ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်အတွက် မဲပေးကြသူတွေရဲ့ ထူးခြားမှုတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမာခံဒေသဖြစ်တဲ့ တောင်ကုတ်မြို့နယ်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ပဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီကျော်တဲ့အထိ တောင်ကုတ်မြို့နယ် လမူးကျေးရွာမှာ မဲပေးသူ ၃၀ မပြည့်သေးပါဘူး။
“အခုအချိန်ထိ ခုလေးတင် ၂၇ ယောက်ပဲ ရှိသေးတယ်။ မဲပေးနိုင်တဲ့ ဦးရေက ဒီမှာ မဲရုံ ၂ ရုံနော်၊ ၂,၅၀၀ လောက် ရှိတယ်။”
ဂီရိမုန်တိုင်းဒဏ် အဆိုးဆုံးခံရတဲ့ မြေပုံမြို့နယ်မှာတော့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းက မဲရုံထဲထိ ဝင်ရောက် မဲဆွယ်တယ်လို့ ဆိုပါတယ်။
“အခု ပန်ငကျေးရွာမှာ ကြံ့ခိုင်ရေး မြို့နယ်အတွင်းရေးမှူး ကိုယ်တိုင် ထိုင်တယ်၊ မြို့နယ်အတွင်းရေးမှူး။ အဲဒီမှာ မဲရုံမှူးက သူ့အကို ကျောင်းဆရာကြီး၊ အဲဒီမှာ မဲရုံထဲဝင်ပြီး ကြံ့ခိုင်ရေးကို ထည့်ဖို့အတွက် မဲရုံထဲထိ လုပ်ပေးတယ်။ ကျနော်တို့ မဲရုံကိုယ်စားလှယ် ဟန့်တားတာ မရဘူး၊ အဲဒီလို။ မြေပုံမှာ တောင်ပေါ်ရပ်ကွက်မှာ သူတို့က မဲစာရင်းကို အခုမှကပ်တယ်။ လူအများကြီးရှိတာ နည်းနည်းပဲ ပေးရသေးတယ်။ တောင်ပေါ်ရပ်ကွက်က မူဆလင်ရပ်ကွက်ကို၊ ဒါပေမဲ့ ရခိုင်ကို ထောက်ခံဖို့ အများကြီး ရှိနေတယ်။ ဒါကြောင့် တမင်နှေးအောင် လုပ်ထားတာလို့ ကျနော်ယူဆတယ်။”
နေ့လယ်ပိုင်းမှာတော့ စစ်တွေမြို့က မူဆလင် အများစုနေတဲ့ နာဇီရပ်ကွက်မှာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးက မဲရုံထဲထိ စွက်ဖက်မှုတွေရှိလို့ မဲရုံမှူးကိုယ်တိုင် မဲရုံကို တာဝန်မယူတော့တဲ့ အခြေအနေ ဖြစ်သွားပါတယ်။
“မဲရုံမှာ ကျနော်တို့ပါတီက ကိုယ်စားလှယ် ရှိပါတယ်။ အဲဒီအချိန် ကြံ့ခိုင်ရေးပါတီက ဦးဘတင် ဆိုတဲ့လူက မဲရုံမှာ မဲလာပေးတဲ့သူ ကိုယ်တိုင် အမှန်ခြစ်ပြီး မဲပုံးထဲမှာ ထည့်တယ်။ မဲပေးမယ့်သူက မထည့်ရဘူး။ အဲဒီမှာ ကျနော်တို့ ကိုယ်စားလှယ်က တားတော့ သူ့ကို သတ်မယ်၊ ပုတ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒါကြောင့် ကျနော်တို့ကိုယ်စားလှယ် ဦးသန်းဝေက မဲရုံမှူးကို သွားတိုင်တယ်။ မဲရုံမှူးလည်း ဘာမှ မတတ်နိုင်ဘူး။ ကျနော်တို့ပါတီ ဥက္ကဋ္ဌက သွားရှင်းတယ်။ ခင်ဗျားတို့ မဲရုံကို တာဝန်ယူနိုင်မလား၊ အပြင်မှာလည်း ကုလားတွေ ရုတ်ရုတ်ဖြစ်နေပြီဆိုတော့ မဲရုံမှူးကိုယ်တိုင် တာဝန်မယူနိုင်တော့ဘူးလို့ ပြောပါတယ်။”
ပေါက်တောမြို့၊ ဘဝမ်း မူဆလင်ကျေးရွာမှာတော့ ဒီမနက်မှာ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ဦးမောင်ထွန်းမြက မဲဆန္ဒရှင်တွေကို တဦးချင်းစီ ဓာတ်ပုံရိုက်ပြီး သူ့ကို မဲမပေးဘူးဆိုရင် ဖမ်းဆီး ထောင်ချမယ်လို့ ပြောဆိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြံ့ဖွတ်ပါတီဟာ ရသေ့တောင်မြို့နယ်မှာ မနေ့ည ၁၀ နာရီကျော်လောက်က ကားပေါ် အသံချဲ့စက်တင်ပြီး သူတို့ကို မဲပေးဖို့ မြို့ပတ် လှုံ့ဆော်တာကြောင့် လူထုက အထိတ်တလန့် ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဒီမနက်မှာတော့ ကြံ့ဖွတ်ပါတီ အင်္ကျီဝတ် လက်လုပ်လက်စားတချို့ အရက်မူးပြီး မဲရုံရှိတဲ့ စာသင်ကျောင်းကို ဝင်လာတော့ မဲရုံမှူးက လက်မခံဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။
“ဆိုက်ကားသမားတွေ၊ အလုပ်သမားတွေကို ငွေပေးပြီး အင်္ကျီဝတ်ခိုင်းတယ်။ ဒီလူတွေက အရက်တွေမူးပြီး အရှေ့တောင်ရပ်ကွက် မဲရုံထဲ ဝင်လာကြတယ်။ မင်းတို့ ဘာလာလုပ်တာလဲ ဆိုတော့ လုံခြုံရေးပေးဖို့ လာတာလို့ ပြောတယ်။ ဒါကြောင့်ပဲ မဲရုံမှူးက ရဲတွေခေါ်ပြီး မောင်းထုတ်လိုက်ရတယ်။”
ရန်ကုန်တိုင်းမှာတော့ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တဦး ယှဉ်ပြိုင်ခွင့် ရပါတယ်။ ဒီကနေ့ မဲသွားထည့်တဲ့ အချိန်မှာတော့ တခြား လွှတ်တော်အဆင့်ဆင့်တွေ အတွက်ပဲ မဲထည့်ရပြီး ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်အတွက် မဲထည့်ဖို့ မဲစာရင်းမှာ မပါဘူးလို့ သိရပါတယ်။ အခြေအနေကို ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်လောင်း ဦးဇော်အေးမောင်က အခုလို ပြောပါတယ်။
“ဟုတ်တယ်ဗျ၊ ရန်ကုန်မှာ ဘယ်လိုပြသနာ ရှိနေလဲ ဆိုတော့ ရခိုင်တော်တော်များများက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးတွေမှာ ပါပြီးတော့ ရခိုင်မဲပုံးမှာ မဲထည့်ခွင့် မပါဘူး ဖြစ်နေတယ်။ ကျနော်တို့က မြို့နယ်ကော်မရှင်တွေကို လိုက်ပြောတော့ လောလောဆယ်မှာ လှိုင်မြို့နယ်က ပေးထည့်တယ်၊ နောက်တိုးအနေနဲ့။ ကျနော်တို့ကို ထောက်ခံတဲ့ လူတော်တော်များများ ရခိုင်မဲစာရင်းမှာ မပါဘူး၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းမှာလည်း ရခိုင်ဆိုတော့ နည်းနည်း မသမာတဲ့သဘော ရှိတယ်။”
ဒီကနေ့ မဲပေးရတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ထူးခြားတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။