၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကော်မရှင် စိစစ်နေရာမှာ နိုင်ငံရေးပါတီ တော်တော်များများမှာတော့ ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတာ မရှိဘူးလို့ သိရပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ စိစစ်နေတာဟာ မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဆိုရင် သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ရောက်ပြီဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို ဝင်ကြဖို့အတွက် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို စက်တင်ဘာလ ၆ ရက်နေ့ကနေ မနက်ဖြန် ၁၀ ရက်နေ့အထိ စိစစ်ပြီးတော့ စာရင်းတွေကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က လွဲရင် တတိယနေရာကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း အများဆုံး တင်သွင်းနိုင်တာက အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဖြစ်ပါတယ်။
NDF ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၃ ယောက် တင်သွင်းထားခဲ့ပြီး ၂ ယောက်လောက်သာ စာရင်းလျော့ကျသွားနိုင်ဖို့ ရှိတယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။
“အတိအကျတော့ ပြောလို့မရသေးဘူး။ တချို့ကလည်း နယ်တွေဆိုတော့ နည်းနည်းဝေးတာကိုး။ ရှမ်းပြည် အရှေ့ပိုင်းတို့ ဘာတို့ကျတော့ သတင်းရောက်ဖို့က နည်းနည်းစောင့်ရမယ်။ ၁၆၃ ယောက်မှာ အတိုးအလျှော့ရှိလည်း တယောက် နှစ်ယောက်ပါပဲ။ သိပ်များများစားစား မရှိနိုင်ပါဘူး။ ၁၆၃ ယောက်မှာ ၂၁ ယောက်ကတော့ တိုင်းဒေသကြီး ဒါမှမဟုတ် တိုင်းနဲ့ပြည်နယ်အဆင့်။ နောက် ၁၀၇ ယောက်က ပြည်သူ့လွှတ်တော်ပေါ့။ ကျန်တဲ့ဟာက အမျိုးသားလွှတ်တော်ပေါ့။ ၁၆၀ ထက်တော့ မလျော့နိုင်ဘူးလို့ ကျနော်တော့ တွက်ပါတယ်။”
NDF ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
မနက်ဖြန် စက်တင်ဘာလ ၁၀ ရက်နေ့ဟာ နောက်ဆုံးစာရင်းတွေကို ထုတ်ပြန် ကြေညာမှာမို့ သက်ဆိုင်ရာ မြို့နယ်နဲ့ ခရိုင်တွေမှာရှိတဲ့ ကော်မရှင်ရုံးတွေမှာ ကိုယ်စားလှယ်လောင်း တော်တော်များများ ဒီနေ့ ညနေအထိ တွေ့ဆုံ စိစစ်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီ တခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ကတော့ ကိုယ်စားလှယ်လောင်း ၅၀ အမည်စာရင်း တင်သွင်းထားခဲ့ရာမှာ ဒီနေ့ညနေအထိတော့ မင်္ဂလာတောင်ညွန့် မြို့နယ်အတွက် တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း တဦးသာ ပယ်ချခံရတဲ့ စာရင်းသာ ရရှိသေးတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်ချိုချိုကျော်ညိမ်းက ပြောပါတယ်။
“အန်တီတို့ တင်ထားတာ ၅၀ ပေါ့။ ဒီနေ့ အန်တီ့ကို စစ်ပါတယ်။ အန်တီ့ကိုတော့ ဘာမှ မပြောဘူး။ ရသွားပြီလို့ပဲ ယူဆရပါတယ်။ ကိုသုဝေလည်း ဒီလိုပဲ။ ဒေါ်သန်းသန်းနုတို့ နှစ်ယောက်ကတော့ ရတယ်လို့ကြားလို့၊ မန္တလေးကပါ။ ကျန်တဲ့သူကတော့ မင်္ဂလာတောင်ညွန့် မြို့နယ်က ကိုသုဝေနဲ့ အတူတူပြိုင်မယ့် ကိုလှမြင့်ကိုတော့ ပယ်တယ်ပြောပါတယ်။ အခုတော့ လောလောဆယ်သိတာ ဒီတယောက်တည်းပဲပေါ့။ အဲဒါဆိုရင် တယောက်လျော့ပြီ။ မနက်ဖြန်မှပဲ သူတို့ အဖြေပေးမယ်လို့ ပြောပါတယ်။”
