြောင်းသေးဟု တိုင်းရင်းသား ခေါင်းဆောင်ပိုင်းပြော


KNU ဌာနချုပ်၊ လေးဝါးစခန်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စတုတ္ထနေ့အစည်းအဝေး။ (ဓာတ်ပုံကို ကိုခင်မောင်ဝင်း-အေပီ ရဲ့ fb မှ ကူးယူဖော်ပြပါသည်။)
KNU ဌာနချုပ်၊ လေးဝါးစခန်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စတုတ္ထနေ့အစည်းအဝေး။ (ဓာတ်ပုံကို ကိုခင်မောင်ဝင်း-အေပီ ရဲ့ fb မှ ကူးယူဖော်ပြပါသည်။)
ဒီကနေ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာနယ်မြေ လော်ခီးလာ ခေါ် လေးဝါးမှာ ပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒုတိယ အကြိမ် ညီလာခံအတွင်း လက်ရှိ မြန်မာအစိုးရရဲ့ သဘောထားဟာ အရင် အစိုးရတွေ အတိုင်း ပြောင်းလဲမှု မရှိဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောဆိုလိုက်ကြပါတယ်။ ဒီကနေ့ စတုတ္ထမြောက်နေ့အဖြစ် ကျင်းပခဲ့တဲ့ ညီလာခံအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက စုံစမ်းတင်ပြပေးထားပါတယ်။

KNU ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ လေးဝါးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ဒုတိယအကြိမ် ညီလာခံကို ကျင်းပနေတာပါ။ ညီလာခံရဲ့ ဒီကနေ့ စတုတ္ထမြောက်နေ့မှာတော့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ဖေဖော်ဝါရီလထဲ ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ဆွေးနွေးပွဲမတိုင်ခင် NCT ရဲ့ လုပ်ငန်းတာဝန်တွေ၊ ဘားအံဆွေးနွေးပွဲကျရင် တိုင်းရင်းသားတွေဘက်က တင်ပြမယ့် အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ကြိုးပမ်းနေပေမဲ့လို့ တဘက်နဲ့တဘက် ယုံကြည်မှုတွေကတော့ အားနည်းနေဆဲပါ။ KIA ကချင်လွတ်မြောက်ရေး တပ်မတော်ရဲ့ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ ကလည်း လေးဝါးညီလာခံ အဖွင့် မိန့်ခွန်းမှာ တိုင်းရင်းသားတွေအပေါ် အစိုးရရဲ့ မပြောင်းလဲတဲ့ သဘောထားနဲ့ ပတ်သက်ပြီး အခုလို ပြောကြားသွားခဲ့ပါတယ်။

“ကျနော်တို့တတွေ ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူးဆိုတာလည်း အားလုံး သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ ကျနော်တို့တတွေဟာ ကိုယ်ကျိုးအတွက် လုပ်နေကြတာ မဟုတ်ဘူး။ ကိုယ့်ရဲ့လူမျိုး လွတ်မြောက်ရေးအတွက် လုပ်နေကြတာ ဖြစ်တယ်။ ကျနော်တို့ တချက်မှားတာနဲ့ ကိုယ့်ရဲ့လူမျိုး တသက်မက နစ်နာမှာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ဟာ သတိကြီးကြီးထားပြီး လုပ်သွားရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရအဆက်ဆက်ဟာ ကျနော်တို့ တိုင်းရင်းသားများအပေါ်မှာ ထားရှိတဲ့သဘောထားဟာ တစ်ခုတည်းပဲ ဖြစ်တယ်။ မပြောင်းလဲဘူး၊ ယနေ့အထိလည်း မပြောင်းလဲဘူး။ ကျနော်တို့ လက်နက်ကိုင်တော်လှန်ကြတာဟာ ဆူပူသောင်းကျန်းတယ်ဆိုတဲ့သဘောနဲ့ပဲ ကျနော်တို့ကို ဆက်ဆံခဲ့တာ ယနေ့အထိဖြစ်တယ်။ ဒီတော့ အပစ်အခတ်ရပ်စဲဖို့ သူ့မှာ ဒါပဲ သဘောရှိတယ်။ နိုင်ငံရေး ဆွေးနွေးဖို့ သဘောမရှိဘူး။ ဒါကို ကျနော်တို့က တွန်းအားပေးရမှာဖြစ်တယ်။ တွန်းအားပေးရာမှာ တဖွဲ့ချင်း တွန်းအားပေးလို့ မရဘူး၊ အခုလို စုစုစည်းစည်းနဲ့ တွန်းအားပေးရမှာဖြစ်တယ်။ ဒီစုစည်းတောင်မှ အားမရှိသေးဘူး။ ကျနော်တို့တိုင်းရင်းသား ပြည်သူတရပ်လုံး ပါဝင်ရမှာ ဖြစ်တယ်။”

တိုင်းရင်းသားတွေဘက်က အခုလို သံသယရှိနေချိန်မှာပဲ မကြာသေးခင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တိုင်းရင်းသားသူပုန်တွေရဲ့ အကြမ်းဖက်မှုကြောင့် ဖြစ်ရတာဆိုတဲ့ ပြောစကားတွေဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ထိခိုက်စေနိုင်တယ်လို့ တချို့ သတင်းတွေမှာလည်း သုံးသပ်ကြပါတယ်။

ဒါကြောင့်လည်း တိုင်းရင်းသားတွေဘက်ကနေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့အခါ သမ္မတရော၊ လွှတ်တော်ရော၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပါ အားလုံး ပါဝင်ကြဖို့ကို တောင်းဆိုထားတာပါ။ လက်ရှိ ကျင်းပနေတဲ့ လေးဝါးညီလာခံပြီးရင်တော့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ထိုင်းနိုင်ငံမှာ ထပ်မံ တွေ့ဆုံကြဖို့ကြပါတယ်။ ဘားအံဆွေးနွေးပွဲမတိုင်ခင် အကြိုဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်ဖို့ တွေ့ဆုံကြမှာလည်း ဖြစ်ပါတယ်။ အရင်ကတော့ ဘားအံမှာတွေ့ဆုံဖို့ကို မနှစ် ဒီဇင်ဘာလမှာ စီစဉ်ထားပြီး
နောက် ဒီနှစ် ဇန်နဝါရီ၊ တခါ အဲ့ဒီကနေမှ ဖေဖော်ဝါရီကို အကြိမ်ကြိမ် ထပ်မံ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ အခုလို ရွှေ့ဆိုင်းတာဟာ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ ပိုမို ခိုင်မာမှု ရှိစေဖို့ဖြစ်တယ်လို့ တိုင်းရင်းသားတွေဘက်က ဆိုပါတယ်။

အခု KNU ထိန်းချုပ်ရာနယ်မြေမှာ ကျင်းပနေတဲ့ လေးဝါးညီလာခံဟာ ဒုတိယအကြိမ်ဖြစ်ပြီးတော့၊ ပထမအကြိမ်ညီလာခံ ကိုတော့ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့တာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG