ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ဦးဆောင်ပြီး စစ်အစိုးရက ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခု ရန်ကုန်မှာ မနေ့က စတင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့ လူငယ်တချို့ကို အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂ (ဗလသ) နဲ့ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အကသ) တို့ ပူးပေါင်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမထည့်ကြဖို့ NO Campaign လှုပ်ရှားမှုကို မနေ့က လုပ်ခဲ့ကြတာပါ။ ရန်ကုန်တိုင်း တာမွေမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဒဂုံ၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်နဲ့ အင်းစိန်မြို့နယ်တွေမှာ လှုပ်ရှားခဲ့တာဖြစ်ပြီး အဓိကအားဖြင့် လူစည်ကားရာ ဈေးတွေမှာ စာရွက်တွေကို ညဘက်မှာ လိုက်ကပ်ခဲ့ကြသလို တခြားနည်းလမ်းတွေနဲ့လည်း ဒီစာတွေကို ဖြန့်ကြဲခဲ့တဲ့အကြောင်း ဗကသ ပြောခွင့်ရသူ ကိုဇာနည်က အခုလို ပြောပြပါတယ်။
“ကျနော်တို့ကတော့ ညဘက်တွေမှာ သွားပြီးတော့ NO ဆိုတဲ့ ဆိုင်းဘုတ်တွေ၊ နောက်တခါ ၂၀၁၀ မှာ Cross (X) ဖြစ်တဲ့အတွက် စာရွက်တွေ အဲဒါတွေ နီးစပ်ရာတွေမှာ လိုက်ကပ်လိုက်တယ်။ လိုက်ကပ်ပြီး ဒီညပြီးတော့ နောက်နေ့ မနက်မိုးလင်းတော့မှ လူတွေက အပြင်ထွက်လာတယ်။ ဈေးဝယ်ထွက်မယ်၊ ရုံးသွားမယ်၊ ကျောင်းသွားမယ်။ အဲဒီအခါမှာ ဒီဟာတွေကို မြင်ရပါတယ်။ နောက်တခု ကျနော်တို့က မိုးပျံပူဖောင်းနဲ့ စာကြဲပါတယ်။ ဘတ်စ်ကားတွေ ခေါင်မိုးပေါ်မှာ တင်ထားတယ်။ ကားမောင်းထွက်သွားတဲ့အခါ စာရွက်တွေ လေထဲမှာ ပြန့်လွင့်ပြီး ကျလာတယ်။ အဲဒီလိုပုံစံမျိုးတွေနဲ့ ကျနော်တို့ လှုပ်ရှားပါတယ်။
“အဓိက မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ အဲဒီနေရာတွေက အဓိကပဲ။ ကျန်တဲ့နေရာတွေကတော့ လုပ်တယ်၊ ဒါပေမဲ့ နည်းပါတယ်။ အဓိကတော့ ဈေးတွေဗျ။ ဈေးတွေမှာ အဓိက လုပ်ရခြင်း အကြောင်းရင်းက ဈေးဆိုတာ မနက် ၅ နာရီခွဲ၊ ၆ နာရီဆို ဈေးထွက်လာပြီ။ ပြီးတော့ ဈေးဖြစ်တဲ့အတွက် ဒီဟာနဲ့ ပတ်သက်ပြီးတော့ လူစုံရောက်တယ်။ လူထုဆီကို တိုက်ရိုက်ရောက်မယ်လို့ ကျနော်တို့က ယူဆတယ်။ ဈေးတို့၊ ကားဂိတ်တို့ကို ဦးစားပေးပြီး လုပ်တယ်။”
ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့ အခုအခါ အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်လာနေပြီး မသင်္ကာတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တချို့ကို ခေါ်ယူစစ်ဆေး မေးမြန်းတာမျိုးတွေ လုပ်ခဲ့တယ်လို့လည်း ကိုဇာနည်က ဆက်ပြောပြခဲ့ပါတယ်။
“အဲဒီဝန်းကျင်မှာရှိတဲ့ သူတို့ Activists လို့ ယူဆတဲ့လူတွေကို ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီး အဲဒါမျိုး သူတို့အနေနဲ့ ဒီဟာတွေကို တရားခံ မတွေ့ဘူးဆိုရင်တော့ မသင်္ကာမှုနဲ့ ခင်ဗျားတို့ကိုပဲ ဖမ်းရမှာပဲ၊ ဘာညာ အစရှိတဲ့ ခြိမ်းခြောက်တာမျိုးတွေ ရှိပါတယ်။ အဲဒါတွေကို သူတို့အနေနဲ့ ကမန်းကတန်းဖြုတ်တယ်၊ လဲတယ်။ ပြီးတော့ သံသယရှိနိုင်တဲ့ လူတွေကို လိုက်ပြီး စစ်ဆေး မေးမြန်းကြတယ်။ ခြိမ်းခြောက်ပြီး ပြန်လွှတ်လိုက်တယ်။ ဖမ်းတာမျိုးတော့ မရှိဘူး။”
ဒါ့အပြင် သူတို့ ဗကသ၊ ဗလသ၊ အကသ ကျောင်းသားအဖွဲ့တွေ အနေနဲ့ ဒီ NO Campaign လှုပ်ရှားမှုကို နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ မပြီးမချင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဗကသ ပြောခွင့်ရသူ ကိုဇာနည်က ဆက်ပြောပြခဲ့ပါတယ်။
“ဒီဥစ္စာကတော့ ကျနော်တို့ကို အခြေအနေပေးရင် ပေးသလို ကျနော်တို့ လှုပ်ရှားနေကြမှာပဲလေ။ အရမ်းဖိနှိပ်လာရင်တော့လည်း ပြန်ဖျောက်မယ်၊ အခွင့်သာရင် ပြန်လှုပ်ရှားမယ်။ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မချင်း ကျနော်တို့ အနေနဲ့ လုပ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပြီး လုပ်နေကြမှာပါပဲ။”
မနေ့က ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်တဲ့ NO Campaign လှုပ်ရှားမှုကို ဗကသ၊ ဗလသနဲ့ အကသ ကျောင်းသားအဖွဲ့ ၃ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့ ဗကသ ပြောခွင့်ရသူ ကိုဇာနည် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီ ၂၀၁၀ ရွေးကောက်ပွဲကိုပဲ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်ခဲ့ပြီး ပြည်သူတွေ အနေနဲ့ မဲမပေးလိုရင် မဲမပေးဘဲ နေနိုင်တဲ့ အကြောင်းနဲ့ NLD ပါတီကိုမှ မဲပေးလိုသူတွေ အနေနဲ့လည်း မဲမပေးဘဲ နေကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြောဆိုခဲ့ပါတယ်။