လွှတ်တော်ကိုယ်စားလှယ် ၃ ရပ်စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းပါတီ SNDP ကလည်း ကိုယ်စားလှယ်လောင်း ၁၅၇ ဦး တင်သွင်းထားခဲ့တာ ဘယ်သူမှ ပယ်ချခံရတာ မရှိဘူးလို့ SNDP ပါတီက အတွင်းရေးမှူး စိုင်းလှကျော်က ပြောပါတယ်။
“ကျနော်တို့ ၁၅၇ ဦး တင်ထားပါတယ်။ အခုလောလောဆယ် အထိတော့ ကျနော်တို့ မကြားမိသေးဘူး၊ တင်ထားတဲ့ ၁၅၇ ဦးက ပြုတ်တာ အကြောင်းကြားတာ ဘာမှ မရှိသေးဘူး။ ကျနော်တို့ ပြည်နယ်လွှတ်တော်မှာ အများဆုံး ယှဉ်ပြိုင်ဖို့ တင်ထားပါတယ်။ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်၊ အခုဟာ ကချင်နဲ့ ရှမ်းမှာ ကျနော်တို့က ၉၇ ဦးလောက် ရှိတယ်။”
SNDP ပါတီက စိုင်းလှကျော် ပြောသွားတာ ဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီကတော့ ကိုယ်စားလှယ်လောင်း ၉ ဦး အမည်စာရင်း တင်သွင်းခဲ့ရာမှာ ၉ ဦးစလုံးကို လက်ခံခဲ့တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုးမောင်က ပြောပါတယ်။
“အန်ကယ်တို့ ၉ ယောက်စလုံးကို ဒီနေ့အထိတော့ စိစစ်ပြီးပြီပေါ့၊ လက်ခံလိုက်ပါပြီ။ ပထမဆုံး အနိမ့်ဆုံး ၃ နေရာဝင်မယ်။ အများဆုံး ၂၁ နေရာ ဝင်မယ်လို့ အန်ကယ်တို့ နဂိုကတည်းက ပြောထားပါတယ်။ သို့သော်လည်း ဒီဘက်မှာ ကြုံတွေ့လာရတဲ့ ငွေကြေးဆိုင်ရာ အကျပ်အတည်း၊ အချိန်နဲ့ ပတ်သက်တဲ့ အကျပ်အတည်းနဲ့ စည်းရုံးရေး အကျပ်အတည်းတွေကြောင့် အန်ကယ်တို့ အဲဒီ အကျပ်အတည်းကြီး ၃ ခုနဲ့ တိုးတော့မှ လျှော့လိုက်တဲ့အခါ ၉ နေရာ ဝင်ဖြစ်ပါတယ်။”
ဦးစိုးမောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ၃ နေရာစလုံးအတွက် နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာမှာတော့ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တို့ကသာ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်နဲ့ တိုင်း အားလုံးမှာ ကိုယ်စားလှယ်လောင်း ၁,၁၀၀ ကျော်၊ တစညပါတီက ၉၈၀ ကျော်နဲ့ အမည်စာရင်းတွေ တင်သွင်းထားကြတာ ဖြစ်ပြီး သူတို့အားလုံး ပယ်ချခံရမှာ မဟုတ်ဘူးလို့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်းက ခန့်မှန်းပါတယ်။ ဒါကြောင့် လွှတ်တော် ၃ ရပ်စလုံးမှာ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီပါတီကြီး ၂ ခုကသာ နေရာအများစုနဲ့ လွှတ်တော်မှာ ရှိနေမှာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဒေါ်ချိုချိုကျော်ညိမ်းက သုံးသပ်ပါတယ်။
“အခု Rules and Regulations က ၁၉၉၀ ကနဲ့ မတူဘူး။ ၁၉၉၀ တုန်းက အပြိုင်အဆိုင်။ အခု တချို့မြို့နယ်မှာ ဘယ် ဒီမိုကရက်တစ် ပါတီကမှ၊ ဒီမိုကရေစီ ဘက်တော်သားကမှ မတင်သွင်းနိုင်ဘူး။ ငွေရေးကြေးရေးကြောင့်ပဲဖြစ်စေ၊ ဘာကြောင့်ပဲဖြစ်စေ၊ မတင်သွင်းနိုင်ဘူးဆိုရင် အဲဒီ တစညနဲ့ ပြည်ခိုင်ဖြိုး ၂ ခုပဲ သူတို့ပြိုင်ပေါ့။ ပြိုင်တဲ့အခါမှာ ဒီက ကလေး သုံးလေးယောက်လောက် ပိုရင်၊ ဟိုဘက်က သုံးလေးယောက်လောက် လျော့ရင် သုံးလေးမဲနဲ့ပဲ နိုင်မယ်။ တမဲပိုရင်လည်း နိုင်တယ်။ ဆိုတော့ မဝင်နိုင်တဲ့ နေရာတွေမှာ သူတို့က အေးအေးဆေးဆေး ဝင်ပြီးတော့ အများကြီး နိုင်မယ်လို့ အန်တီထင်ပါတယ်။”
ဒေါ်ချိုချိုကျော်ညိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ဝင်ဖို့အတွက် နိုင်ငံရေးပါတီပေါင်း ၄၇ ပါတီကျော်ကနေ ပါတီ မှတ်ပုံတင်ခွင့် ကျထားတဲ့ ၄၂ ပါတီက ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းထားကြတာလည်း ဖြစ်ပါတယ်။