ရွေးကောက်ပွဲ ကျင်းပဖို့ တလအလိုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပါတီဝင်မဟုတ်တဲ့ အိမ်တွေမှာ ပါတီဝင်ဖြစ်တယ်ဆိုတဲ့ အမှတ်အသားတွေ လိုက်ကပ်လာသလို တချိန်တည်းမှာပဲ ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုံ့ဆော်မှုတွေကလည်း ဆက်တိုက် ဖြစ်လာနေပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တောင်ဒဂုံနဲ့ သာကေတ မြို့နယ်တွေက ရပ်ကွက်တချို့မှာ တခြားပါတီတွေ မစည်းရုံးနိုင်အောင် ပါတီဝင် မဟုတ်တဲ့ အိမ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီဝင်ရဲ့အိမ် ဖြစ်တယ်ဆိုတဲ့ အမှတ်အသားတွေကို ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတွေက လိုက်ကပ်နေတယ်လို့ သိရပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးသုဝေက သူတို့ပါတီ ယှဉ်ပြိုင်မယ့် တောင်ဒဂုံမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက စာလိုက်ကပ်နေတာကို အခုလို ပြောပြပါတယ်။
“ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိတာ မငြိတာတော့ မပြောတတ်ဘူးဗျ။ သူတို့က သူတို့ပါတီအိမ် မဟုတ်ဘဲ သူတို့ပါတီအိမ်လို့ လိုက်လုပ်တာပေါ့။ သူတို့က ပါတီကို ဝင်ခိုင်းတယ်၊ ဝင်ခိုင်းလို့ ဝင်ရတဲ့ တချို့တော့ ရှိတာပေါ့။ အဲဒီအိမ်တွေ ကပ်တာတော့ အရေးမကြီးဘူးလေ။ ကျန်တဲ့အိမ်တွေ ကပ်တာကတော့ သဘောလည်း မတူဘူး၊ ပါလည်းမပါဘူး ဆိုတဲ့ အိမ်တွေလည်း ကပ်တာပဲ၊ သူတို့က။
“အဲဒီတော့ တချို့လူတွေက ကြောက်လို့ ဒီအတိုင်း ငြိမ်နေတယ်။ တချို့ကတော့ ပြန်ခွာလိုက်တာပေါ့။ အဲဒီကပ်တဲ့စာက ဒီလို၊ ဤအိမ်သည် ကြံ့ခိုင်ရေးပါတီ ဝင်ပြီးသားအိမ် ဖြစ်သည်၊ အိမ်နံပါတ် ဘယ်လောက်၊ ဘယ်လောက်ပေါ့၊ ကျန်တဲ့လူတွေ လာမစည်းရုံးနဲ့တော့ပေါ့။ ကျနော့်ကို ပြီးခဲ့တဲ့ ၂ ရက်လောက်က အဲဒီ စာရွက်တွေ လာပို့ပေးတယ်၊ ခွာပြီးတော့။”
တောင်ဒဂုံ ဒေသခံ တယောက်ကလည်း ပါတီဝင် ဖြစ်ပြီးသားဆိုပြီး စာကပ်ခံရတဲ့ အိမ်တွေက များသောအားဖြင့် လက်လုပ်လက်စားတွေ နေတဲ့ ရပ်ကွက်တွေမှာ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီက အခုလို စည်းရုံးနေတာနဲ့ ပတ်သက်ပြီး ကော်မရှင်ကို အကြောင်းကြားထားတယ်လို့ ဦးသုဝေက ပြောပါတယ်။
“ကြံ့ဖွံ့အဖွဲ့က နေပြီးတော့မှ ငွေပေးပြီး ကြံ့ဖွံ့အဖွဲ့ဝင်တွေ လုပ်ခိုင်းတယ်၊ နောက်ပြီး ငွေတွေချေးတယ်၊ လမ်းပြင်ပေးတယ်၊ ကျောင်းဆောက်ပေးပြီးတော့ ကြံ့ဖွံ့ပါတီကို ဝင်ရမယ်ပေါ့၊ လမ်းဖောက်ပေးပြီး ဒီလမ်းဆိုရင် ကြံ့ဖွံ့ပါတီ ၁၀၀ ပြည့်အောင် လုပ်ရမယ် စသဖြင့် လုပ်တယ်။ ခုနပြောတဲ့ကိစ္စလည်း ရှိတယ်။ နောက်တခုက ကြံ့ခိုင်ရေးပါတီထဲ ဝင်ခိုင်းပြီး ကြိုတင်မဲ ပေးရမယ်လို့ ပြောသွားတာတွေလည်း ရှိတယ်။ အဲဒါတွေဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ ဒါကြောင့် ကော်မရှင်က ဒါတွေ တားပေးပါဆိုပြီး ကော်မရှင်ကို မေတ္တာရပ်ခံတဲ့ သဘောပါ၊ ပထမအဆင့် အနေနဲ့။”
ပြည်ခိုင်ဖြိုးပါတီရဲ့ ရန်ကုန်တိုင်း တာဝန်ခံ မြို့တော်ဝန် ဦးအောင်သိန်းလင်းဟာ ကျပ်ငွေ သိန်းပေါင်း ၈၀,၀၀၀ ကျော်သုံးပြီး လယ်သမားတွေကို အတိုးမဲ့ ငွေထုတ်ချေးတာတွေနဲ့ ရန်ကုန်မြို့တော်မှာ ရှိတဲ့ လမ်းပေါင်း ၄,၀၀၀ ကျော်ကိုလည်း ပြည်ခိုင်ဖြိုးပါတီ အမည်နဲ့ လမ်းခင်းဖို့ စီစဉ်နေပါတယ်။ လောလောဆယ်တော့ လမ်း ၂၅၀ ကျော် ခင်းပြီးပြီလို့ သိရပါတယ်။
တချိန်တည်းမှာပဲ ရွေးကောက်ပွဲ ဆန့်ကျင်မှုတွေကလည်း နိုင်ငံတဝန်း ဖြစ်ပေါ်လာပါတယ်။ ၉၀ ခု ရွေးကောက်ပွဲတုန်းက NLD ရဲ့ အမာခံဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ မအီမြို့နယ်တွေမှာ တက်ကြွလှုပ်ရှားသူတွေက ရွေးကောက်ပွဲ သပိတ်မှောက်ရေး ပိုစတာတွေကို ဒီနေ့မနက်မှာ ကပ်ခဲ့ကြတယ်လို့ သိရပါတယ်။
စာကပ်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တယောက်က အခုလို ပြောပြပါတယ်။
“ကျနော်တို့က မနက် ၃ နာရီလောက်မှာ လုပ်တာပါ၊ အခုထိ ရှိနေတုန်းခင်ဗျ။ လူတွေကလည်း ရပ်ပြီး ကြည့်ကြတယ်၊ ဖတ်ကြည့်ကြတယ်ပေါ့။ မနက် ၇ နာရီခွဲ၊ ၈ နာရီလောက်မှာ အာဏာပိုင်တွေ လာပြီး ဖြုတ်သွားပါတယ်။ ကျနော်တို့ ပြည်သူလူထုကတော့ ကျနော်တို့ ထည့်စရာပါတီ မဲမရှိတဲ့အတွက် မဲရုံသွားပြီး မဲမထည့်တော့ဘူးလို့ လူတော်တော်များများ ပြောဆိုနေကြပါတယ်။”
၂၀၁၀ ရွေးကောက်ပွဲအတွက် တောင်ကုတ်နဲ့ မအီမြို့နယ်တွေမှာ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ပဲ ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။