နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးတွေ စလာချိန်မှာ နာမည်ကြီး အနုပညာသည်တချို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဇေကမ္ဘာ ဦးခင်ရွှေနဲ့ အတူ ရွေးကောက်ပွဲ စည်းရုံးရေး ပူးပေါင်း လုပ်ဆောင်လာကြပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ရန်ကုန်တိုင်း ကွမ်းခြံကုန်း၊ ကော့မှူးနဲ့ တွံတေးမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရွှေရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ချွေးမဖြစ်သူ နန္ဒာလှိုင် အပါအဝင် နာမည်ကြီး သရုပ်ဆောင်တချို့ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။
ဦးခင်ရွှေနဲ့အတူတူ ဒီကနေ့ ခရီးသွားဖို့ ပြင်ဆင်နေတဲ့ လူရွှင်တော် မိုးဒီက ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ လိုက်ပြီး ပါဝင်နေတယ် ဆိုတာက လူတွေက ဒီနိုင်ငံရေး အပေါ်မှာပေါ့လေ၊ နည်းနည်း စိတ်ဝင်စားမှုလေး ရှိလာအောင်၊ နောက်တခုက ကျနော်တို့က ဝင်ပြီးတော့ မမှားအောင်ပေါ့နော်၊ ရွေးချယ်မှု မှန်ကန်ဖို့ ကျနော်တို့က သတိပေးပါတယ်။ ဘယ်သူ့ကို ရွေးချယ်ပါလို့တော့ ကျနော်တို့က မပြောလိုပါဘူး၊ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့။”
ပြည်ခိုင်ဖြိုးနဲ့ အတူတူသွားတဲ့ အနုပညာသည်တွေက သူတို့ခရီးစဉ်ကို မဲဆွယ်စည်းရုံးတယ်လို့ မယူဆပေမဲ့ ဒေသခံတွေကတော့ မဲဆွယ်နေတယ်လို့ ယုံကြည်နေကြပါတယ်။
“သူတို့က ဒီမှာ ငှက်အော်စမ်းကို သွားတဲ့အခါကျတော့ သူက နန္ဒာလှိုင်ကို ခေါ်သွားတယ်။ အဲဒီလို သူက အနုပညာနဲ့လည်း မဲဆွယ်တယ်။ နောက်တခေါက်လာရင် ခင်ဗျားတို့ပြောပါ၊ အခုတက်လာတဲ့သူတွေ၊ အနုပညာသမားတွေ ပါတယ်။ အနုပညာသမားတွေ ပါတယ်ဆိုရင် နောက်တခေါက် ကျနော် ဘယ်သူ့ကို ခေါ်လာပေးရမလဲ၊ နန္ဒာလှိုင်ကို ကြိုက်သလား၊ အဲလိုပြောတယ်။ ဟိုနေ့က ကွမ်းခြံကုန်းဘက်သွားတာ လွင်မိုး ပါသွားတယ်။ ဒီမှာလည်း ဘယ်မင်းသမီးကိုကြိုက်လဲ၊ ကြိုက်တဲ့မင်းသမီးကို ပြောပါဆိုပြီး နောက်တခေါက် နန္ဒာလှိုင်ကို ခေါ်ခဲ့ရမလားလို့ ပြောတယ်။”
ကိုလွင်မိုးကတော့ ပြည်ခိုင်ဖြိုး ပါတီဝင်တယောက် အနေနဲ့ မဟုတ်ဘဲ ဦးခင်ရွှေနဲ့ ရင်းနှီးလို့ လိုက်တာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
အခုလို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ အနုပညာသည်တွေ လိုက်ပါနေတာကို ရုပ်ရှင်အစည်းအရုံး အနေနဲ့ တားမြစ်ခြင်း မရှိဘူးလို့ သိရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ချထားတဲ့ စည်းကမ်းချက်တွေမှာ စည်းရုံး ဟောပြောမယ့်သူဟာ ပြောလိုတဲ့ အချက်တွေကို သက်ဆိုင်ရာ ကော်မရှင်ကို တပတ်ကြိုတင် တင်ပြရမယ်ဆိုပေမဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ လိုက်ပါသွားတဲ့ အနုပညာသည်တွေကတော့ လွတ်လွတ်လပ်လပ် ဟောပြောခွင့် ရှိပါတယ်။
