သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးရထား ဒု-ဝန်ကြီး ဦးဖေသန်း ရွေးကောက်ပွဲဝင်ခွင့် အပယ်ခံရ


မီးရထား ဒု-ဝန်ကြီး ဦးဖေသန်း ရွေးကောက်ပွဲဝင်ခွင့် အပယ်ခံရ
မီးရထား ဒု-ဝန်ကြီး ဦးဖေသန်း ရွေးကောက်ပွဲဝင်ခွင့် အပယ်ခံရ

စစ်အစိုးရက ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မွန်ပြည်နယ် ပေါင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် မီးရထား ဒု-ဝန်ကြီး ဦးဖေသန်းဟာ FRC ခေါ် ဧည့်နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ ဥပဒေနဲ့ ငြိစွန်းခဲ့တာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကနေ ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပယ်ချခံခဲ့ရတဲ့အပေါ် စိတ်ပျက်မှု ရှိသလို အယူခံ မဝင်တော့ဘူးလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ စစ်အစိုးရ လက်အောက်မှာ တိုင်းပြည်အတွက် အကြီးတန်းတာဝန် ထမ်းဆောင်နေပေမဲ့ လူမျိုးအရ ခွဲခြားမှု ရှိနေဆဲလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင် အရွေးခံမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖေသန်းဟာ ဧည့်နိုင်ငံသား ဥပဒေနဲ့ ငြိစွန်းခဲ့တာကြောင့် အောက်တိုဘာလလောက်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရတယ်လို့ ၎င်းနဲ့ နီးစပ်သူ မီးရထားရုံး အရာရှိတဦးက ပြောပါတယ်။ ဒီဖြစ်စဉ်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင် အရွေးခံမယ့် နိုင်ဝဏ္ဏကြီးကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အခုလို အတည်ပြု ပြောဆိုပါတယ်။

“ရထား ဒု-ဝန်ကြီး ရွေးကောက်ပွဲမှာ မပါတော့ဘူး။ သူဟာ ဟိန္ဒူ ကလယ် ဖြစ်လို့။ နိုင်ငံခြားသား ဖြစ်သွားတယ်။ သူက တော်တော်စိတ်ပျက်ပြီး ပြန်သွားတယ်။ သူ့ကိုစစ်တဲ့နေ့က ငါနဲ့ စစ်တဲ့နေ့ အတူတူပဲလေ။ ငါတို့က နိုင်ငံသားစစ်စစ် ဖြစ်နေတယ်။ သူက နိုင်ငံသားစစ်စစ် မဖြစ်ဘူး၊ မိဘတွေက။ မှတ်ပုံတင်ကတော့ သူတို့ကြိုက်သလို လုပ်လို့ရတယ်လေ။ သူ အယူခံဝင်လို့လည်း ရတယ်။ သူ အယူခံလည်း မဝင်ဘူး။ သူတို့ကတော့ အားလုံးနဲ့ပိုင်တယ်။ ဘာကြောင့် သူ့ကို လုပ်လိုက်သလဲဆိုတာ စဉ်းစားလို့ မရဘူး။”

အခုအခါမှာ မီးရထား ဒုတိယဝန်ကြီး ဦးဖေသန်းဟာ နေပြည်တော်မှာရှိတဲ့ ရထားပို့ဆောင်ရေး ဝန်ကြီးရုံးမှာ ရှိနေပြီး ကိုယ်စားလှယ်လောင်း အဖြစ်ကနေ အပယ်ခံရတဲ့အပေါ် စိတ်ပျက်မှု ရှိနေသလို နိုင်ငံရေးနဲ့ ပါဝင် ပတ်သက်ချင်တဲ့စိတ် မရှိတော့ဘူးလို့ ၎င်းနဲ့နီးစပ်သူ ရန်ကုန်မြို့ရှိ မီးရထား အရာရှိတဦးက ပြောပါတယ်။

လောလောဆယ် ပေါင်မြို့နယ်မှာဆိုရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်သွားခဲ့တယ်လို့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်ဝဏ္ဏကြီးက အခုလို ပြောပါတယ်။

“ကျနော်တို့ မွန်က ဦးကျော်ရွှေနဲ့ တစညက ဦးခင်မောင်မြင့်နဲ့ နှစ်ယောက်ပဲ ကျန်တော့တယ်။ သံလွင်မြစ်အလယ် လက်ပံကျွန်းရွာက၊ ပြည်သူ့လွှတ်တော်နော်။”

ဦးဖေသန်းဟာ ဆောက်လုပ်ရေး အရာရှိ ဘဝကနေ ရထားပို့ဆောင်ရေး ဒုတိယဝန်ကြီးအထိ တာဝန်ထမ်းဆောင်နေပြီး အသက် ၆၀ ကျော်ရှိပြီလို့လည်း မီးရထားရုံး အရာရှိတဦးက ပြောပါတယ်။ ဦးဖေသန်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပယ်ချခြင်း ခံခဲ့ရတဲ့အပေါ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဦးဖေသန်းဟာ ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာ ဇာတိဖြစ်ပြီး အဖေက အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင် ဖြစ်ပြီး အမေကတော့ ဇင်းကျိုက်ရွာသူတဦး ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သူနဲ့ လက်တွဲဆောင်ရွက်ဖူးသူ မွန်ပြည်သစ် ပါတီဝင်ဟောင်း တဦးကတော့ ဦးဖေသန်းဟာ ကုလား၊ မွန် ကပြားဖြစ်ပေမဲ့ မွန်အမျိုးသားစိတ်ဓာတ် ရှိသူတဦး ဖြစ်တယ်လို့ ပြောပါတယ်။ စစ်အစိုးရ လက်အောက်မှာဆိုရင် တိုင်းရင်းသားတွေအတွက် အာမခံချက် မရှိဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်လောက်က ချင်းပြည်နယ်မှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်သူ ဟားခါးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ပူးဟရမ်ကျဲအိုနှင့် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ပူးငွန်ဟရမ်းတို့ကိုလည်း ရွေးကောက်ပွဲ ကော်မရှင်ကနေ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင် နေထိုင်မှုနဲ့ ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ဖျက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီ ချင်းပြည်နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးကနေ အယူခံ ဝင်ခဲ့ရာမှာတော့ ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်စိစစ်ပြီး အရွေးခံခွင့် ပြုခဲ့ပါတယ်။

XS
SM
MD
LG