ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ သူတို့နဲ့ နီးစပ်တဲ့ ပါတီတွေက အနိုင်ရနေပါတယ်။ အများအားဖြင့် နိုင်မယ့်အခြေအနေ ရှိနေတာက ကြိုတင်မဲတွေကြောင့်ပဲ ဖြစ်တယ်လို့ ပြိုင်ဘက်ပါတီတွေက ပြောနေပါတယ်။ အခြေအနေတွေ အားလုံးကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
အခု ပါတီ တော်တော်များများကတော့ တဝက်ကျော်ကျော် သိနေကြပါပြီ။ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေကို မသမာမှုနဲ့ ရထားတဲ့ ကြိုတင်မဲနဲ့ပဲ နိုင်နေလို့ ပါတီတွေက မကျေမနပ် ဖြစ်နေပါတယ်။ မြစ်ကြီးနားမြို့က တစည ပါတီကတော့ အခုလို လုပ်ရပ်တွေကို ကော်မရှင်ကို အရေးယူပေးဖို့ စာတင်ထားတယ်လို့ ပါတီအဖွဲ့ဝင်တယောက်က အခုလို ပြောပါတယ်။
“နောက်ဆုံး အခြေအနေကတော့ ကြိုတင်မဲနဲ့ သူတို့ အနိုင်ပိုင်းနေပါတယ်။ ပြည်သူ့လွှတ်တော် ဦးသိန်းဇော်က ကြိုတင်မဲနဲ့ အနိုင်ရထားပါတယ်၊ အခုလောလောဆယ်မှာတော့။ ကြိုတင်မဲဆိုတာ သူတို့လူနဲ့ သူတို့ လုပ်တဲ့ကိစ္စပဲဆိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နိုင်အောင်လုပ်မှာပဲ။ အခု တစညကရတဲ့ မဲဆိုတာ ရိုးရိုးသားသားနဲ့ မဲရုံမှာပေးတဲ့ မဲတွေပါပဲ။ အဲဒီမှာ သူတို့က ကြိုတင်မဲနဲ့ ချေလိုက်တဲ့ အခါကျတော့ ကျမတို့ဘက်ကတော့ မဲနည်းသွားတဲ့ သဘောမျိုးပါပဲ။”
ဖားကန့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကချင်ပြည်နယ် တိုင်းမှူးဟောင်း ဦးအုန်းမြင့်နဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဒေါ်ဘောက်ဂျာက ဦးအုန်းမြင့်ကို နောက်ဆုံးအခြေအနေထိ မဲတွေ အများအပြား အပြတ်အသတ် နိုင်နေပေမဲ့ ကြိုတင်မဲမှာတော့ စိုးရိမ်စရာ ရှိတယ်လို့ ပြောပါတယ်။
“ဘယ်လိုလဲ မသိဘူး၊ မနေ့ညလည်း ၁၂ နာရီထိ သူတို့က ကြိုတင်မဲရေတာ မပြီးသေးဘူး။ ကြိုတင်မဲကြောင့်ပဲ သူတို့နိုင်ရင်နိုင်မှာပါ။ ဒီတိုင်းဆိုရင် သူတို့ မနိုင်ပါဘူး။ အခုခြစ်ထားတဲ့ ကြိုတင်မဲတွေက တပုံစံထဲပဲ ခြစ်ထားတာတွေပါ။ ပြီးတော့လည်း ကြံ့ခိုင်ရေးမှာလည်း တပုံစံထဲခြစ်တယ်။ သူတို့ပြောတော့ ဆေးရုံက နာမကျန်းတဲ့ လူနာတွေ၊ အချုပ်ခန်းက လူတွေလို့ ပြောတယ်။ ဒါပေမဲ့ ခြစ်ပုံခြစ်နည်းက အကုန်လုံး တပုံစံထဲပဲ ဖြစ်နေတယ်။ ကျမတို့ အရေးယူမှာပါ။ ပါတီတွေအားလုံး စုပေါင်းပြီးတော့ သူတို့ရဲ့ ပြစ်ချက်တွေ လုပ်ချက်တွေက အများကြီးပါ။ သူတို့ခိုးနေတာတွေ အခု တိုင်းပြည်တောင် မအုပ်ချုပ်သေးဘူး၊ ဒီလောက်ခိုးနေတယ်ဆိုတော့ တိုင်းပြည်အုပ်ချုပ်လို့ရှိရင် ပိုဆိုးမှာ။ ဆိုတော့ ကျမတို့ ဒါကို တိုက်ဖျက်မှပဲဖြစ်မှာ။”
အစိုးရနဲ့ ရင်းနှီးသူ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDAK) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်းကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ပြီး တသီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အနေနဲ့ တရုတ်နယ်စပ် ပန်ဝါမြို့နယ်မှာ တစညနဲ့ ယှဉ်ပြိုင်ရာမှာ အနိုင်ရသွားပါတယ်။
ဦးဇခုန်တိန့်ယိန်းနဲ့ တခြား ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် တယောက်လည်း နိုင်သွားတဲ့ နေရာမှာ မဲမသမာမှုတွေ ရှိတယ်လို့ ပန်ဝါဒေသခံတယောက်က အခုလို ပြောပါတယ်။
“ပြောလို့ရတာကတော့ ကြိုတင်မဲရယ်၊ တချို့ကျတာ့ လောင်းကစားလုပ်တဲ့ တရုတ် အမျိုးသားတွေ ထည့်ပေးတယ်။ အဲဒီလူတွေကို မဖြစ်မနေ ထည့်ခိုင်းတယ်။ နောက်ပြီး လီဆူး တိုင်းရင်းသားတွေက စာမတတ်ဘူးဆိုတော့ မဲရုံမှူး ကိုယ်တိုင်က ဒီမှာထည့်ဆိုပြီး ခြစ်ပေးလိုက်တာမျိုးတွေ ဖြစ်သွားပါတယ်ခင်ဗျ။”
အခုလို အစိုးရနဲ့ မနီးစပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ မဲညစ်တာတွေကြောင့် မကျေမနပ်မှုတွေနဲ့ တိုင်တန်းဖို့အတွက် ပြင်ဆင်နေကြပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခွဲထွက် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (UDPKS) ပါတီက လွှတ်တော်တွေ၊ မြို့နယ်တွေမှာ အခြေအနေ ကောင်းနေတယ်လို့ ပြောပါတယ်။
မြစ်ကြီးနားက အမျိုးသားလွှတ်တော် နေရာမှာ ဦးခက်ထိန်နန်က ကျားဖြူပါတီကို အပြတ်အသတ် နိုင်လိုက်ပြီး ဆက်လက်ပြီးလည်း နောက် ကျန်မြို့နယ်တွေမှာ ကိုယ်စားလှယ်တွေအားလုံး အနိုင်ရမယ်လို့ ယုံကြည်စွာနဲ့ စောင့်စားနေတယ်လို့ ပါတီအဖွဲ့ဝင်တွေက ဆိုပါတယ်။
ကချင်ပြည်နယ်မှာတော့ အများစုမှာ ကြိုတင်မဲကလွဲလို့ ကချင်ပြည်သူလူထု အများစု မဲထည့်ခဲ့ကြတာကတော့ တစညပါတီနဲ့ NDF ပါတီတို့ ဖြစ်တယ်လို့ ပြောပါတယ်။