ကိုယ်စားလှယ်လောင်း တယောက်ဟာ မဲဆွယ်စည်းရုံးရာမှာ ကျပ် သိန်း ၁၀၀ အထိ သုံးခွင့်ရှိပြီး ငွေပေး စည်းရုံးတာမျိုး မလုပ်ရဘူးလို့ ကော်မရှင်က သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဦးခင်ရွှေကတော့ ဒီခရီးစဉ်တွေမှာ ဘာသာရေး၊ လူမှုရေး လုပ်ငန်းတွေကို သိန်းရာပေါင်းများစွာ သုံးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီကာလကို မဲဆွယ်စည်းရုံးရေး ကာလလို့ ကော်မရှင်က သတ်မှတ်ထားပေမဲ့ ဦးခင်ရွှေကတော့ အခု ခရီးစဉ်တွေဟာ စည်းရုံးရေး ခရီးစဉ် မဟုတ်ဘူးလို့ ဆိုပါတယ်။
“စည်းရုံးရေးသွားတာ မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ သိအောင်လို့လေ၊ ဘယ်သူက ဘယ်လိုတက်မယ်၊ အပေါ်ရောက်ရင် ဘယ်လိုဖြစ်မယ်၊ လိုက်ရှင်းပြနေတာ။ ရှင်းပြတာက အဓိကအားဖြင့် အခုဆို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၃၈ ဦးကတော့ အော်တိုမက်တစ် တက်သွားပြီ။”
ပါတီကိုယ်စားလှယ်လောင်းတွေ မဲဆွယ် စည်းရုံးရာမှာ အစိုးရပိုင် အဆောက်အဦး၊ သာသနာ့နယ်မြေတွေကို မသုံးရဘူးလို့ ကော်မရှင်က တားမြစ်ထားပါတယ်။ ဒါပေမဲ့ ဦးခင်ရွှေကတော့ တိုက်ရိုက် အသုံးပြုတဲ့ပုံစံ မဟုတ်ဘဲ ကျေးရွာအလိုက် ဘုန်းကြီးကျောင်းတွေမှာ သာသနနုဂ္ဂဟ အသင်းတွေ ဖွဲ့စည်းပေးတယ်လို့ သိရပါတယ်။ ဦးခင်ရွှေရဲ့ စည်းရုံးရေးတရားပွဲ တက်ခဲ့သူ ဒေသခံတယောက်က ငွေပေးစည်းရုံးတာကို အခုလို ပြောပြပါတယ်။
“ကိုယ်ဖြစ်ချင်တာ၊ လိုအပ်ချက်ရှိတာ ကျနော့်ကို တင်ပြပါ။ ကျနော်က ရှေ့ကို ကောင်းအောင်လုပ်မယ့် ပါတီပါ။ သူ့မှာ ပိုက်ဆံတွေ ဘယ်လောက်ရှိလို့ ရှိမှန်းတောင် သူမသိဘူး။ အဲဒီတော့ ကျနော်တတ်နိုင်တယ်။ ကျနော့်ကို လိုအပ်တာရှိရင် အကုန်လုံး တင်ပြပါဆိုလို့ တင်ပြတယ်။ ကျမတို့ဆီမှာတော့ ငှက်အော်စမ်းမှာ၊ ကော့မှူးမြို့နယ် အနောက်ခြမ်းမှာ အသက် ၆၀ ကျော် အဖိုးကြီး၊ အဖွားကြီးတွေကို ငွေ ၅,၀၀၀ စီ ပေးတယ်။ နောက် ၈ လပိုင်း ၂၀ ရက်နေ့ကလည်း ဒီက ကြံ့ခိုင်ရေးမှာ အစည်းအဝေးလုပ်တယ်။ အဲဒါလည်း တယောက်ကို ငွေ ၅,၀၀၀ စီ ပေးတယ်။”
ပြည်သူတချို့က ပြည်ခိုင်ဖြိုးပါတီကို အမြင်မကြည်မလင် ဖြစ်နေချိန်မှာ လူသိများတဲ့ အနုပညာသည်တွေ အခုလို ပါဝင်လာတဲ့အတွက် သူတို့ရဲ့ အနုပညာလုပ်ငန်းကို ထိခိုက်နိုင်တယ်လို့လည်း အဆိုပါ ဒေသခံက ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းကို အစိုးရဝါဒဖြန့် အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကား ရိုက်ကူးခဲ့တာကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဆန့်ကျင် ကန့်ကွက်နေကြပါတယ်။